Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စာအုပ်သစ် မျှော်လင့်ချက်သစ်၊ လမ်းသစ်

*****************************************

ဆောင်းပါးကဏ္ဍ

စာအုပ်သစ် မျှော်လင့်ချက်သစ်၊ လမ်းသစ်

ကျော်ဝင်း

(ဇန်နဝါရီလထုတ် The Waves အတွဲ (၁) အမှတ် (၁၂) တွင်မှ ထုတ်ယူဖော်ပြသည်။)

စာအုပ်သစ်

ယခုရက်ပိုင်းအတွင်း သိသိသာသာ စာရေးကျဲသွားသည်။ မရေးဖြစ်သလောက်ပင်ရှိသည်။ စာအုပ်သစ်တစ်အုပ်ကို ကြိုးစားပမ်းစား ‘ဖြို’      နေရသောကြောင့် ဖြစ်ပါသည်။ စာအုပ်ကြီးမှာ  နည်းနည်းနောနောမဟုတ်။ စာမျက်နှာ ၅၀၀ ကျော်ဆိုက်ကြီး။ အကြောင်းအရာမှာလည်း ကျယ်သလား နက်သလား မမေးနှင့်။ ‘လူသားအကြိုကာလမှ ပြင်သစ်တော်လှန်ရေးသို့’ (From Prehuman Times to the French Revolution) ဟူ၍ ပင် ဒုတိယ ခေါင်းစဉ်တပ်ထားသည်။ ဤမျှရှည်လျားထွေပြားလှသော သမိုင်းဖြစ်စဉ်ကြီးအတွင်း၊ နိုင်ငံရေးဖွံ့ဖြိုးမှု၏ မဏ္ဍိုင်များ (တနည်း နိုင်ငံရေးအစီအစဉ်) အဆင့်ဆင့် ဖွံ့ဖြိုးမှု၏ မဏ္ဍိုင်များ (တနည်း နိုင်ငံရေးအစီအစဉ်) အဆင့်ဆင့်ဖွံ့ဖြိုးပုံကို ဆန်းစစ်လေ့လာထားသော ကျမ်းကြီးဖြစ်သည်။ နာမည်ကျော် ဖရန်စစ် ဖူးကူးယားမား၏ ယခုနှစ် (၂၀၁၁) ထုတ် စာအုပ်သစ် ‘The Origins of Political Order’ ဖြစ်ပါသည်။

ကျမ်းရှင် ဖူကူးယားမးက၊ ဆိုခဲ့ပါခရီးရှည်ကြီးကို အဆင့်နှစ်ဆင့်ခွဲပြသည်။ ‘သဘာဝ၏ ပေးကမ်းစာကိုသာ ရှာဖွေစားသောက်ကြရသော အမဲလိုက် အစုလေးများ’ (Small groups of hunter-gathers) မှ၊ ဆွေးမျိုးသားချင်းကို အခြေခံသော ‘မျိုးတူစုများ’ (tribes) အဖြစ်သို့ စုစည်းလာသည်က ပထမအဆင့်။ ဒုတိယအဆင့် မှာ အဆိုပါမျိုးတူစုများမှ ‘ခေတ်စ်နိုင်ငံတော်’ (modern state) အဖြစ် အဆင့်ဆင့် ဖြစ်ထွန်းလာပုံဖြစ်သည်။ ကျမ်းရှင်က ပထမအဆင့်ကို ‘နောက်ခံ ကားအဖြစ်သာ ခင်းပြပြီ၊ ဒုတိယအဆင့်ကို အနုစိတ်ဖွင့်ဆိုသည်။ အထူးသဖြင့် နိုင်ငံရေးမျက်နှာစာ၏ မဏ္ဍိုင်သုံးရပ် (နိုင်ငံတည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ) တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးလာပုံနှင့်၊ အဆိုပါမဏ္ဍိုင်များ စီးပွားရေးမျက်နှာစာအပါအဝင် ကျန်မျက်နှာစာများ နှင့် အပြန်အလှန်ချိတ်ဆက် ကျေးဇူးပြုကြပုံများကို၊ မတူသော နိုင်ငံများ၏ အတွေ့အကြုံများဖြင့် ဆက်စပ်ခြေရာခံပြသည်။

ပထမမဏ္ဍိုင် ‘နိုင်ငံတည်ဆောက်ရေး’ (State building) ၏   ကျေးဇူးပြုမှုမှာ ‘ဆွေးမျိုးသားချင်းသိစ္စာ ခံမှုထက်ကျော်လွန်သော နိုင်ငံတော်အပေပပါ် သစ္စာခံမှု’ကို   ဖန်တီးတည်ဆောက်ပေးနိုင်ခြင်းဖြစ်သည်။ တနည်းဆိုလျှင် ‘ညီနောင်သားချင်များ၏ နိုင်လိုမင်းထက်အုပ်စိုးမှု’ (tyranny of cousin) ကို ထိန်းချုပ် ပေးသည်။ ‘သန်းစွမ်းသောအစိုးရ’ (Strong government) ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ကျမ်းရှင်က ဤသမိုင်းအဆင့်အတွက်၊ တရုတ်ပြည် ချင်မင်းဆက်ကို မှတ်တမ်းတင်သည်။ သို့တိုင်အောင် နိုင်ငံတော် အာဏာစက်လွန်ကဲလာရာမှ၊ ‘အုပ်စိုးသူများ၏ နိုင်လိုမင်းထက်ကြီးစိုးမှု’ (tyranny of rulers) ပေါ်လာပြန်ရာ၊ ဒုတိယမဏ္ဍိုင် ‘တရား ဥပဒေစိုးမိုးမှု’ (rule of the law) ဖြင့် ထိန်းရထေရပြန်သည်။ ဤသမိုင်းအဆင့်အတွက်မူ၊ ကျမ်းရှင်က အန္ဒိယတိုက်ငယ်နှင့် အရှေ့ အလယ်ပိုင်းကို အမှတ်ပေးသည်။

သို့နှင့်တိုင် ဆိုခဲ့ပါမဏ္ဍိုင်နှစ်ရပ်ရှိရုံမျှနှင့်၊ ‘ပတိရူပ’ မဖြစ်နိုင်သေးဟု ကျမ်းရှင်က မှတ်ချက်ပြုပါသည်။ လူထု၏ဆန္ဒကို ထင်ဟပ်၍ လူထုအကျိုးစီးပွားကို ကိုယ်စားပြုနိုင်သော၊ ‘တာဝန်ခံမှုရှိသည့်အစိုးရ’ (accountabl e government) ရှိဖို့လိုသည်ဟု ဆိုသည်။ အဆိုပါ တတိယမဏ္ဍိုင်ဖွံ့ဖြိုးရေးကိုမူ သမိုင်းတွင် တာထွက်စောခဲ့ သော တရုတ်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းတို့ တာယန်မယူနိုင်ခဲ့။ ပြင်သစ်တော်လှန်ရေးနှင့် စက်မှုတော်လှန် ရေးတို့၏  မွေးရပ်မြေဖြစ်ခဲ့သော ဥရောပနိုင်ငံများကသာ၊ တည်ဆောက်ရေးအတွက် သဘာဝကျစွာပုံဖော်နိုင်ခဲ့သည်။ ဆိုခဲ့ပြီးသော မဏ္ဍိုင် သုံးရပ်သည်ပင်၊ ခေတ်သစ်ဒီမိုကရက်တစ်နိုင်ငံတော် မဖြစ်မနေထူထောင်ရမည့် ‘ကျင့်ထုံး’သုံးရပ်၊ သို့မဟုတ် အင်စတီကျူးရှင်း သုံးရပ်ဟု၊ ကျမ်းရှင်ဖူကူးယားမားက ကောင်ချက်ဆွဲပါသည်။

ဆိုခဲ့ပါ ကျင့်ထုံးသုံးရပ်၊ သို့မဟုတ် အင်စတီကျူးရှင်းသုံးရပ်ကို တည်ဆောက်ရာတွင်၊ မိမိသက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပကတိအရှိမှအစပြုရမည်ဟု ဆိုထားပြန်ရာ၊ စာရေးသူမှာ ဖတ်ရမှတ်ရသမျှကို လက်လှမ်းမီသမျှ နိုင်ငံသမိုင်းအပေါ်တင်ကြည့်ရပြန်သည်။ နှစ်ပေါင်း ၈၀၀ ကျော်မျှကြာသော မြန်မာ့ပဒေသရာဇ် သမိုင်းတွင်၊ ခေတ်သစ်နိုင်ငံတော်၏ ပထမမဏ္ဍိုင်ဖြစ်သော သန်စွမ်းသည့်အစိုးရကို ထူထောင်နိုင်ခဲ့သည်မှာ သုံးကြိမ်မျှသာ ရှိခဲ့သည်။ (အနော်ရထာ၊ ဘုရင့် နောင်နှင့် အလောင်းမင်းတရားလက်ထက်) ကျန်အချိန်များတွင်မူ၊ ထီးပြိုင်နန်းပြိုင်မင်းငယ်များအဖြစ်သာ ရှိခဲ့ရသည်။ ကံမကောင်း အကြောင်းမလှစွာပင်၊ တ်ေသစ်နှင့်ထိတွေ့ခွင့်ရခဲ့သည်မှာလည်း၊ ကိုလိုနီဘဝရောက်တော့မှ ဖြစ်သည်။ သည်တော့လည်း ပထမမဏ္ဍိုင်နှစ်ရပ် (သန်စွမ်းသောအစိုးရ၊ တရားဥပဒေ စိုးမိုးရေး)ကိုမူ ပီပီသသ မရခဲ့ပါချေ။ လွတ်လပ်ရေးရအပြီးတွင်၊ မဏ္ဍိုင်သုံးရပ်ဖွံ့ဖြိုးရေးအတွက် လမ်းပွင့်လာခဲ့သော်လည်း၊ ပြည်တွင်းစစ်နှင့် တိုးခဲ့ရပြန်၍ ထင်တိုင်းမပေါက်ဖြစ်ရပြန်သည်။ ၁၉၆၂ နောက်ပိုင်း တွင်ကား နိုင်ငံရေးလမ်းကြောင်းပြောင်သွားရာမှ၊ ဖွံ့ဖြိုးရေးနှင့် ဝေးသထက်ဝေးရတော့သည်။ သည်လိုနှင့် မဏ္ဍိုင်သုံးရပ်ဖွံ့ဖြိုးရေးကို၊ သုညမှ စရမလိုရှိတော့သည်။ ‘ဟူး…..မောစရာကြီးပါလား’

မျှော်လင့်ချက်သစ်

ဤစာအုပ်ကြီးဖတ်ပြီးခါစ တစ်နေ့(၁၈ နိုဝင်ဘာ ၂၀၁၁) ချိန်ခါသင့်စွာပင် မင်္ဂလာသတင်းသုံးခုကို တစ်ပြိုင်နက်တည်း ကြားလိုက်ရရာ၊ အမောတွေ ပြေရုံမျှမက မျှော်လင့်ချက်အသစ်တွေ ပြန်ဝေလာသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ မှတ်ပုံတင်မည်၊ ရွေးကောက်ပွဲတွေ ဝင်တော့မည် ဆိုသော သတင်းနှင့်၊ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ သေချာသလောက် အလားအလာကောင်းနေပြီဆိုသော သတင်းများဖြစ်ပါသည်။ ပြောရလျှင် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း၊ မင်္ဂလာသတင်းတွေကို ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် ကြားလိုက်ရခြင်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင်၊ အဆိုပါမင်္ဂလာသတင်းအားလုံး၏ မြစ်ဖျားခံရာမှာ၊ ၂၀၁၁ရွေးကောက်ပွဲကို၊ ၁၉၇၄ မှ စတင်ခဲ့သည့် ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်း၏ နှောင်းပိုင်းကလာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခ ဖိလစ်ပီရှမစ်ထာက ‘သတ်မှတ်ပြဋ္ဌာန်းပြီးအပြောင်းအလဲ’ (imposed transistion) ဟု သတ်မှတ်သည်။ တည်ဆဲအီလစ်များကိုယ်တိုင်က အခြေအနေတစ်ခုသတ်မှတ်ပြီး၊ အပြောင်းအလဲကို ပုံဖော်သွားလိမ့်မည်ဟု ဖွင့်ပြ သည်။ မြန်မာပြည်တွင်၊ ဤအပြောင်းအလဲကို တပ်မတော်က ဦးဆောင်ပါသည်။ ဤပုံစံအပြောင်းအလဲတွင် ၁။ ‘ဖြေလျှော့ရေးအဆင့်’ (Liberlization) ၂။ ‘ကူးပြောင်းရေးအဆင့်’ (transistion)နှင့် ၃။ ‘ခိုင်မာစေရေးအဆင့်’ (consolidation) ဟူ၍၊ ယေဘုယျ အဆင့်သုံးဆင့် ရှိလိမ့်မည်ဟုလည်း ပါမောက္ခ ရှမစ်ထာက အကဲဖြတ်သည်။ ပထမအဆင့်တွင် ‘ကြမ်းရှသော အော်တိုကရေစီ’ (rigid autocracy) မှ ခွာ၍၊ ‘ပျော့ပျောင်းသော အော်တိုကရေစီ’ (liberalized autocracy) သို့ ရွှေ့လာလိမ့်မည်။ ဒုတိယအဆင့်တွင် ခေတ်သစ်ဒီမိုကရက်တစ်နိုင်ငံတော်သို့ ဦးတည်သော ကျင့်ထုံးများ (အင်စတီကျူးရှင်းများ) ပုံဖော်ပြီး၊ တတိယအဆင့်တွင် ခိုင်မာအောင် တည်ဆောက်ကြဖို့ဖြစ်လိမ့်မည်ဟု သရုပ်ခွဲပြသည်။ ‘အခွာ၊ အကူး၊ အခိုင်’ဟု အကြမ်းအားဖြင့် ဆိုနိုင်ပါလိမ့်မည်။

စာရေးသူက၊ အဆိုပါ ‘အခွာ၊ အကူး၊ အခိုင်’တွင် ဒီမိုကရက်တစ်အင်အားစုများအတွက် ‘လုပ်ရှားခွင်’ (space) ရနိုင်စရာရှိသည်ဟု မြင်သည်။ ဤအမြင် ဖြင့်ပင် ရွေးကောက်ပွဲကို စဉ်းစားသင့်ကြောင်း ပြောခဲ့ရေးခဲ့သည်။ သို့နှင့်တိုင်၊ NLD က အကြောင်းသုံးခုဖြင့်၊ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတို့ ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခု၏ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ကို လေးစားရမည်ဖြစ်သည့်တိုင်၊ NLD ပါတီ၊ ဥပဒေဘောင်အတွင်း တရားဝင် ရှင်သန်ရပ်တည်ရေးအတွက်မူ၊ အမှန်ပင် စိုးရိမ်မကင်း ဖြစ်မိသည်။ စာရေးသူက NLD ကို ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးထုတ်လိုက်သော နိုင်ငံရေးအင်အားစုအဖြစ် မြင်သည်။ ဤလိုပါတီမျိုး ကို တရားဝင် လှုပ်ရှားခွင်အတွင်း ရှိစေချင်သည်။

ရွေးကောက်ပွဲအပြီး အပြောင်းအလဲများသည်ကား၊ စာရေးသူ မျှော်လင့်ထားသည်ထက်ပင် မြန်ဆန်သွက်လက်နေတော့သည်။ သမ္မတသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်။ ဆင်းရဲမှုတိုက်ဖျက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ။ မြစ်ဆုံ ဆုံးဖြတ်ချက်ဆိုလျှင်၊ စာရေးသူတစ်သက် ပထမဆုံးကြုံဖူးသော ‘လူထု လိုလားချက်ကို အစိုးရဘက်မှ လိုက်လျောလိုက်ခြင်း’ ပင်။ တစ်ပြိုင်နက်တည်းပင်၊ လွှတ်တော်အဆင့်ဆင့်မှာလည်း အင်ပြည့်အားပြည့် လှုပ်ရှားလာရာ၊ နှစ်ပေါင်း ၅၀နီးပါး ပျောက်ဆုံးသလိုရှိနေသော ဒီမိုကရေစီဝိဉာဉ်ကို ပြန်တွေ့လိုက်ရသလိုရှိသည်။ နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက၊ ထောက် ကွက်တစ်ခု လိုဖြစ်နေသော၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကိုပင် ပြင်ဆင်ပေးလိုက်သည်။ ဤသို့ ပြောင်းလဲလာသာ အခြေအနေသစ်များအပေါ် ဆုံးဖြတ် ချက်အသစ် ထွက်လာဟန်ရှိပါသည်။ ဤအတွက် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD၏ အသေမကျသော ‘ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း’ (flexibility) ကို လေးစား အသိအမှတ် ပြုကြရမည်ဖြစ်သလို၊ သမ္မတကြီး ဦးဆောင်သော အစိုးရသစ်၏ ‘သဘောထားကြီးမှု’ (tolerance)နှင့်၊ အမြော်အမြင်ကိုလည်း ကျေးဇူးတင် တန်ဖိုး ထားကြရမည် ဖြစ်ပါသည်။

ဤသို့သော ပျော့ပျောင်းမှုနှင့်၊ ဤသို့သော အမြော်အမြင်မျိုးဖြင့်သာ ဆက်လက်ကြိုးပမ်းကြမည်ဆိုလျှင်၊ လွတ်လပ်ရေးနှင့်အတူ သက်ဆိုးရှည်ကြာ လှပြီဖြစ်သော ပြည်တွင်းစစ်မီးကိုလည်း၊ မကြာမတင် ငြှိမ်းသတ်နိုင်လိမ့်မည်ထင်ပါသည်။ ပြောရလျှင် နောက်ဆက်တွဲ သတင်းနှစ်ပုဒ် (ဟီလာရီကလင်တန် သတင်းနှင့် အာဆီယံဥက္ကဋ္ဌသတင်း)တို့မှာ၊ ပထမသတင်း (NLD ဆုံးဖြတ်ချက်) နှင့် ရွေးကောက်ပွဲလွန် အခင်းအကျင်းသစ်များ၏ အကျိုးဆက်ပင် ဖြစ်တန်ရာ သည်။ စာရေးသူတို့ နိုင်ငံအတွက်၊ နှစ်ပေါင်း ၂၀မျှ လက်လွှတ်ဆုံးရှုံး ရသလိုဖြစ်နေခဲ့သော၊ နိုင်ငံတကာ သိမှတ်လက်ခံမှု တနည်း ‘တရားနည်းလမ်းကျမှု’ (legitimacy) ပြန်လည် လာတော့မည့်နိမိတ်ဟု သဘောရပါသည်။ ဤအတိုင်းသာဆိုလျှင်၊ မြန်မာ့ခေတ်သစ်သမိုင်းတွင်၊ တကြိမ် တစ်ခါသာ ရရှိခဲ့ဖူးသော ဖက်ဆစ်တော်လှန်ရေးကာလ ညီညွတ်မှုမျိုး၊ ဒုတိယအကြိမ် ရှင်သန်လာနိုင်လိမ့် မည်ထင်သည်။ ‘မင်္ဂလာရှိပေစွ……’။

လမ်းသစ်

၂၀၁၀ စာရင်းဇယားများအရ၊ ကမ္ဘာပေါ်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့်နိုင်ငံများ၏ အချိုးအဆမှာ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံး ပေါင်း၏ ၆၀ % ဝန်းကျင်ရှိသည်ဟု သိရပါသည်။ ဤနိုင်ငံများ ကို စတင်းဖို့တက္ကသိုလ်မှ ပါမောက္ခ လာရီဒိုင်းမွန်းက၊ ‘ရွေးကောက်ပွဲဒီမိုကရေစီ’ (Electoral democracy) နယ်ပယ်ထဲ ချဉ်းနင်းဝင်ရာက်လာပြီဟု သတ်မှတ်သည်။ ဤအထဲတွင် စာရေးသူနိုင်ငံလည်းပါသည်။ သို့တစေ၊ တည်ငြိမ်ရင့်ကျက်သော ဒီမိုကရေစီ၊ တနည်းခေတ် ဒီမိုကရက်တစ်နိုင်ငံတော်အဖြစ် ပီပီပြင်ပြင်တည်ဆောက် ပြီးသည့် နိုင်ငံအရေအတွက်မှာ၊ ဤမျှလောက် မရှိသေးပါ။ ဆိုခဲ့ပြီးသော ၂၀၁၀ စာရင်းအရ၊ ၄၀% နီးပါးမျှသာ ရှိသေးသည်။ သို့အတွက် ရွေးကောက်ပွဲဒီမိုကရေစီရရှိပြီး နိုင်ငံများအနေနှင့်၊ တည်ငြိမ်ရင့်ကျင့်သော ခေတ်မီ ဒိမိုကရက်တစ် နိုင်ငံတော် ဖြစ်လာစေရန်၊ ဆက်လက်လုံးပမ်းဖို့ လိုလိမ့်မည်ဟု လာရီဒိုင်းမွန်းက သတိပေးထား ပါသည်။

ပြောရလျှင် ရှေ့ဆက်ရမည့် ဤခရီးလမ်းမှာလည်း၊ ကမ်းမမြင် လမ်းမမြင် မဟုတ်တော့ပါ။ ဆိုခဲ့ပြီး သောကျမ်း (The Origins of Political Power) မှာပင်၊ ကျမ်းရှင် ဖူးကူးယားမားက၊ ရွေးကောက်ပွဲကို ဒီမိုကရေစီမှ ရင့်ကျင့်သော ဒီမိုကရေစီသို့မ, တင်ပေးနိုင်သည့် လီဗာ ၅ ချောင်းကို ယခုလို အညွှန်းပေးပြီး ဖြစ်သည်။

(၁) စီးပွားရေးတိုးတက်မှု (Economic growth)

(၂) နိုင်ငံတည်ဆောက်ရေး (State building)

(၃) တရားဥပေဒစိုးမိုးရေး (Rule of Law)

(၄) ဒီမိုကရေစီ (Democracy)

(၅) လူမှုနိုးကြားမှု (Social mobalization) တို့ဖြစ်သည်။

တမျိုးသားလုံး စည်းလုံးညီညွှတ်စွာဖြင့်၊ အဆိုပါ ကုတ် (၅) ချောင်းကိုသာ ပြိုင်တူမ,ကြလျှင်၊ ခေတ်မီ ဒီမိုကရက်တစ်နိုင်ငံတော်သစ်ဆီသို့ အသေအချာ ဦးတည်မည့် လမ်းကြောင်းသစ်တစ်ခု၊ အမှန်ပင် ဖောက်နိုင်လိမ့်မည်ဟု အာမခံထားသည်။

ဖူးကူးယားမားညွှန်းသော အဆိုပါလမ်းသစ်၏ ဦးတည်ရာကို၊ စာရေးသူက စိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိသည်။ ဤနေရာ ဤဒေသတွင်၊ တိုင်းရင်းသား အားလုံး ညီရင်းအကိုစိတ်ဓာတ်ဖြင့်၊ ဥပမကွဲသိုက်မပျက် ရှိနေကြမည်။ စီးပွားရေးဖွံ့ဖြိုးမှု၏ အသီးအပွင့်အဖြစ်၊ အဆင့်မြင့်ပညာရေးနှင့် အကောင်းဆံး ဘဝအရည် အသွေးကို၊ လူတိုင်းကိုယ်စီ ခံစားနိုင်ကြမည်။ တရားဥပဒေ၏ ရှေ့မှောက်တွင် လူတိုင်းလူတိုင်း တန်းတူညီမျှစွာ ရှိစေရမည်။ တူညီသော အကျိုးစီးပွားအတွက်၊ နိုင်ငံသားများကိုယ်တိုင် စည်းရုံးလှုပ်ရှားကြသော အရပ်ဘက်အဖွဲ့အစည်းများ၊ လွတ်လွတ်လပ်လပ် ရှင်သန်နေမည်။ ပြီး ‘ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သိုအစဉ်’ ဆိုသော ဆရာငြိမ်း (မြို့မငြိမ်း) ၏ မင်္ဂလာတေးသံကို သူတို့အားလုံး သံပြိုင်သီဆိုနေကြပါလိမ့်မည်။ အချုပ်ဆိုရလျှင် ဗုဒ္ဓာမြတ်စွာ ဟောကြားတော်မူသော မင်္ဂလာတရားတော်မှ ‘ပတိရူပလူ့အဖွဲ့အစည်း’ (ပညာဖြင့် ထုံမွှမ်းသော လူ့ဘောင်) ဖြစ်ပါလိမ့်မည်။

          ယခုအခါ အသက်ခြောက်ဆယ်နီးပြီဖြစ်သော စာရေးသူတစ်ယောက် ‘အိုဇာတာ’ ကောင်းတော့မည် ထင်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment