yangonchronicle2011 Op-Ed |
၅.၁.၂၀၁၂
ဆောင်းပါးကဏ္ဍ
- အစိုးရတစ်ရပ်၏ တရားဝင်မှု
*************************************************************************
ဆောင်းပါးကဏ္ဍ
အစိုးရတစ်ရပ်၏ တရားဝင်မှု
နိုင်ငံတစ်ခုသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှုရှိသည်ဆိုခြင်းမှာ ယင်းနိုင်ငံ၏ အရပ်ရပ်သောဖွံ့ဖြိုးရေးအတွက် များစွာ အရေးပါသည့်အတွက် နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံပြုပုဂ္ဂိုလ်တိုင်းအမြဲပင် အလေးထားသုံးသပ်ဖြည့်တင်းနေရမည့် အရာတစ်ခုပင်ဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံမှာ ပြည်တွင်းတွင်ရော၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှုမရှိ၊ တနည်းဆိုရလျှင် တရားဝင်မှုအကျပ်အတည်း(Legitimate crisis) နှင့် ကြုံတွေ့နေခဲ့ရသည်။ သို့သော် အာဆီယံဒေသတွင်းနိုင်ငံများကတော့ ယင်းတို့နိုင်ငံများ၏ စီးပွားရေးအကျိုးစီးပွားအတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးသည့်အနေဖြင့် အနောက်နိုင်ငံများ၏ ရပ်တည်ချက်နှင့်ဆန့်ကျင်ကာ မြန်မာနိုင်ငံအားအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးအပြီး အရပ်သားတစ်ပိုင်းဦးသိန်းစိန်အစိုးရ အာဏာရလာပြီးနောက်ပိုင်းတွင်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စစ်မှန်သော အပြောင်းအလဲတိုင်းတွင် တွေ့ရတတ်သည့် တရားဝင်အသိအမှတ်ပြုမှုကို ပြည်တွင်းတွင်ရော၊ နိုင်ငံတကာကပါ ပေးအပ်လာခဲ့သည်။ ယင်းမှာလည်း နိုင်ငံတော်အကြီးအကဲများအပါအဝင်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ စနစ်တကျ ဝိုင်းဝန်းပျိုးထောင်ခဲ့သည့် ရလဒ်ပင်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပါတီတစ်ရပ်ဖြင့် ရပ်တည်နိုင်အောင် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေများပြင်ဆင်သတ်မှတ်ခဲ့ခြင်းတို့သည် အစိုးရတစ်ရပ်၏ တရားဝင်မှုကို တိုးမြှင့်ခဲ့စေသောလုပ်ဆောင်ချက်များပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှု အပြည့်ရှိသည့် ပုဂ္ဂိုလ်၏ အရှိန်အဝါကြောင့်လည်းဖြစ်သလို နိုင်ငံတော် အကြီးအကဲများ နိုင်ငံရေးစေတနာကြောင့်လည်း ဖြစ်ပါလိမ့်မည်။
အာဆီယံအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် လိုလိုလားလား ပေးအပ်လာခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဆက်လက် အကောင်အထည်ဖော်ရန် သွယ်ဝိုက်၍ တိုက်တွန်းသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှု ပိုမိုရှိလာနိုင်သောကြောင့်ဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၏ အကျိုးစီးပွားများ ဆုံစည်းရာနိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ စီးပွားရေးအရ သော်လည်းကောင်း၊ နိုင်ငံတကာနိုင်ငံရေးအင်အား ထိန်းညှိရေး၌သော်လည်းကောင်း အချက်အချာကျသည့် နေရာတွင်ရှိနေသည့် မြန်မာနိုင်ငံကို ယင်းသို့တွန်းအားပေးခြင်းသည် အာဆီယံဒေသတွင်းနိုင်ငံများအတွက် အကျိုးစီးပွားဖြစ်ထွန်းသလို မြန်မာနိုင်ငံအတွက် အကျိုးစီးပွား ဖြစ်ထွန်းသည့် မဟာဗျူဟာကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်သည်။
သို့နှင့် နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှုကိုမည်သည့် ပေတံများနှင့် တိုင်းတာမည်ဟူသောမေးခွန်းမှာ သုံးသပ်ဆွေးနွေးသင့်သည့် ကိစ္စရပ် တစ်ခုပင်ဖြစ်သည်။ စာရေးသူအနေဖြင့် သတ်မှတ်ထားသည့် နိုင်ငံတစ်ခု၏ တရားဝင်မှုလက္ခဏာများမှာ ယေဘူယျအားဖြင့် နိုင်ငံရေးအရတရားဝင်မှု၊ စီးပွားရေးအရတရားဝင်မှုနှင့် အုပ်ချုပ်ရေးအရတရားဝင်မှုတို့ပါဝင်ပါသည်။ ယင်းတရားဝင်မှုအမျိုးအစားများကို လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ် ထွန်းနေသော အရပ်ရပ်အခြေအနေများကိုသရုပ်ခွဲစိစစ်ကြည့်မည်။ ပထမဦးဆုံး နိုင်ငံရေးအရတရားဝင်မှုကို ကြည့်လျှင် တရားဝင်မှု အထိုက်အသင့်ရှိလာပြီဟုဆို၍ ရနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအားလုံးကို လွှတ်တော်တွင်းနိုင်ငံရေးတွင် အားလုံးပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့ရာ ယခုအခါတွင် လက်နက်ကိုင်အဖွဲ့အစည်းအများစုနှင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးနိုင်သည် အထိအောင်မြင်မှု ရရှိခဲ့ပြီးဖြစ်သည်။ ထိုအတွက်ကြောင့် အစိုးရ၏ နိုင်ငံရေးအရတရားဝင်မှု ယခင်ကထက်ပိုမိုရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများအပြည့်အဝလွှတ်ပေးရေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာအခြေအနေများနှင့် တွေ့ကြုံနေရပြီဟုဆိုချင်ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ နိုင်ငံရေးအကျဉ်းသားတော်တော်များများကို လွှတ်ပေးမည်ဟူသောစကားနှင့် နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာလွှတ်ပေးခဲ့သည့် လက်တွေ့ဖြစ်ရပ်များကြောင့်ဖြစ်သည်။
ဒုတိယအားဖြင့် စီးပွားရေးအရတရားဝင်မှုမှာ အချိန်အတိုင်းအတာတစ်ခုအထိအချိန်ကိုက် အကောင် အထည်ဖော်ရမည့် ဖြစ်စဉ်ကြီးပင် ဖြစ်သည်။ စီးပွားရေးအရလွန်စွာ ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံအဖို့ နိုင်ငံ၏ စီးပွားရေးတည်ဆောက်ရာတွင် လုပ်ဆောင်စရာအိမ်စာများ များစွာကျန်ရှိနေဦးမည်သာဖြစ်သည်။ စားအုန်းဆီတင်သွင်းမှု လက်ဝါးကြီးအုပ် လုပ်ဆောင်မှုကိုရပ်ဆိုင်းခြင်း၊ ကားတင်သွင်းခွင့်များ ရရှိလာခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သော်ငြားလည်း နိုင်ငံ၏ စီးပွားရေးကြီးတစ်ခုလုံးကို မြှင့်တက်သွားစေသည့် စီးပွားရေးအရ အဂ္ဂဗျူဟာများကိုအစိုးရမှ ချမှတ်နိုင်ခြင်း မရှိသေးသည်တွေ့ရပါသည်။ အထူးသဖြင့် ငွေလဲနှုန်းလို ကိစ္စရပ်မျိုးကို ယနေ့ပြင်ဆင်ပြောင်းလဲလျှင် ယနေ့ဖြစ်နိုင်လျက် မူဝါဒရေးရာ ဆွေးနွေးမှုများတွင်သာ တဝဲဝဲလည်နေပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေးခြင်းပင်ဖြစ်သည်။ ထို့အပြင် ပို့ကုန်တင်ပို့မှုလို နိုင်ငံ၏ ဝင်ငွေတိုးတက်စေသည့် ကုန်သွယ်မှုမူဝါဒများတွင်လည်း အခွန်လွတ်အနေအထားမျိုးဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့နေရသေးသည်။ အထက်ပါအချင်းအရာများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာစီးပွားရေးတရားဝင်မှုသည် နိုင်ငံရေးတရားဝင်မှု ရရှိရေးထက် ပိုမိုခက်ခဲစွာကျော်လွှားရမည့် အနေအထားပင်ဖြစ်သည်။
နောက်ဆုံးအုပ်ချုပ်ရေးအရတရားဝင်မှုတွင် အဓိကထားပြောရမည့်အရာမှာကား တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။ ယခင်ရှိခဲ့ပြီးသော ဥပဒေများအပါအဝင် လွှတ်တော်တွင် အသစ်ပြဋ္ဌာန်းလိုက်သောဥပဒေသစ်များ၊ ပြင်ဆင်လိုက်ပြီဖြစ်သောဥပဒေများ အသက်ဝင်ဖို့ဆိုသည်မှာ အုပ်ချုပ်ရေး စွမ်းဆောင်ရည်၏ အဓိကတာဝန်ယူဆောင်ရွက်ရမည့် အရာပင်ဖြစ်သည်။ ထို့အပြင် အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးပင်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများ အရည်အသွေးရှိမှသာလျှင် အထက်ကချမှတ်သည့် မူဝါဒများကို တရားဥပဒေနှင့်အညီ ပြည်သူများအား ပြည်သူရေးရာဝန်ဆောင်မှုကောင်းများကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။ အုပ်ချုပ်ရေးညံ့ဖျင်းလျှင် တရားဥပဒေလည်း စိုးမိုးမှု ရှိမှာမဟုတ်သလို နိုင်ငံရေးတည်ဆောက်ရေးပန်းတိုင်လည်း ရောက်ရှိရန်ခဲယဉ်းနေဦးမည်ဖြစ်သည်။
စာရေးသူသုံးသပ်ထားသည့် အထက်ပါ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတရားဝင်မှု သုံးမျိုးကို အစိုးရသစ်အနေဖြင့် တစ်ခုချင်းစီကို ယခင်ကထက် တရားဝင်မှုရှိလာအောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့လျှင် မြန်မာနိုင်ငံမှာ များမကြာမီနှစ်များတွင် ပြည်တွင်းတွင်ရော၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ တရားဝင်မှု ပိုမိုရှိလာမည်ကို ယုံကြည်စေချင်ပါသည်။
*************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.