Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. တောင်ကိုရီးယားသမ္မတ တရုတ်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိ

(BBC သတင်းဌာနမှ 9 Jan 2012 ရက်စွဲပါ South Korea's Lee Myaung bak in China for state visit ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်၏ အာရှစစ်ရေးမဟာဗျူဟာအပေါ် တရုတ်သတိပေး

(BBC သတင်းဌာနမှ 7 Jan 2012 ရက်စွဲပါ China warns US on Asia military strategy ကိုဘာသာပြန်ဆိုသည်)

*****************************************************************************

တောင်ကိုရီးယားသမ္မတ တရုတ်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိ

(BBC သတင်းဌာနမှ 9 Jan 2012 ရက်စွဲပါ South Korea's Lee Myaung bak in China for state visit ကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားနိုင်ငံသမ္မတ လီမြောင်ဘတ်သည် ဘေဂျင်းမြို့တော်သို့ ၃ ရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလျက်ရှိကြောင်း သိရသည်။ သမ္မတ လီမြောင်ဘတ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ဟူဂျင်တောင်နှင့် တွေ့ဆုံဆွေးနွေးမှုမပြုမီ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် Wu Bangguo နှင့်တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်ကွယ်လွန်သွားပြီးနောက် တောင်ကိုရီးယားနှင့် တရုတ် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး မစ္စတာ ဟူဂျင်တောင်က လီမြောင်ဘတ်အား နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာများအဆိုအရ ဘေဂျင်းအစိုးရ အနေဖြင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကိစ္စနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် ကမ်းလှမ်းဖွယ် ရှိသည်။

သမ္မတ လီမြောင်ဘတ်ကလည်း နှစ်နိုင်ငံအကြား မဟာဗျူဟာမိတ်ဖွဲ့မှုပြုလုပ်နိုင်မည့် နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးတွဲ လုပ်ဆောင်ရမည့်အရေးကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်း၏သမ္မတရုံးမှ ကြေညာချက်ကဆိုသည်။ လေ့လာ စောင့်ကြည့်သူများကမူ တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ဘေဂျင်းအစိုးရနှင့် အနီးကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ရယူလိုကြောင်း ပြောကြားသည်။ တရုတ်သည် မြောက်ကိုရီယား၏ ပင်မကုန်သွယ်ဘက်နှင့် မဟာမိတ်နိုင်ငံဖြစ်ပြီး ကွယ်လွန်သွားသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားဖြစ်သူ ကင်ဂျွန်အန် ခေါင်းဆောင်နေရာရရှိမှုကို ထောက်ခံထားသော နိုင်ငံလည်း ဖြစ်သည်။ ထို့ပြင် တရုတ်သည် ယခုအခါ ရပ်ဆိုင်းထားသည့် မြောက်ကိုရီးယားနျူကလီးယားစွန့်လွှတ်ရေးဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲ၏ ဥက္ကဋ္ဌရာထူးကို ယူထားသောနိုင်ငံလည်းဖြစ်သည်။

****************************************************************************

အမေရိကန်၏ အာရှစစ်ရေးမဟာဗျူဟာအပေါ် တရုတ်သတိပေး

(BBC သတင်းဌာနမှ 7 Jan 2012 ရက်စွဲပါ China warns US on Asia military strategy ကိုဘာသာပြန်ဆိုသည်)

ဝါရှင်တန်အစိုးရက အာရှပစိဖိတ်ဒေသအပေါ် ဖိုးကပ်စ်လုပ်သည့် ကာကွယ်ရေးဆိုင်ရာ သုံးသပ်ချက်တစ်ရပ်ကို ထုတ်ဖော်လိုက်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် မီဒီယာက အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တိုးချဲ့မှုအပေါ် သတိပေးတုံ့ပြန်လိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ ဆင်ဟွာသတင်းဌာန၏ အယ်ဒီတာ့အာဘော်တွင် အာရှဒေသတွင်း အမေရိကန်တို့ တည်ရှိမှုကို တိုးမြှင့်မည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစီအစဉ်သည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန် စစ်ရေးတိုးချဲ့မှုက သဘောထား ဖောက်ပြန်မှုများကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းမှုအပေါ် အန္တရာယ်ကျရောက်စေနိုင်ကြောင်း ရေးသားဖော်ပြထားသည်။

သမ္မတအိုဘားမား၏ အစီအစဉ်အရ လာမည့် ဆယ်စုနှစ်အတွင်း ကန်တပ်ဖွဲ့ထောင်ပေါင်းများစွာကို လျှော့ချမည်ဖြစ်သည်။ ထို့ပြင် အမေရိကန် ကွန်ဂရက်က စစ်သုံးစရိတ်လိုငွေလျှော့ချမည့် အစီအစဉ်ကို သဘောတူညီမှု မရှိခဲ့ရာ ယခုနှစ်ကုန်ပိုင်းအတွင်း စစ်သုံးစရိတ် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့် လျော့ကျသွားဖွယ်ရှိသည်။

အိုဘားမားက “အာဖဂန်နစ္စတန်တွင် စစ်ပွဲဒီရေကျဆင်းလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးပါဝါကို ပြန်လည်ဆန်းသစ်ရမည် ဖြစ်ကြောင်း” ပြောဆိုထားသည်။

ဒေသတွင်းအငြင်းပွားမှုများ

မည်သို့ပင်ဆိုစေ “အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ရဲ့တည်ရှိမှုကို ဆက်လက်အင်အားကောင်းမွန်သွားအောင် ပြုလုပ်မှာဖြစ်ပြီး ဘတ်ဂျက် လျှော့ချမည့်ကိစ္စက အဆိုပါအစီအစဉ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ” ဟု အိုဘားမားက ပင်တဂွန်တွင် သတင်းထောက်များကိုပြောကြားသည်။

ဆင်ဟွာသတင်းဌာနရေးသားချက်အရ အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ကိုင်ရာတွင် ကောင်းကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ တရုတ်အနေဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

သို့သော် အမေရိကန်အနေဖြင့် အာရှပစိဖိတ်ဒေသတွင်း စစ်ဘက်ရေးရာတည်ရှိမှု မြှင့်တင်နေစဉ်ကာလအတွင်း စစ်အင်အားပြသည့် လုပ်ရပ်များကို ရှောင်ကြဉ်သင့်ကြောင်း၊ ထိုသို့အင်အားပြမှုဖြင့် ဒေသတွင်းအငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ဆင်ဟွာက သတိပေး ရေးသားဖော်ပြသည်။ “အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ အာရှဒေသတွင်း စစ်ရေးဝါဒီကျင့်သုံးမှုကို လိမ္မာပါးနပ်စွာမပြုလုပ်ပါကကြွေထည်ဆိုင်ထဲ ရောက်သည့် နွားသိုးတစ်ကောင်တစ်ဖွယ်ဖြစ်လာနိုင်သည်။ ထို့ပြင် ဒေသတွင်းတည်ငြိမ်မှုကိုအကောင်အထည်မဖော်နိုင်ဘဲ ငြိမ်းချမ်းရေးပင် ထိပါးလာနိုင်သည်” ဟု ရေးသားထားသည်။

BBC သတင်းဌာနမှ အာရှရေးရာလေ့လာဆန်းစစ်သူ Charles Scanlon က အာရှဒေသအပေါ် ဖိုးကပ်စ်ထားရန် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်မှုသည် တရုတ်ပြည်အတွက် အံ့အားသင့်စရာဖြစ်ရပ်မဟုတ်ကြောင်းပြောကြားသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ဝါရှင်တန်အနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း၊ ဘေဂျင်းအစိုးရ အနေဖြင့်လည်း အမေရိကန်ရေတပ်ကို ဟန့်တားနိုင်ရေးအတွက် တာဝေးပစ်ဒုံးကျည်များ ထပ်မံ တပ်ဆင်ထုတ်လုပ်သင့်ကြောင်း တိုက်တွန်း ရေးသားထားသည်။

************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment