Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စနစ်သစ်နှင့် ဆီလျှော်မှုရှိသည့် စွမ်းရည်

*****************************************

ဆောင်းပါးကဏ္ဍ

စနစ်သစ်နှင့် ဆီလျှော်မှုရှိသည့် စွမ်းရည်

ခေတ်တစ်ခေတ်မှ ခေတ်တစ်ခေတ်သို့ အကူးအပြောင်းတွင် အရေးကြီးဆုံးအရာမှာ ပြောင်းလဲလာသည့် ခေတ်နှင့်အညီအံဝင်ခွင်ကျ လှုပ်ရှားနိုင်စွမ်းပင် ဖြစ်သည်။ ပြောင်းလဲလာသည့် ခေတ်နှင့်ဆီလျှော်မှုနည်းသည့် အရည်အသွေးများနှင့် ထိုသမိုင်းခေတ်ကို ဖြတ်သန်းလျှင်တော့ ရည်မှန်းရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးပန်းတိုင်များသို့ ရောက်ရှိရန် ကြန့်ကြာနေမည်သာဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် ခေတ်ပြောင်းရာကို ဦးဆောင်သူ၊ စောင့်ကြည့်သူနှင့် မသိကြသူများဟူ၍ သုံးမျိုးသုံးစား ကွဲပြားလျက်ရှိကြသည်သာဖြစ်သည်။ ဦးဆောင်သူများမှာ ယင်းတို့ဖြတ်သန်းရာ သမိုင်းခေတ်အတွင်း လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအခက်အခဲ တော်တော်များများကို ကျော်လွှားရင်ဆိုင် ဖြတ်သန်းဖို့ ကိုယ်တိုင်အားထုတ်ကြိုးပမ်းသည့် ပညာတတ် အင်အားစုကြီး ဖြစ်သည်။ စောင့်ကြည့်သူများမှာ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းပြောင်းလဲမှုများကို ကိုယ်ကိုတိုင် ဝင်ရောက်မလုပ်ကိုင်သည့်တိုင် စိတ်ဝင်တစား အမြဲမပြတ် စောင့်ကြည့်နေသူများ ဖြစ်သည်။ မသိကြသူများမှာတော့ ခေတ်အပြောင်းအလဲကိုပင် ကိုယ်နှင့်မဆိုင်သည့် အရာဟူ၍ သဘောထားရှင်သန်ကြသူများ ဖြစ်သည်။

မြန်မာလူ့အဖွဲ့အစည်းသည် ယခုအခါတွင် ခေတ်ပြောင်းချိန်တစ်ခုကို ဖြတ်သန်းနေရသည့် အခါသာမယဖြစ်သည်နှင့် အညီပြောင်းလဲသွားသော ခေတ်နှင့်အညီ ရှိသင့်ရှိထိုက်သည့် သဘောထားများ ပြည်သူများတွင် ရှိနေပါ၏လောဟူသော မေးခွန်းမှာသုံးသပ် စဉ်းစားအဖြေရှာဖို့ရာ မေးခွန်းတစ်ခု ဖြစ်လာ လေသည်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲသွားသည့်တိုင် ပြည်သူများတွင် ဒီမိုကရက်တစ်အလေ့အထများ နည်းပါးသေးသည့်အတွက် ရင့်ကျက်သည့် ဒီမိုကရေစီအနေအထား ရောက်ရှိဖို့ရန် အချိန်ယူဖြတ်သန်းရဦးမည် ဖြစ်သည်။ သို့သော် ယခုလက်ရှိ ဖြစ်ထွန်းပြောင်းလဲနေသော နိုင်ငံရေး အခင်းအကျင်းများအရ ရွေးကောက်ပွဲဒီမိုကရေစီနှင့်တော့ ရင်းနှီးကျွမ်းဝင်မှု ရှိတန်သလောက်ရှိနေပြီဟူ၍ ကောက်ချက်ချ၍ရပါသည်။ ဤသို့သော အရပ်ရပ် အခြေအနေမျိုးတွင် ခေတ်တစ်ခေတ်ကိုပြောင်းလဲရန် ကြိုးစားနေသည့် ပညာတတ်အင်အားစုကြီး၏ အရည်အသွေးကိုလည်း လေ့လာဆန်းစစ်ဖို့ လိုအပ်လာပါ တော့သည်။ မြန်မာပညာတတ် အင်အားစုကြီးမှာ အပြောင်းအလဲကိုလိုလားသော လူ့အဖွဲ့အစည်းကို ပိုမိုပွင့်လင်းသည့် အခြေအနေအထား ရောက်ရှိရန် တစ်ဦးချင်းအရည်အသွေးများကို မြှင့်တင်မှုကို အားပေးသော အင်အားစုကြီးဖြစ်ပါသည်။ သို့သော် မြန်မာလူ့အဖွဲ့အစည်းအတွင်း ယင်းပညာတတ် အင်အားစု ကြီးမှာ အားကောင်းကောင်းနှင့် ရှိသေးသည်တော့ မဟုတ်ပါ။ ထိုအတွက်ကြောင့် အရည်အသွေးမြင့် ပညာတတ်များမွေးမြူထုတ်ပေးနိုင်မှု ရှိ၊ မရှိဆိုခြင်းမှာ မြန်မာလူ့အဖွဲ့အစည်းအနာဂတ်လို ဖြစ်နေတော့သည်။

ပင်မရေစီးကြောင်း ပြောင်းလဲသွားပြီဖြစ်သည့် မြန်မာနိုင်ငံရေးတွင်လည်း အရည်အသွေးမြင့် နိုင်ငံပြု ပုဂ္ဂိုလ်များမွေးထုတ်ရေးမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍကြီးပင် ဖြစ်သည်။ ယခင် အာဏာပိုင် လက်ထက်နိုင်ငံရေးလမ်းကြောင်းမှာ တပ်မတော်အစိုးရကို ဆန့်ကျင်ရေးသည်သာ လိုအပ်သည့် အရည်အချင်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသည့် လှုပ်ရှားတက်ကြွသူအများစု၏ နိုင်ငံရေး အရည်အသွေးမှာ ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ အထူးသဖြင့် လူငယ်အများစုမှာ အားနှင့်မာန်ရှိသည်နှင့်အညီ အာဏာပိုင်အစိုးရကို ဆန့်ကျင်ခြင်းသည်သာ ၎င်းတို့၏ ပင်မနိုင်ငံရေးရေစီးကြောင်းကြီး ဖြစ်နေခဲ့ပါသည်။ ဤသည်မှာလည်း လူငယ်များ၏ အပြစ်မဟုတ်ပါ။ မြန်မာနိုင်ငံရေးယဉ်ကျေးမှုသာဖြစ်ပါသည်။ ခေတ်သစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်း ကြည့်လျှင် စိန်ခေါ်မှုပုံစံ၊ တိုက်ပွဲပုံစံ နိုင်ငံရေးသွေးတိုးစမ်းမှု များသည် ယခုခေတ် နိုင်ငံရေးဖြစ်စဉ်များအထိ အားကောင်းကောင်းနှင့် ရှိနေသေးသည့် နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်နေသည်။ လက်ဝဲစာပေများသည် မြန်မာနိုင်ငံခေတ်သစ်နိုင်ငံရေးသမိုင်းကိုပုံဖော်ရာ၌ များစွာအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်နှင့်အညီ လက်ဝဲအယူအဆများဖြင့် ဆုံးဖြတ်အကောင်အထည် ဖော်မှုများမှာ ယခုခေတ်အထိ အကင်းမသေနိုင် ဖြစ်လျက်ရှိသည်။ လက်ဝဲစာပေနှင့်အပြိုင် လက်ယာစာပေ များမှာ ခေတ်သစ်မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ထွန်းကားခဲ့ခြင်းမရှိ။ သက္ကရာဇ် ၂၀၀၀ ခုနှစ် နောက်ပိုင်းလောက်မှ  လူထုပညာတတ် စာရေးဆရာများ၏ မိတ်ဆက် ပေးမှုကြောင့်သော ခေတ်မီရေးနှင့်ဆိုင်သော၊ ဈေးကွက်စီးပွားရေးနှင့်ဆိုင်သော စာပေများကို ဖတ်ရှုခွင့် ရှိလာခဲ့သည်။ ဤသည်မှာလည်း အနည်းစုသာ ရှိနေပါသေးသည်။

ထိုကြောင့်တည်ဆဲအစိုးရ၏ အုပ်ချုပ်ရေးစနစ်ကြီးကို ဆန့်ကျင်ပြောင်းလဲလိုသည့် အရည်အသွေးများမှာ ယခုပြောင်းလွဲသွားပြီဖြစ်သည့် ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းနှင့် ကိုက်ညီမှုရှိပါလောဟု မေးစရာ ရှိလာပါသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းရှုထောင့်မှကြည့်လျှင် လူမှုလှုပ်ရှားမှုများအတွက် ဤ အရည်အချင်းမှာ လိုအပ်သည့် အရည်အချင်းတစ်ခုဖြစ်သည်ဟူ၍ ဆိုချင်ပါသည်။ သို့သော် လွှတ်တော်တွင်း နိုင်ငံရေးမှာတော့ ဤအရည်အချင်းမှာ ဆီလျှော်မှု မရှိသည့် အရည်အသွေးပင်ဖြစ်သည်။ ထို့အပြင် အသစ်ပေါ်ထွန်းလာသော လွှတ်တော်စနစ်မှာလည်း အင်္ဂလန်ပုံစံပါလီမန်စနစ် မဟုတ်ဘဲ အမေရိကန် ပုံစံ ကွန်ဂရက်စနစ်သာ ဖြစ်သည့်အတွက် လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များမှာ များစွာအရေးပါသည့်အလျှောက် တစ်ဦးချင်း အရည်အသွေး မြှင့်တင်ရေးမှာ အဓိကဖြည့်ဆည်းရမည့် အခန်းကဏ္ဍလို ဖြစ်လာခဲ့သည်။ ထိုကြောင့် နိုင်ငံရေးပါတီများတွင် ပါတီဝင်များ၏ အရည်အသွေးကို မြှင့်တင်မှုနှင့် ခေါင်းဆောင်မှု ရွေးချယ်ရာအပိုင်းသည် မြန်မာနိုင်ငံရေးပါရာဒိုင်း၏ ကူးပြောင်းမှု၏ မဟာဗျူဟာမြောက် ပွိုင့်တစ်ခု ဖြစ်လာခဲ့ပြီ။ အရည်အသွေးမြင့် ခေါင်းဆောင်များကို နေရာပေးမှုနှင့် ပါတီဝင်များအား အရည်အသွေးမြှင့်တင်မှုမှာ မြန်မာနိုင်ငံရေး အနာဂတ်အတွက် အရေးတကြီးလုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း…။

*****************************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment