Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကောင်းစေချင်၊ ပြောင်းစေချင် စိတ်တွေနဲ့

*******************************

ဆောင်းပါးကဏ္ဍ

ကောင်းစေချင်၊ ပြောင်းစေချင် စိတ်တွေနဲ့

နောင်ကျော်

(ဇန်နဝါရီ ၅ ထုတ် Popular News အတွဲ(၄) အမှတ် (၁) မှ ထုတ်ယူဖော်ပြသည်)

၂ဝ၁၁ ခုနှစ်ကို  မြန်မာပြည်ရဲ့ ခြေလှမ်းကောင်းတွေစလှမ်းတဲ့နှစ်လို့ အတော်များများက ပြောနေကြတယ်။ တချို့ကလည်း အဲဒီ ခြေလှမ်းတွေဟာ ခြေလှမ်းကောင်း ဟုတ်၊မဟုတ်ကို စောင့်ကြည့်ရဦးမယ်လို့ ပြောကြတာလည်း ရှိတယ်။ တချို့ကတော့ အရင်အစိုးရတွေရဲ့ လုပ်ရပ်တွေကို ထောက်ပြပြီး သင်္ကာမကင်းတဲ့အမြင်နဲ့ စိုးရိမ်တကြီး ပြောကြတာလည်း ရှိတယ်။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ထုံးစံအတိုင်းပဲ မတူကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိလာ တတ်တာဟာ သဘာဝလို့ ပြောရမှာပါ။ ဘယ်သူမှ မငြင်းကြတဲ့ ကိစ္စကတော့ အခုလက်ရှိ အစိုးရဟာ အရင်အစိုးရလို မဟုတ်ဘူးဆိုတာပါပဲ။ လွှတ်တော်နှစ်ခုနဲ့၊ သမ္မတနဲ့၊ ဝန်ကြီးချုပ်တွေနဲ့၊ အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရဖြစ်လာပြီဆိုတာရယ်  အသိအမှတ်ပြု လက်ခံထားကြတာပဲ ဖြစ်ပါတယ်။

ပြောင်းလာတာတွေ

အခုအစိုးရသစ် လက်ထက်မှာ သမ္မတကအတိုက်အခံခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးပွဲကို  အစိုးရ ဘက်ကရော၊ အတိုက်အခံ ပါတီဘက်ကပါ အဆိုးမြင်တဲ့ မှတ်ချက်ပေးသံမျိုး မကြားရဘူး။ အစိုးရဘက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ကူးလူးဆက်ဆံ မှုတွေ ရှိလာတယ်။ သမ္မတနဲ့ဆွေးနွေးကြတဲ့ကိစ္စကို သတင်းအနေနဲ့ပဲဖော်ပြပြီး ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စရဲ့ ခေါင်းစဉ်တွေကိုတော့ သတင်းထုတ်ပြန်ခဲ့ တယ်။ ဒီလိုကိစ္စတွေဟာ အရင်အစိုးရလက်ထက်က မလုပ်ခဲ့ဖူးတဲ့ကိစ္စမျိုးလို့ ပြောရင်ရတယ်။ အရင် အစိုးရခေါင်းဆောင်နဲ့၊ ဝန်ကြီးနဲ့ အတိုက် အခံ ပါတီခေါင်းဆောင်နဲ့ တွေ့ခဲ့တာတွေ ရှိခဲ့ပေမယ့် အစိုးရသာ ပြောင်းသွားခဲ့တယ်။ အခြေအနေက အပြောင်းအလဲမရှိဘူး။ အခုအစိုးရ လက်ထက်မှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်ခြေတွေ ရှိလာပြီလို့ ပြောကြဆိုကြတာရှိတယ်။ တချို့က ပြောင်းလဲလာပြီလို့ပြောတယ်။ ဘာတွေ ဘယ်လိုပြောင်းလဲလာခဲ့ပြီလဲ။ ပြောင်းလဲလာပြီလို့ပြော လို့ရနိုင်တာတွေက ဘာတွေလဲ။ ဘာတွေကတော့ အရင်အတိုင်းပဲလို့ ပြောစရာဖြစ်နေသေးလား။ ၂ဝ၁၁ဟာ၂ဝ၁ဝနဲ့ မတူခဲ့တာကတော့ သေချာပါတယ်။ မတူတဲ့အခြေအနေ ဖြစ်လာတာတွေထဲမှာ အဓိကအချက်က တော့၂ဝ၁၁ ထဲမှာ အရပ်သားအစိုးရပေါ်လာတာနဲ့ အဲဒီအရပ်သား အစိုးရဘက်က အရင်အစိုးရနဲ့ မတူတဲ့ စကားတချို့၊ ခြေလှမ်းတချို့ကြောင့်လို့ ပြောရင်ရမယ်ထင်ပါတယ်။ ဒီစကားကို တချို့က စောဒကတက် နိုင်ပါတယ်။”အရင်က ယူနီဖောင်း ဝတ်အစိုးရ၊ အခုက အရပ်သားအစိုးရဆိုတော့ အရပ်သားအစိုးရက လုပ်ကိုလုပ်ရမယ့် အလုပ်တွေကို လက်ရှိအစိုးရက လုပ်တာပဲလေ။ အစိုးရချင်း မတူတော့ လုပ်တာကိုင်တာ၊ စဉ်းစားတာချင်းတော့ ဘယ်တူပါ့မလဲ” ဆိုပြီး စောဒကတက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို ပြောတယ်ဆိုရင်ပဲ အရင်နဲ့အခုက မတူဘူး ဆိုတာကို အသိအမှတ်ပြုပြီးသား ဖြစ်နေပါပြီ။ ပုံသဏ္ဌာန်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိမယ့် အခြေအနေ၊ အခင်းအကျင်းတွေရှိ လာအောင်တော့ လုပ်ဖို့ လိုတယ်ဆိုတာကိုတော့ အစိုးရဘက်ကရော၊ အတိုက်အခံတွေဘက်ကပါ နားလည်ထားကြပြီးသားပါ။ ဒီကြားထဲမှာ အသိခေါက်ခက်အဝင်နက်ပြီး ပုံသဏ္ဌာန် အပြောင်းအလဲနဲ့အတူ စဉ်းစားပုံ၊ လုပ်ကိုင်ပုံတွေ လိုက်မပြောင်းနိုင်ကြသူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော်က ဒီမေးခွန်းပဲ မေးနိုင်ပါတယ်။ အဖြေကိုတော့ အတွင်းသိ၊  အဆင်းသိတွေက ဖြေကြပါလိမ့်မယ်။ အစိုးရဘက်ကလား၊ အတိုက်အခံတွေဘက်ကလား။

 တွေ့တာကောင်းတယ်

မတူလို့ကွဲကြတာကနေ ဆန့်ကျင်ဘက်အနေအထားကို ရောက်ခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ကာလဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သက်တမ်းနဲ့အမျှပါပဲ။ မတူတာဟာ ဘက်ပေါင်းစုံမှ မတူတာလား။ တူတာတွေရော မရှိတော့ဘူးလားဆိုတာကို စဉ်းစားကြည့်ရုံနဲ့ မပြီးပါဘူး။ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေကြတဲ့ ဖက်နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးကြည့်မှ အတိအကျသိရမှာပါ။ အခုရှိနေတဲ့ နိုင်ငံရေးစနစ်ဟာ ပါတီစုံစနစ်ပါ။ ပါတီစုံဆိုကတည်းက တစ်ပါတီနဲ့ တစ်ပါတီရဲ့ ရည်မှန်းချက်ခြင်းက ကွဲပြားနေကြမှာ သေချာပါတယ်။ ရည်မှန်းချက်တွေချင်း မတူညီကြတဲ့ ပါတီတွေဟာ ပါတီစုံနိုင်ငံရေးစနစ်အောက်မှာ အတူယှဉ်တွဲ ရပ်တည် ခွင့်ရှိပါတယ်။ အဲဒီအတိုင်းလည်း ရပ်တည်နေကြတယ် လို့ပြောရင်ရပါတယ်။ ဒါဆိုရင် တခြားသော ပါတီအဖွဲ့အစည်းတွေပါ အဲဒီပါတီစုံ နိုင်ငံရေးစနစ်အောက်မှာ လွတ်လပ်ပြီး အာမခံချက်ရှိရှိနဲ့ ရပ်တည်နေနိုင်ကြဖို့၊ စည်းရုံးလှုပ်ရှားနိုင်ကြဖို့ လိုအပ်တယ်ဆိုတာ မပြောဘဲနဲ့ သိပြီးသားဖြစ်နေလိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက် အရင်ကတည်းက ပဋိပက္ခဖြစ်နေခဲ့တဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့လိုတယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးညှိနှိုင်းမှုတွေရဲ့ လတ်တလောအဖြေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲတာပါပဲ။ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆိုသူတွေ၊ ထောက်ခံသူတွေ ရှိသလို သဘောမတူသူတွေ၊ စိုးရိမ်သူတွေ၊ ဆန့်ကျင်သူတွေလည်းရှိကြတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ်လာရင် အမြင်အမျိုးမျိုး၊ သဘောထားပုံ အမျိုးမျိုး ရှိလာတတ်တဲ့ သဘာဝကိုပဲ ပြန်ပြောရမယ် ထင်ပါတယ်။ ကြိုဆိုသူတွေထဲမှာ အစိုးရအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေ ပါဝင်နေတယ်ဆိုတာကိုလည်း သတိထား မိပါတယ်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေ၊ အာရှက တရုတ်၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တွေလည်း စကားလုံးကွဲပေမယ့် ခပ်သွက်သွက် ကြီးပဲကြိုဆိုခဲ့ကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲက သဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေပြီးဆုံးသွားပြီလို့ ဘယ်သူကမှ မပြောကြပါဘူး။ အစိုးရအဖွဲ့ကလည်း မပြောခဲ့ဘူး။ အတိုက်အခံ အင်အားစုတွေဘက်ကလည်း မပြောဘူး။ နိုင်ငံတကာကလည်း မပြောခဲ့ကြပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အစပျိုးတဲ့ ခြေလှမ်းအနေနဲ့ပဲ သဘောထားခဲ့ကြ၊ ကြိုဆိုခဲ့ကြ၊ လမ်းဖွင့်ခဲ့ကြတာပါ။ ဒါဟာ မတွေ့ဘဲ နေတာထက်တွေ့တာ ကောင်းတယ်။ တွေ့ပြီး ဆွေးနွေးညှိနှိုင်းကြတာ ကောင်းတယ်ဆိုတဲ့ အမြင်သဘောထားကို အတည်ပြုလိုက် တာလည်း ဖြစ်ပါတယ်။

မကောင်းမှန်းသိရင်ပြောင်း

              အဲဒီကာလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းနေကြတယ် ဆိုတာရယ်၊ တချို့အဖွဲ့တွေနဲ့ စစ်ရပ်စဲရေး (အပစ်အခတ်ရပ်စဲရေး) လုပ်နိုင်ခဲ့ပြီ ဆိုတာရယ်ကို ဖတ်နေကြားနေရတယ်။ တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ လက်နက် ကိုင်ပြီး တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြဿနာရဲ့အရင်းခံအကြောင်းကတော့ နိုင်ငံရေးပြဿနာပဲ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ အပစ်အခတ်ရပ်စဲနိုင်ခြင်းဟာ ပြဿနာကို ယာယီဖြေရှင်းတာပဲဆိုတာကိုလည်း အားလုံးနားလည်ပြီးသားပါ။ အခြေခံကျတဲ့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ကြရင် စစ်ပွဲတွေ ပြန်ဖြစ်လာတတ်တယ်ဆိုတာကို လည်းသက်ဆိုင်တဲ့ ကာယကံရှင်တွေအားလုံးက တွေ့ခဲ့ကြုံခဲ့ဖူးပြီးသားပါ။ လွတ်လပ်ရေးရပြီး ကတည်းက ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့တာကို သမိုင်းဖတ်ဖူးသူတိုင်း သိကြပါတယ်။ ဥပဒေတွင်းမှာ အငြင်းအခုံ၊ အကွဲအပြဲတွေ ဖြစ်ကြ၊ ဥပဒေပြင်ပမှာ စစ်ပွဲတွေ ဖြစ်ခဲ့ကြနဲ့ အနှစ် ၆ဝ ကျော်ကြာလာချိန်မှာ ဘယ်သူတွေပဲ တကယ်အကျိုးရှိခဲ့ဖြစ်ခဲ့ပါသလဲ။ ပြည်သူတွေမွဲပြီး တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့တာပဲ။ အဖတ်တင် ကျန်ခဲ့တာမဟုတ်လား။ ပညာရေး လူစဉ်မမီ၊ စီးပွားရေး လူစဉ်မမီ၊ ကျန်းမာရေးလူစဉ်မမီတဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ဘဝနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ ဇောက်ထိုးကျခဲ့ရတာ မ&