Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ဧပြီတွင် Sanctions များရုတ်သိမ်းနိုင်ကြောင်း ဝီလျံဟေ့ဂ် မျှော်လင့်ချက်ပေး

(The Telegraph မှ 6 Jan 2012 ရက်စွဲပါ William Hague raises prospects of sanctions being lifted by April သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ဒီမိုကရေစီအတွက် ချိန်ခွင်လျှာညှိမှု

(8 January 2012 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော Burma Balancing act ကို ဘာသာပြန်ဆိုသည်။)

*******************************************************************************

ဧပြီတွင် Sanctions များရုတ်သိမ်းနိုင်ကြောင်း ဝီလျံဟေ့ဂ် မျှော်လင့်ချက်ပေး

(The Telegraph မှ 6 Jan 2012 ရက်စွဲပါ William Hague raises prospects of sanctions being lifted by April သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စစ်မှန်ကြောင်း ပြသမည်ဆိုပါက အီးယူက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူဒဏ်ခတ်မှု sanctions များ ဧပြီလတွင် ရုတ်သိမ်းပေးဖွယ်ရှိသည့် အလားအလာကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ်က ကမ်းလှမ်းလိုက်သည်။

ဧပြီလတွင် ပြုလုပ်မည့် အီးယူ နိုင်ငံခြားရေးကောင်စီ အစည်းအဝေးတွင် Sanctions များ သက်တမ်း တိုးရန် သင့်/မသင့် မဆုံးဖြတ်မီ မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများကို အပြီးအစီးလွှတ်ပေးရန် မစ္စတာဟေ့ဂ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် သမတဦးသိန်းစိန်ကို တိုက်တွန်းလိုက်သည်။

အီးယူအစည်းအဝေးမကျင်းပမီ မြန်မာအစိုးရက သတ်မှတ်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်ဟု ဗြိတိသျှတာဝန်ရှိသူများက Daily Telegraph သို့ ပြောကြားသည်။ အီးယူကော်မတီက Sanctions ကိစ္စကို ပြန်လည်မသုံးသပ်မီ ဘရပ်ဆယ်သို့ လာရောက်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဝီလျံဟေ့ဂ်က တိုက်တွန်းထားသည်ဟုလည်း သိရှိရသည်။

သောကြာနေ့ အစောပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက သမတဦးသိန်းစိန်၏ “နောက်ပြန်မလှည့်သော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရာတွင် တုန့်နှေးနေခြင်းကို အဆုံးသတ်ရန် သတိပေးပြောကြားခဲ့သည်။

ကျွန်တော်တို့ရဲ့ ကဏ္ဍကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးအောင်၊ ဧပြီ ၁ ရက်မှာ လွှတ်လပ်ပြီး မျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပအောင်၊ တိုက်ပွဲဖြစ်တဲ့ ဒေသတွေကို လူသားခြင်းစာနာတဲ့ အကူအညီတွေ ရောက်ရှိနိုင်အောင် ဆက်လက်တိုက်တွန်း အားပေးသွားဖို့ပဲ ဖြစ်ပါတယ်”ဟု Hague က ဆိုသည်။

                ဝန်ကြီးတွေအားလုံးကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှာပါလို့ အတည်ပြုပြောဆိုကြပါတယ်။ ကျွန်တော်က သူတို့ကို ခပ်မြန်မြန် လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီနိုင်ငံက အဖြစ်အပျက်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေပြီး သဘောထားကို ပြင်ဆင်မွမ်းမံဖို့ လုပ်နေပါတယ်။ ဒါကြောင့် တုံဆိုင်းခြင်းမရှိပဲ ဆောင်ရွက်ပြီးမြောက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အီးယူက Sanctions ကိစ္စကို ဧပြီလမှာ ဆုံးဖြတ်မှာပါ။ ဒါ ကြောင့် ဒီက (မြန်မာ) အစိုးရအနေနဲ့ ဒီကိစ္စကို ခေါင်းထဲမှာ လေးလေးနက်နက်ထည့်ထားဖို့ ဆန္ဒရှိကြပါလိမ့် မယ်။

                တကယ်လို့ မြန်မာအစိုးရက သူတို့ကတိပြုထားတဲ့ လမ်းကြောင်းအတိုင်းဆက်လျှောက်တယ်ဆိုရင် ဗြိတိန်ကလည်း လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးအပေါ်အခြေခံတဲ့ ဆက်ဆံပုံအသစ်ကို ကမ်းလှမ်းဖို့ အဆင်သင့် ပါပဲ ဟု ဟေ့ဂ်က ထုတ်ဖော်ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘေးချင်းယှဉ်၍ ရပ်နေသော ဝီလျံဟေ့ဂ်က မြန်မာနိုင်ငံ၏ ကြီးမားသော အလားအလာအကြောင်းပြောဆိုခဲ့ပြီး အနာဂတ်တွင် များစွာတိုးတက် အောင်မြင်မည့် လမ်းစရှိနေသည်ဟု သုံးသပ်ပြောကြားသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် Sanctions များ အဆုံးသတ်လိုသော မြန်မာအစိုးရ၏ မျှော်လင့်ချက်များကို အားပေးရန် ကြိုးစားရင်းဖြင့်၊ အစိုးရ ကြေညာထားပြီးသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး အကျဉ်းသား ၂၀၀ မျှသာ လွှတ်ပေးခြင်းတို့သည် လုံလောက်မှုမရှိသေးကြောင်း သတိပေးပြောကြားသွားခဲ့သည်။

                ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စက အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ အချိန်မတန်ခင် ဖိအားကို လျှော့မပေးပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေပြောင်းလဲဖို့အတွက် မြန်မာအစိုးရက ဘာတွေလုပ်ပေးရမယ်ဆိုတာ ရှင်းနေပြီးသားပါ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ကျတဲ့ သူတွေ ရှိနေတုန်းပဲဆိုရင် ဒီနိုင်ငံကို မျှတတယ်။ ဒီမိုကရေစီရှိတယ်လို့ ပြောဖို့မဖြစ်နိုင်ပါဘူး။ တင်းကြပါတဲ့ အီးယူအရေးယူမှုတွေ ဖယ်ရှားပေးဖို့ဆိုရင် သူတို့ (နိုင်ငံရေး၊ အကျဉ်းသားများ)လွတ်မြောက်လာဖို့ အလွန်အရေးကြီးပါတယ်။ ဟု သုံးသပ်ပြောဆိုခဲ့သည်။

************************************************************************

မြန်မာ့ဒီမိုကရေစီအတွက် ချိန်ခွင်လျှာညှိမှု

(8 January 2012 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော Burma Balancing act ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိသော ၆၄ နှစ်မြောက်နေ့အပြီး နောက်တစ်ရက်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague သည် မြန်မာနိုင်ငံသားများ အမှန်တကယ်လွတ်လပ်ရေးရရှိရေး အတွက် အရှိန်မြှင့်နိုင်ရန် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးကတည်းက ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အမည်ခံ အရပ်သားအစိုးရသို့ အာဏာမလွှဲမီအထိ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝရှိနေခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ ထို့နောက် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် ပြုပြင်ပြောင်း လဲမှုများစတင်ရန်နှင့် အရပ်သားများပိုမိုလွတ်လပ်ခွင့်ရရေးအတွက် အားတက်ဖွယ်စိတ်အားထက်သန်မှုကို ပြသခဲ့သည်။

မစ္စတာဟေ့ဂ်သည် ၎င်း၏ နှစ်ရက်တာခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အခြား အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ ၎င်းခရီးစဉ်အပြီး ၎င်းက မြန်မာနိုင်ငံအပေါ်ဖိအားများအချိန်မတိုင်မီ ဖြေလျော့ပေးမည်မဟုတ် ဆိုသည်မှာ အရေးကြီးကြောင်း ပြောကြားခဲ့ရာ၊ Hague အနေဖြင့် လုံးဝမှန်ကန်သည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက လက်ရှိချမှတ်ထားသော အရေးယူမှုများနှင့် ပတ်သက်၍ Mr Hague က ပြောကြားရာတွင် “ကျွန်တော်တို့ရဲ့ မူဝါဒပြောင်းနိုင်ဖို့အတွက် မြန်မာအစိုးရ ဘာတွေလုပ်ပေးရမလဲ ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိတယ်ဆိုတာ အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အတိအကျသိရလျှင် ဥရောပသမဂ္ဂအရေးယူမှုများ မရုတ်သိမ်းမီ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ရန်နှင့် တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်နေသော ဒေသများတွင် လူသားချင်းစာနာသော အကူအညီများ ခွင့်ပြုရေးတောင်းဆိုမှုများပြုခဲ့ပါသည်။ ထို့အပြင် ၎င်းက မြန်မာအစိုးရအား လာမည့်ဧပြီလ(၁)ရက်ရွေးကောက် ပွဲများ လွတ်လပ်၍ တရားမျှတမှု နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြင်သာစေရန် တောင်းဆိုခဲ့သည်။ မြန်မာပြည်သူများလိုလားသော နိုင်ငံရေးလွတ်လပ်မှုနှင့် လူ့အခွင့်အရေးများတိုးတက်မှုအတွက် နောက်ထပ် တိုးတက်မှုများရှိပါက ဗြိတိသျှ အစိုးရအနေဖြင့် အပေါင်းလက္ခဏာ ဆောင်သော တုန့်ပြန်မှုများပြုလုပ်ရန် အသင့် ရှိကြောင်း အလေးအနက်ပြောခဲ့သည်။

ယခုချဉ်းကပ်မှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လာရောက်စဉ်က သဘောထားနှင့် တထပ်တည်းပင်ဖြစ်သည်။ အဆင့်မြင့်ခရီးစဉ်နှစ်ခုစလုံးသည် မြန်မာနိုင်ငံ၏ပြောင်းလဲမှုလမ်းကြောင်းကို ချီးမွမ်းရန်နှင့် မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက် အဓိပ္ပါယ်ရှိသော ခြေလှမ်းများ ပိုမိုလှမ်းနိုင်ရန် ဖိအားပေးရန် ဖြစ်သည်။

ဟီလာရီကလင်တန်နှင့် ဝီလျံဟေ့ဂ်တို့၏ အဆိုပါ ချိန်ညှိလုပ်ဆောင်မှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တသဘောတည်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်နှင့် အလုပ်လုပ်ရန်ကြိုးစားမှုသည် ကြိုး တန်းပေါ် လမ်းလျှောက်နေသကဲ့သို့ဖြစ်ပြီး ပြည်သူများ၏ မျှော်လင့်ချက်များ လိုလားချက်များ ပြည့်ဝစေရန်လည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် တိုင်းပြည်၏ ကာရှည်ကြာကရှိနေသော တိုင်းရင်းသား ပဋိပက္ခများကို အဖြေရှာရေးသည် အရေးကြီးသော ကိစ္စဖြစ်ပြီး၊ သို့မဟုတ်ပါက အားကောင်းသော ဒီမိုကရေစီကို ပုံဖော်ရာတွင် အလွန်ခက်ခဲမည် ဖြစ်ကြောင်း ဆိုခဲ့သည်။ နိုဘယ်ဆုရှင်သည် သူမအနေဖြင့် ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြုခဲ့သည်။

AF သတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်ပြောကြားခဲ့ရာတွင် ဒီမိုကရေစီ ကျသော ရွေးကောက်ပွဲများ တွေ့မြင်ရမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ သို့သော် စစ်တပ်မှ စစ်မှန်သော ပြောင်းလဲမှုများကို လက်ခံရန် ဆန္ဒပြင်းပြမှုသာ ပြုပြင် ပြောင်းလဲမှုများ အောင်မြင်မည်ကို သတိထားလျက်ရှိကြောင်း၊ ယခုနှစ် အဖြစ်အပျက်များသည် ထိုမေးခွန်း၏ အဖြေကိုပေါ်လွင်စေသင့်ကြောင်း သူမက ပြောကြားခဲ့သည်။ အဖြေအတွက် ထည့်သွင်းစဉ်းစားရမည့်စံများမှာ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲများ မည်သို့မည်ပုံ ကျင်းပသနည်းဆိုသည့် အချက်၊ သတင်းအချက်အလက်မည်မျှ လွတ်လွတ်လပ်လပ်ခွင့်ပြုသည်ဆိုသည့် အချက်နှင့် တရားဥပဒေစိုးမိုးရေး ဖြစ်တည်ရန် ခိုင်မာသော ခြေလှမ်းများလုပ်ဆောင်ခြင်းရှိမရှိတို့ပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီမံရေးဆွဲထားသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများသည် ဒေသခံတိုင်းရင်းသား အုပ်စုများ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ရေးသည် အလွန် အရေးကြီးကြောင်း ပြောခဲ့သည်။

ပြီးခဲ့သည့် အပတ်က ဧရာဝတီဝက်ဆိုဒ်တွင် ဖော်ပြထားရာ၌ မြန်မာအစိုးရအားလွန်ခဲ့သော နှစ်ပေါင်း (၆၀)ကတည်းက လက်နက်ကိုင် တိုက်ခိုက်ခဲ့သော KNU သည် ဒီဇင်ဘာ(၂၈)ရက်နေ့က အီတာလျံထိုင်းကုမ္ပဏီနှင့် တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ချက် (EIA) မပြီးမချင်း ထားဝယ်စီးပွားရေး အထူးဇုန်မှ ထိုင်းနယ်စပ်သို့ ၎င်းတို့ထိန်းချုပ်ထားသော ဧရိယာကို ဖြတ်၍ လမ်းဖောက်ခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ဟု ပြောခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက KNU သည် ကုမ္ပဏီအား လမ်းဖောက်ခြင်း လုပ်ငန်းများ ရပ်တန့်ရန် ဖိအားပေး ပြောကြားခဲ့သည်။ ထောင်ပေါင်း များစွာသော ရွာသားများ နေအိမ်များရွှေ့ပြောင်းပေးရပြီး အနုတ် လက္ခဏာဆောင်သော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်၍ ဖြစ်သည်ဟု ဆိုသည်။ အီတလျံထိုင်းကမူ ရွေ့ပြောင်းပေးသူများကို နစ်နာကြေးပေးရန် ကတိပြုပြီး၊ EIA အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယခင်ကလည်း ပြောခဲ့သည်။

တဖက်တွင်လည်း ဒီဇင်ဘာ(၂၈)ရက်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုအသစ်၏ လက္ခဏာ ဖြစ်ကြောင်း မှတ်မှတ်သားသား ဖြစ်ရသကဲ့သို့ လူတိုင်းလိုလားသော စီးပွားရေးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခြင်း သေချာစေရန် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတို့ကို အကာအကွယ်ပေးမှု လိုအပ်ပုံတို့အတွက် မျှတစေရန် စိန်ခေါ်မှုများကို သရုပ်ဖော်နေသကဲ့သို့ ဖြစ်သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment