Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မားသားကြီးအပြီး ဘရာသားကြီးလည်း ဆင်းစေချင်

*****************************************

ဆောင်းပါးကဏ္ဍ

မားသားကြီးအပြီး ဘရာသားကြီးလည်း ဆင်းစေချင်

ယခုတစ်ကြိမ်  လွတ်ငြိမ်းချမ်းသာခွင့်က မြန်မာ့နိုင်ငံရေး အင်အားစုများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ စကားတစ်ခွန်းသာ ပြောဆိုခဲ့သည်။

“ ကျွန်မ ပြောပါတယ်၊ ဒီလူတွေ လွတ်ရမှာပါလို့၊ အခု လွတ်ပြီမဟုတ်လား’’

လူထုခေါင်းဆောင်၏ စကားသည် သူမနှင့် သမ္မတကြီးဦးသိန်းစိန်တွေ့ဆုံစဉ်က မည်သည့်သဘောတူညီချက်တွေ ရယူခဲ့သနည်းဆိုသည့် စကားကိုလည်း အဖြေပေးရာရောက်သည်။ ထို့အတူ သူမရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် သမ္မတကြီးဦးသိန်းစိန်ကို ရာနှုန်းပြည့် ယုံကြည်ပါဟု ပြောဆိုခဲ့ခြင်းများအတွက်လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်က သက်သေပြလိုက်ခဲ့ပြီဖြစ်သည်။ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရနှင့် ပူးပေါင်းသွားပြီ၊ နိုင်ငံရေး အကျဉ်းသားများကိစ္စတွင် တက်ကြွမှုမရှိတော့ဟူသည့် စွပ်စွဲပြောဆိုချက်များကိုလည်း ချေဖျက်ရာရောက်သလို Moral Person တစ်ဦးသည် ထိုကဲ့သို့ သေးသိမ်သည့်နိုင်ငံရေးမျိုးကို ဘယ်တော့မှမလုပ်ဟူသည်ကိုလည်း မျက်ဝါးထင်စေခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက NLD မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်းကို အခြေခံ၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြုလုပ် ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မြင်နိုင်ပါလိမ့်မည်။

သမ္မတကြီး ဦးသိန်းစိန်သည် ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကို ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ကြိုးစားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍  မြန်မာ့အသံ၊ မြဝတီ ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် “ ပုံသိန်းစိန်”ဟူသည့် စကားရပ်မှလွဲ၍ သမ္မတကြီးအနေဖြင့် အဆိုပါကိစ္စကို ပဏာယူခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ဆိုရလျှင် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် အစိုးရဟောင်း၏ ဆိုးမွေကြီးတစ်ခုဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများကိစ္စတွင် တတ်စွမ်းသမျှ ကြိုးပမ်းပေးခဲ့ကြောင်း အသိအမှတ်ပြုနိုင်ပါလိမ့်မည်။

၈၈ကျောင်းသားခေါင်းဆောင်ဟုဆိုသူ ဦးမင်းကိုနိုင်ကမူ ယခုလွတ်ငြိမ်းချမ်းသာခွင့်အတွက် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို ဖမ်းတာလဲ နိုင်ငံရေးအရပဲ၊ ပြန်လွှတ်တာလည်း နိုင်ငံရေးအရပဲ၊ ဒီနေ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာပါပြီ၊ ဒီလို ဖြစ်လာအောင် ကျွန်တော်တို့ဘက်က များစွာပေးဆပ်ခဲ့ရတယ်”

အာဏာရ အစိုးရက အတိုက်အခံကို ဖမ်းဆီးထောင်ချသည့် ကိစ္စရပ်သည် မြန်မာနိုင်ငံတွင်သာမက ဒီမိုကရေစီ ရင့်ကျက်သော နိုင်ငံအချို့ တွင်ပင် ရှိနေပါသေးသည်။ ကမ္ဘာအနှံ့ နိုင်ငံရေးအကျဉ်းသားများ ရှိနေပါသည်။ ထို့ကြောင့် ဦးမင်းကိုနိုင်ဆိုသလိုပင် ယခုကိစ္စအတွက် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသော stake holders အသီးသီးကို ကျေးဇူးတင်ရန် မလိုဟုပင် ဆိုရပေလိမ့်မည်။

တစ်ချိန်က ဦးမင်းကိုနိုင်နှင့် လိုက်တမ်းပြေးတမ်း၊ ဖမ်းတမ်းဆီးတမ်း ကစားခဲ့ရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကမူ “သမ္မတကြီးက အရမ်း ကောင်းပါတယ်၊ အခုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း လုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့တယ်၊ မြစ်ဆုံစီမံကိန်းလည်း တစ်ခါတည်း ဖျက်ချလိုက်တယ်၊ လက်ရှိသမ္မတကြီး ဆောင်ရွက်ချက်တွေက အင်မတန်ကောင်းတဲ့ ဆောင်ရွက်ချက်တွေပါ” ဟု အကောင်းမြင် ပြောဆိုခဲ့သည်။

သို့ရာတွင် ဦးမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားကမူ ပြောင်းလဲခြင်း မရှိဟု ယူဆရပုံရသည်။ ယခုပြန်လည် လွတ်မြောက်လာသည့် ၈၈ ကျောင်းသားများ အားလုံးက တွေ့ဆုံဆွေးနွေးရေးကို တလျောက်လုံး တောင်းဆိုလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရေးဟူသည့် မူဝါဒမှာ ၈၈ကျောင်းသားများ၏ မူဝါဒဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ဤတွင် စဉ်းစားရန်ရှိသည်မှာ ဦးမင်းကိုနိုင်တို့ အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရေရှည်ဝန်းရံနိုင်မည်လောဟူ၍ ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရယ်ဒီကယ်သမားများ၏ ပုံဖော်မှုကို တွေ့လာရ၍ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စက ရယ်ဒီကယ်လမ်းကြောင်းလိုက်သူများအနေဖြင့် သူမဘေးတွင် ပတ်လည်ဝိုင်း၍ လက်ရှိအစိုးရကို ဆန့်ကျင်ရေးဆိုသည့် လမ်းကြောင်းပေါ်ကို ဝိုင်းတင်ကြသည်။ ဒုတိယ ပင်လုံညီလာခံဟူသည့် အူကြောင်ကြောင်နိုင်သော လမ်းကြောင်းမျိုးတွေပင် ရှိလာခဲ့သည်။ သို့ရာတွင် ကြားဝင်စေ့စပ်သူတို့၏ စေတနာမှန်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥာဏ်ပညာကြီးမားမှုတို့ကြောင့်  NLD မှာ ရယ်ဒီကယ် လမ်းကြောင်းမှ ရုန်းထွက် နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးမှုက ရယ်ဒီကယ်တို့၏ ရည်ရွယ်ချက်ကို ပျက်စီးစေသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဓိကမဏ္ဍိုင်ကြီးတစ်ခု လွှတ်တော်နိုင်ငံရေးထဲ ရောက်သွားလျှင် ဂျင်းရှပ်နည်းနာတွေနှင့် ယဉ်ပါးသူ ရယ်ဒီကယ်တို့ အနေဖြင့် နိုင်ငံရေးခွက်ပျောက်ကိန်းပင် ဖြစ်သည်။ ထို့ကြောင့် ရယ်ဒီကယ်လမ်းကြောင်း အသက်ရှည်ရန် ကြိုးပမ်းသည်။ သမ္မတကြီးနှင့် လူထု ခေါင်းဆောင်တို့ တွေ့ဆုံပြီး အခြေအနေကောင်းများ ဖြစ်ထွန်းလာသည်နှင့် တပြိုင်နက် ရယ်ဒီကယ်လမ်းကြောင်းလိုက်သူတို့က နောက်ထပ် ခေါင်းဆောင် တစ်ဦးကို ရှာရသည်။ ဤတွင် ရိုးသားအေးဆေးပြီး ဘဝကို နိုင်ငံရေးတွင်မြှုပ်နှံခဲ့သူ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှာ မျက်စိကျစရာ ဖြစ်လာသည်။ နိုင်ငံရေးအရ ရိုးသားသူ၊ ကျောင်းသားခေါင်းဆောင်၊ ပြည်သူ အတွက်ဆိုလျှင် ပေးဆပ်ဝံ့သူ၊ ရယ်ဒီကယ်လမ်းကြောင်းတွင် နာမည်ကြီးခဲ့သူ စသည့်ဂုဏ်ပုဒ်တွေကြောင့် ရယ်ဒီကယ်သမားများအနေဖြင့် အကြောင်းပြစရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ဤနည်းဖြင့် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးသမားများ ချက်ချင်းလွှတ်ဟူသည့် လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာပြန်သည်။ ဦးမင်းကိုနိုင်ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်စကဲ့သို့ပင် ရယ်ဒီကယ်လမ်းကြောင်းကို တန်း၍တင်ကြသည်။ နိုင်ငံရေးအဆက်ပြတ်၍ ဘုမသိ၊ ဘမသိဖြင့် ထောင်က လွတ်မြောက်လာသည့် ကျောင်းသားခေါင်းဆောင်မှာ တစ်ချိန်ကကဲ့သို့ ရဲရဲတောက် မိန့်ခွန်းတွေကို ခြွေပြန်သည်။ ဘေးက ဝန်းရံသည့် ရယ်ဒီကယ်တွေနှင့် လက်သီးထိုးခန်းများများပါသော ရုပ်ရှင်များကို နှစ်သက်သည့် လူထုတွေက လက်ခုပ်တွေတီး၍ ကြိုဆိုကြသည်။ လူထုကို လမ်းပေါ်တင်နေသည့် မီဒီယာအချို့သည်ပင်လျှင် ဦးကိုကိုကြီးကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးက မျှမျှတတ ပြောကြားချက်မျိုးကို ဖြတ်ချ၍ ဦးမင်းကိုနိုင်၏ ရဲရဲတောက် စကားကို အသားပေးထုတ်လွှင့်သွားသည်ကို တွေ့ရသည်။ ဆိုရလျှင် လတ်တလောအခြေအနေ၌ ရယ်ဒီကယ်သမားတို့အဖို့ တိုင်းပြည်တွင် ဆူပူ အုံကြွမှုတွေ ထပ်မံပြုလုပ်ရင်း အသက်ဆက်နိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုရပေလိမ့်မည်။

ထိုအရေးကို ရတက်မအေးရသူများမှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း ဖြစ်ပေါ်လာရန် အပြင်းအထန် ဝေဘန်ခံ၊ သြဘာပေးခံရင်း ကြိုးပမ်း လာရသူများ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင်နှင့် ရဲရဲတောက် လူစွမ်းကောင်းအချို့၏ လုပ်ရပ်တွေကို ရင်တမမနှင့် ကြည့်နေရပြီ။ သရက် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ၉၆ ကျောင်းသားတစ်ဦးက ထောင်မှလွတ်လွတ်ချင်း ထောင်ရှေ့တွင်ပင် ထောင်ထဲတွင် ကျန်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ် မြောက်ရန် ကြိုးပမ်းသွားမည်၊ “ကျန်ရှိအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး၊ ထောင်ထဲမှာ ဒို့လူတွေ ကျန်သေးတယ် ဟုတ်တယ်၊ ဟုတ်တယ်” ဟု ကြွေးကြော်သွားသည့် ဇာတ်ကွက်မှာ ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲကို အားရဝမ်းသာဖြစ်၍ လမ်းကြောင်းမှန်သို့ ရောက်နေပြီဟု ပီတိပွားမည်ကြံစ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူတို့အတွက် နှလုံးရောဂါပင် ရလောက်သည့် ဇာတ်ကွက် ဖြစ်သည်။

“လမ်းကြောင်းပေါ်ကတော့ တင်တာပဲလေ၊ မားသားကြီးတုန်းကတော့ အခြေအနေကိုရိပ်မိပြီး ပြန်ဆင်းလာနိုင်တယ်၊ ဘရားသားကြီးကတော့ ပြန်ဆင်းနိုင်မလား ဆိုတာပဲကြည့်ရမယ်”

အထက်ပါ စကားကို ၉၆ကျောင်းသားမျိုးဆက်မှ ထောင်ဒဏ် ၁၃နှစ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ၉၆ကျောင်းသားတွေမှာ ၈၈ ကျောင်းသားတွေထက် စာဖတ်ချိန်ပိုရလိုက်ကြ၍ အခြေအနေကို အလျင်အမြန် သုံးသပ်နိုင်စွမ်း ရှိပြီး သဘောပေါက်လွယ်ကြသည်ဟု ဆိုရမည်လားမသိ။

ရယ်ဒီကယ်တို့အနေဖြင့် ယင်းတို့၏ထုံးစံအတိုင်း လူထုကိုလမ်းပေါ်တင်ရန် ကြိုးစားကြပေလိမ့်ဦးမည်။ ယခင်က စစ်အစိုးရ ဆန့်ကျင်ရေး၊ နောက် ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အရပ်သားအစိုးရအမည်ခံ စစ်အစိုးရဆန့်ကျင်ရေးတို့ဖြင့် လမ်းကြောင်းကို ဆက်လက်ပျိုးယူလာခဲ့ကြရာ ယခု အချိန်တွင် အဓိကနိုင်ငံရေးမဏ္ဍိုင်တစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲလမ်းကြောင်းထဲ ရောက်သွားပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးပါပြုလုပ်ရန် လိုအပ်လာပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထုအကြား လေးစားမှုရပြီးဖြစ်သည့် ခေါင်းဆောင် တစ်ဦးကို အလျှင်အမြန် စင်တင်လိုက်ကြခြင်းဖြစ်သည်။  ဆိုရလျှင် အဆိုးတွေကင်းစင်၍ အကောင်းဘက်သို့ဦးတည်စ မြန်မာ့နိုင်ငံရေးကို ဇာတ်နာကြီးထဲ ပြန်မတိုးစေချင်တော့သည်မှာ စာရေးသူသာမက မြန်မာနိုင်ငံသား အားလုံး၏ဆန္ဒပင် ဖြစ်ပါလိမ့်မည်။ ထို့ပြင် လူထု၏ ထောက်ခံမှုကိုရသော ခေါင်းဆောင်တွေ ထိပ်တိုက်တိုးလျှင် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဖို့ရှိသည်။ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် တိုင်းပြည်အတွက်အသုံးဝင်ကြောင်း သဘောထားကြီးစွာ ထောက်ပြခဲ့သည်ဖြစ်ရာ နိုင်ငံအတွက် အရည်အချင်းရှိသူတွေ ညီညွတ်ကြဖို့ ကောင်းသည်ဟု ရိပ်မိနိုင်ကြပါလိမ့်မည်။

မားသားကြီးတော့ အလုပ်မဖြစ်တဲ့ လမ်းကြောင်းပေါ်က ဆင်းသွားပြီ၊ ဘရားသားကြီးလည်း အခြေအနေကို အလျင်အမြန် သုံးသပ်နိုင်၍  ရယ်ဒီကယ် လမ်းမှ အမြန်ဆင်းစေလိုပါသည်။

*****************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment