Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒီမိုကရေစီမှလွဲ၍ အခြားနည်းမရှိဟု ဦးရွှေမန်းပြောကြား

(AFP မှ 16 January 2012 ရက်စွဲပါ Top Myanmar official says democracy only way ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ပြောင်းလဲမှုအတွက် လက္ခဏာများ

(OTTAWA CITIZEN မှ 16 January 2012 ရက်စွဲပါ Signs of change in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာအတွက် မျှော်လင့်ချက်ရှိလာပြီလော

(The Washington Post မှ 15 January 2012 ရက်စွဲပါ Jennifer Rubin ရေးသားသော “Hope in Myanmar?” ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************************************

ဒီမိုကရေစီမှလွဲ၍ အခြားနည်းမရှိဟု ဦးရွှေမန်းပြောကြား

(AFP မှ 16 January 2012 ရက်စွဲပါ Top Myanmar official says democracy only way ကို ဘာသာ ပြန်ဆိုသည်)

အနောက်နိုင်ငံများ၏ ထောပနာပြုခြင်း ခံနေရသော ပြုပြင်ပြောင်းလဲမှုများစွာကို မြန်မာအစိုးရက ပြုလုပ်ခဲ့ပြီးနောက်တွင် အရေးပါသော အစိုးရ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးရွှေမန်းက ဒီမိုကရေစီကို အားပေးခြင်းမှလွဲ၍ အခြားနည်းမရှိဟု တနင်္လာနေ့က ပြောကြားလိုက်သည်။

“ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းနေတဲ့ အရင်စစ်ဖက်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံပါ။ ဒီကိစ္စဟာ မလွယ်ပါဘူး” ဟု လက်ရှိအစိုးရ အဖွဲ့တွင် အရေးပါသူတစ်ဦးဟု သတ်မှတ်ခံရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက အင်တာဗျူးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ဒါဟာ တကယ် မှန်ကန်တဲ့ အယူအဆပါ။ ဒီမိုကရေစီစနစ်ထက် ပိုကောင်းတဲ့ နည်းလမ်းမရှိပါဘူး။” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက နေပြည်တော်တွင် ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာဦးမလဲ ဆိုတာကို ပြောဖို့ အလွန်ခက်ပါတယ်။ အချိန်ကာလကို အတိအကျ မပြောနိုင်ပေမဲ့ ပန်းတိုင်ကို ရောက်ဖို့ အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံး ကြိုးစားအားထုတ်ကြမှာပါ။” ဟု ယင်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် မနှစ်က အာဏာ ရလာသော အရပ်ဖက်အစိုးရသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာကို တသီတတန်းပြုလုပ်ခြင်းဖြင့် ယင်းအပေါ် ပြစ်တင်ဝေဖန်သူများကိုပင် အံ့အားသင့်စေခဲ့သည်။

မကြာသေးမီက KNU လက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် တစ်ရက်အကြာ သောကြာနေ့က လူသိများ နိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်ကို လွှတ်ပေးခဲ့ခြင်းကို အနောက်နိုင်ငံများက ဝိုင်းဝန်းချီးကျူးထောပနာ ပြုခဲ့ကြသည်။ ကမ္ဘာကျော် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အခု အသစ်ဖြစ်ပေါ် တိုးတက်မှုတွေဟာ ဒီမိုကရေစီကူးပြောင်းမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အားဖြည့်ပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ သီအိုရီအတိုင်း အမြဲတမ်းဖြစ်လေ့ရှိတယ် ဆိုပေမဲ့လည်း သီအိုရီအတိုင်း မဖြစ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ဒီမိုကရေစီကူးပြောင်းမှုကို မထောက်ခံသူတွေရဲ့ တပ်မတော်အာဏာ သိမ်းမှု အန္တရာယ်ပါပဲ။ ဒီလို ပြန်မဖြစ်တော့ဘူးလို့ ကျွန်မတို့ အများကြီး မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကမူ တပ်မတော်က အာဏာပြန်သိမ်းမည်ဟူသော အယူအဆကို ငြင်းပယ်လိုက်ပြီး “အနာဂတ်မှာ ဒီလိုပြန်ဖြစ်ဦးမယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြည်သူလူထုနဲ့ နိုင်ငံရဲ့အခြေအနေကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက် နားလည်နေပါပြီ” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “တပ်မတော်ကလည်း ပြည်သူနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေကို ဖြည့်ဆည်းပေးဖို့ အပြင်းအထန် ဆန္ဒရှိနေပါတယ်။” ဟု ဦးရွှေမန်းက ဆက်လက်ပြောသည်။ “လာမယ့်ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိမယ်လို့ ကျွန်တော် အာမခံပါတယ်။ တကယ်လို့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်ဆိုရင် ဆွေးနွေးပြောဆိုနိုင်မယ့် အခွင့်အလမ်းကို ကျွန်တော်တို့ ရလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ စောင့်နေမှာပါ။” ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လျာထားသော အမတ်နေရာအရေအတွက်သည် အာဏာရပါတီ၏ လူများစုအင်အားကို ခြိမ်းခြောက်နိုင်ဦးမည် မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီ ပါဝင်လာမှုကြောင့် လွှတ်တော်၏ ယုံကြည်စိတ်ချနိုင်မှု သိက္ခာကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အစိုးရအဖွဲ့ရာထူးနေရာကို ရယူရန် အလားအလာ ရှိသော်လည်း အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်ကြောင်း” တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

*************************************************************************

မြန်မာနိုင်ငံမှ ပြောင်းလဲမှုအတွက် လက္ခဏာများ

(OTTAWA CITIZEN မှ 16 January 2012 ရက်စွဲပါ Signs of change in Burma ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကောင်းသတင်းများသည် လျင်မြန်စွာ ထွက်ပေါ်လာလျက်ရှိသည်။ အစိုးရက နာမည်ကြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပါလီမန်တွင် ဝင်ရောက်တော့မည်ဟု မျှော်လင့်ရသည်။

အစိုးရသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးဖြစ်နေသော ပဋိပက္ခများ ဖြစ်သည့် တိုင်းရင်းသား စစ်တပ်များနှင့် အပစ်အခတ်ရပ်စဲရန် ကြိုးစားလျက် ရှိသည်။ ကမ္ဘာကြီးသည် ယခင်ကလည်း မြန်မာနိုင်ငံတွင် ပြောင်းလဲမှုလက္ခဏာများကို တွေ့ခဲ့ရသော်လည်း ဖိနှိပ်မှုများဆီသို့ လျင်မြန်စွာ ပြန်သွားခဲ့သည်ချည်း ဖြစ်သည်။ အမြင်သာဆုံးဥပမာမှာ ၁၉၉ဝ ရွေးကောက်ပွဲ ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရခဲ့သော်လည်း စစ်အစိုးရက လစ်လျူရှုခဲ့ပြီး သူမကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ ထို့ကြောင့် ယခုနောက်ဆုံးပြောင်းလဲမှုများကိုလည်း သတိကြီးစွာဖြင့် အကောင်းမြင်သင့်လှပေသည်။ မြန်မာအစိုးရအပေါ် ထားရှိသော စီးပွားရေးအရ ဖိအားပေးမှုများအား အလျင်အမြန် ဖယ်ရှားရမည် ဖြစ်သည်။ ကနေဒါအပါအဝင် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ခဲ့သော နိုင်ငံများသည် မြန်မာအစိုးရပြုလုပ်ခဲ့သော ပြောင်းလဲမှုများကို ဆုချသော အနေဖြင့် နိုင်ငံရေးအရလည်းကောင်း၊ သံတမန်ရေးအရ လည်းကောင်း ဆက်ဆံရန် အချိန် ရောက်ပြီဖြစ်သည်။

ယခုအချိန်သည် အစိုးရ၏ ပြောင်းလဲမှုများအတွက် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးရမည့် အချိန်ဖြစ်ပါသည်။ နောက်ထပ် ဘာဖြစ်လာမည် ဆိုသည် ထားဦး၊ ပြီးခဲ့သည့်နှစ်များသည် မြန်မာနိုင်ငံအတွက် ထူးခြားသောနှစ်များ ဖြစ်သည်။ အပြောင်းအလဲဖြစ်နိုင်သည်ဟု သရုပ်ဖော်ပြခဲ့သည်။ နိုင်ငံတကာဖိအားများသည် ခြားနားမှုတစ်ခုခုကို ပြုလုပ်နိုင်ပါသည်။ ကနေဒါသည်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ထားခဲ့သည့်နည်းတူ မြန်မာအစိုးရ ဆန့်ကျင်သူများကို ပံ့ပိုးကူညီဖူးသည့် သမိုင်းကြောင်းရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါ၏ ဂုဏ်ထူးဆောင်နိုင်ငံသား ဖြစ်သည်။ ယခုလ လွတ်လာသော မင်းကိုနိုင်သည် ကနေဒါအေဂျင်စီဖြစ်သော Rights and Democracy မှ ချီးမြှင့်သော John Humphrey Freedom ဆုကို ၁၉၉၉ ခုနှစ်က လက်ခံရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများသည် အချိန်အတန်ကြာ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် အလှည့်အပြောင်းမှာ အမည်ခံ အရပ်သား သမ္မတသစ် ဦးသိန်းစိန်ကို သယ်ဆောင်လာသော အတုယောင် ၂ဝ၁ဝ ရွေးကောက်ပွဲဖြစ်သည်။ ဦးသိန်းစိန်သည် စစ်တပ်ချုပ်ကိုင်မှုများကို ဖယ်ရှားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်မည့်သူဟု ပြောရလောက်သည့်အနက် နောက်ခံအကြောင်းတရား တစ်စုံတစ်ရာ မရှိပေ။ သို့သော် နောက်ပိုင်းတွင် စောင့်ကြည့်လေ့လာသူများက ၎င်းအား F.W de Klerk နှင့်လည်းကောင်း၊ Mikhail Gorbachev နှင့်လည်းကောင်း နှိုင်းယှဉ် ပြောဆို လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်လာသည်။ ဟီလာရီ ကလင်တန်လည်း လာရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။ ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာအစိုးရက အကျဉ်းသား ရာပေါင်း များစွာကို လွှတ်ပေးပြီးသောအခါ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်မည် ဟုဆိုခဲ့သည်။

ယခုဖွင့်ပေးမှုအသစ်များမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆွဲဆောင်ရန်ထက် ကျော်လွန်၍ မြန်မာပြည်သူများ၏ လိုလားချက်များကို နားထောင်ရန် အမှန်တကယ်ကြိုးစားမည့်သဘော ရှိသည်။ အစိုးရသည် ၂ဝဝ၇ ခုနှစ်က ဆန္ဒပြပွဲကို သတိရနေလိမ့်မည် ဖြစ်ပြီး အာရပ်ကမ္ဘာမှ ပြည်သူလူထု၏ မကျေနပ်မှုကြောင့် အုံကြွ၍ သက်ရောက်မှုများကိုလည်း မြင်လိမ့်မည် ဖြစ်သည်။ အစိုးရသည် အများစုက ဆန့်ကျင်သော တရုတ်က ဆောက်လုပ်နေသည့် ရေကာတာကြီးကို ရပ်ဆိုင်းခဲ့သည်။ တိုင်းရင်းသားစစ်တပ်များနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ရရှိရန် ကြိုးပမ်းနေသည်။

ထို့အပြင် အစိုးရသည် စစ်တပ်ကို အမှန်တကယ် ချုပ်ကိုင်နိုင်ခဲ့ပြီလော ဆိုသည့်အချက်မှာ သံသယအချို့ ရှိနေပါသေးသည်။ အစိုးရသည် စစ်တပ်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အား မိမိကိုယ်ကို ကာကွယ်ခြင်းမှအပ ပစ်ခတ်ခြင်းများ ရပ်ဆိုင်းရန် ညွှန်ကြားပြီးနောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ အစိုးရ ယခု ပြသနေသော လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံသားအများစု ဘဝ ကောင်းမွန်ရေး လုပ်ပေးနေခြင်း မရှိသေးပေ။

သို့သော်မျှော်လင့်ချက်အတွက် အကြောင်းပြချက်များ ရှိနေပါသေးသည်။ ကနေဒါအတွက် ပြောင်းလဲမှုအတွက် ပိုမိုဖိအားပေးနိုင်ရန် ယင်း၏ မြန်မာနိုင်ငံ မူဝါဒကို ပြန်လည်ညှိနှိုင်းလုပ်ဆောင်ရန် ပြင်ဆင်ရေးအတွက် ကျိုးကြောင်း ဆီလျော်မှုများ ရှိပေသည်။

**************************************************************************

မြန်မာအတွက် မျှော်လင့်ချက်ရှိလာပြီလော

(The Washington Post မှ 15 January 2012 ရက်စွဲပါ Jennifer Rubin ရေးသားသော “Hope in Myanmar?” ကို ဘာသာ ပြန်ဆိုသည်)

The New York Times သတင်းစာတွင် “အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ပြုလုပ်နေသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများတွင် တိုင်းရင်းသားသူပုန်များနှင့် အပစ်အခတ်ရပ်စဲခြင်းနှင့် လွန်ခဲ့သော နာရီပိုင်းများအတွင်းက နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာ လွှတ်ပေးခြင်းများကြောင့် သံတမန်ဆက်ဆံရေးကို အပြည့်အဝပြန်လည် လုပ်ဆောင်ရန် သောကြာနေ့က ဆုံးဖြတ်ခဲ့သည်။ သို့သော် အစိုးရသည် အရေးယူမှု များကို ဖယ်ရှားပေးရန်ကိုကား မစဉ်းစားသေးပေ။” ဟု ဖော်ပြထားသည်။

လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ileana Ros-Lehtinen(R-Fla) က သောကြာနေ့က ကြေညာချက်တွင် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ အချို့အပိုင်းများကို ဖော်ပြရလျှင် -

ကျွန်မအနေဖြင့် အမေရိကန်အစိုးရမှ သံအမတ်ကြီးခန့်ထားခြင်း ကဲ့သို့သော မြန်မာအစိုးရအပေါ် လူသိရှင်ကြား အဓိက အလျှော့ပေးမှုများ အချိန်မတိုင်မီ လုပ်ဆောင်ခြင်းများအတွက် များစွာ စိုးရိမ်၍ မနှစ်သက်စွာ ခံစားရပါသည်။ အာဏာရှင်အား လိုက်လျောမှုများ အားလုံးသည် အချိန်မတိုင်သေးဟု ဆိုရပါမည်။ ကမ္ဘာကြီးအနေဖြင့် လာမည့် ဧပြီလ ရွေးကောက်ပွဲသည် ၂ဝ၁ဝ က မိမိတို့ တွေ့ခဲ့ရသော အတုအယောင်မျိုးမဟုတ်ကြောင်း စောင့်ကြည့်ရန် လိုအပ်ပါသည်။

အားလုံးက ကြိုဆိုကြပြီး လုပ်သင့်သည်မှာ ကြာပြီဖြစ်သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးခြင်းသည် အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများဆီသို့ ဦးတည်ကြောင်း ပြောရခက်ပါသေးသည်။

မြန်မာအစိုးရ၏ လက်ရှိ စစ်တပ်မှ တိုက်ခိုက်နေမှုများ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်နေမှုများနှင့် တိုင်းရင်းသားများအပေါ် ရက်စက်နေမှုများသည် မြန်မာနိုင်ငံအပေါ် မိတ်ဆွေအဖြစ်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်အဖြစ် လည်းကောင်း သတ်မှတ်ရန် စောလွန်းနေသးသည်ဟု ပြသနေသော သက်သေ သာဓကများ ဖြစ်ပါသည်။ အစိုးရနှင့် ကရင်သူပုန် KNU အကြား အကြိုသဘောတူညီမှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲခြင်း မဟုတ်သေးပေ။ လူ့အခွင့်အရေး အာမခံချက် ရရှိခြင်း မဟုတ်သေးပေ။ အကန့်အသတ်မဲ့ ဖိနှိပ်မှုများမှာ ထိုဒေသတွင်းတွင် ရှိနေပါသေးသည်။ ….

ဟု ပါရှိသည်။

သူမအနေဖြင့် ယခုအစိုးရကို လူ့အခွင့်အရေးလေးစားပြီး အရပ်သားများအား လွတ်လပ်ခွင့်ပေးသော ရွေးကောက်တင်မြှောက်ခံ ဒီမိုကရေစီ အစိုးရနှင့် အစားထိုးလဲလှယ်ပြီးသည်အထိ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်သူများ နှင့် စကားပြောခြင်းကို ရပ်ဆိုင်းရန် လိုလားလျက်ရှိသည်။ လွှတ်တော် အမတ် ဂျွန်မက်ကိန်းက သူမနှင့် ဆန့်ကျင်သော ယင်း၏ အမြင်ကို သောကြာနေ့က ကြေညာချက်၌ ဖော်ပြထားသည်။ အချို့ အစိတ်အပိုင်း များကို ဖော်ပြရလျှင် -

သမ္မတဦးသိန်းစိန် ယနေ့ ရာပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် အပေါင်း လက္ခဏာဆောင်သော တိုးတက်မှုဖြစ်စဉ် အတွက် အရေးကြီးပါသည်။ ယခုလွှတ်ပေးသူများတွင် နှစ်ကြာရှည် ထောင်ထဲတွင် ရှိနေသူများ၊ နာမည်ကြီးများနှင့် ဒီမိုကရေစီအတွက် သူရဲကောင်းများ ပါဝင်ရာ မိမိနှင့် နိုင်ငံတကာ သိုင်းအဝိုင်းမှ အခြားသူများအနေဖြင့် မြန်မာအစိုးရကို လွှတ်ပေးရန် အစဉ်တစိုက် တိုက်တွန်းခဲ့သူများ ဖြစ်သည်။ ထိုအမျိုးသား၊ အမျိုးသမီးများကို လွှတ်ပေးခြင်းသည် သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့်ပေးအပ်ထားသော ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်များကို ဆက်လက် ဖြည့်ဆည်းပေးနေသည်ဟု သရုပ်ပြနေခြင်း ဖြစ်သည်။

ကျွန်တော်သည် အစိုးရနှင့် KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သတင်းများကို သိရ၍ အားတက်ရပါသည်။ ထိုသို့ သဘော တူညီချက် အတွက် အကောင်အထည်ဖော်ခြင်းများသည် လူများစွာ၏ အသက်ကို သေစေခဲ့သော ကာလရှည်ကြာက ဖြစ်နေသည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အထောက်အကူပြုမည့် အရေးကြီးသော ခြေလှမ်းပင် ဖြစ်သည်။

ထိုသို့သော အပေါင်းလက္ခဏာဆောင်သည့် ခြေလှမ်းများနှင့်အတူ ကျွန်တော်သည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာအစိုးရနှင့် သံအမတ်ကြီး ဖလှယ်ခြင်းကဲ့သို့သော ပုံမှန်သံတမန်ဆက်ဆံရေး စတင်မည် ဖြစ်ကြောင်း ကြေညာချက်ကို ကြိုဆိုပါသည်။ ကျွန်တော်သည် လာမည့် အပတ်တွင် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် အရှေ့တောင်အာရှသို့ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ခရီးထွက်မည် ဖြစ်သည်။ အစိုးရ ခေါင်းဆောင်များနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်တစ်ဆင့် လုပ်ဆောင်ရမည့် ကိစ္စများ ဆွေးနွေးပြီး အမေရိကန်ကွန်ဂရက်က ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကူညီနိုင်သည်များကို ဆွေးနွေးမည်ဖြစ်သည် ဟု ပါဝင်သည်။

ယခုကိစ္စတွင် မက်ကိန်းနှင့် အိုဘားမားတို့သည် အသာရသည်ကို တွေ့ရပါသည်။ အိမ်ဖြူတော်၏ ဝါရင့် ဆီနိတ်တာတစ်ဦး (မက်ကိန်း၏ ရုံးမှ မဟုတ်)က “အကျဉ်းသားများလွှတ်ပေးမှုသည် ကြီးစွာသော လုပ်ဆောင်မှုဖြစ်ပြီး အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား တင်းမာသူများ အကြား ခက်ခဲစွာ ကြိုးပမ်းခဲ့ရကြောင်း ပေါ်လွင်ပါသည်။ ထို့ကြောင့် ယင်းတို့၏ လုပ်ဆောင်ခဲ့မှုအပေါ် ထိုက်ထိုက်တန်တန် ပြန်လည် ပေးအပ်ရန် အရေးကြီးပါသည်” ဟု ဆိုသည်။ အဆိုပါ အကြံပေးဆီနိတ်တာ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မှန်ကန်သော တုန့်ပြန်မှု ပြုလုပ်ခဲ့သည်ဟု ထင်ပါသည်။ “သံတမန်ရေးရာရ အသိအမှတ်ပြုမှုဟာ ကျွန်တော်တို့အတွက် အဓိက ဖဲတစ်ချပ်ပါပဲ။ ကျွန်တော့်အနေနဲ့ သတိထားပြီး စဉ်းစားရင် တရားမျှတတယ်လို့ ထင်ပါတယ်။ အာရှက မဟာမိတ်တွေနဲ့ မိတ်ဆွေတွေကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို ပျော်ရွှင်ကြည်နူးလိမ့်မယ် လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျွန်တော်သည် Foreign Policy Institute မှ ရှေးရိုးစဉ်လာလူ့အခွင့်အရေးလှုပ်ရှားသူ Ellen Bork ထံမှလည်း ကြားခဲ့ရသေးသည်။ သူမသည် အိုဘားမားအစိုးရကို သဘောကျသူမဟုတ်သော်လည်း သူမအနေဖြင့် အကျဉ်းသားများ လွှတ်ပေးမှုမှာ လေးစားလောက်ပြီး မြန်မာအစိုးရအတွင်း အာဏာလွန်ဆွဲမှု ရှိနေဆဲ လက္ခဏာများကိုလည်း အသိအမှတ် ပြုကြောင်း ဆိုသည်။

အစိုးရသည် သံအမတ်ကြီး ပြန်လည်ထားရှိပြီး မြန်မာအစိုးရကို ဖိအားဆက်လက်ပေးရန် စိတ်အား ထက်သန်လျက် ရှိသည်။ အိုဘားမားအစိုးရ၏ လုပ်ဆောင်မှုသည် လုံးဝကျိုးကြောင်း ဆီလျော်မှုရှိသည်။ မယဉ်ကျေးသော အစိုးရများအပေါ် လွှမ်းမိုးနိုင်ပြီး လိုရာခိုင်းစေနိုင်စွမ်း ရှိမည်ဆိုလျှင် ထိုစွမ်းအားကို အသုံးချသင့်ပါသည်။ အမေရိကန်အစိုးရ အတွက် ပြဿနာမှာ ပြောင်းလဲမှုအမူအကျင့်မပြသော အာဏာရှင်အစိုးရများအပေါ် ထိုသို့ လုပ်ဆောင်ရန် ဆန္ဒမရှိခြင်းပင် ဖြစ်သည်။ အကယ်၍ အစိုးရသည် တရုတ်၊ ရုရှားနှင့် အခြားဒီမိုကရေစီမဟုတ်သော နိုင်ငံများ၏ အမူအကျင့်များကို သေချာစွာ အကဲဖြတ်နိုင်ခဲ့ပါလျှင် တစ်စုံတစ်ရာတော့ ဖြစ်လာမည် ထင်ပါသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment