Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၈.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာနိုင်ငံ ဥပမာအတိုင်းလုပ်ဆောင်ရန် ဗီယက်နမ်အား လူ့အခွင့်အရေးအုပ်စု တိုက်တွန်း

(17 Jan 2012 ရက်စွဲပါ Monsters and Critics မှ  Human rights group urges Vietnam to follow Myanmar’s example ကို ဘာသာပြန်ဆိုသည်)

  1. Siam Cement က မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ထောင်လို

(17 Jan 2012 ရက်စွဲပါ Reuters မှ Siam Cement eyes cement investment in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်ဆီးနိတ်က မြန်မာအပေါ် အရေးယူမှုများအတွက် ဒေါ်အောင်ဆန်းးစုကြည်အမြင်ကို ထည့်သွင်းစဉ်းစားမည်

(18 Jan 2012 ရက်စွဲပါ VOA News မှ US Senate to consider democracy leader’s view Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

  1. ကင်ဂျုံအီလ်အတွက် လုံလောက်စွာငိုကြွေးမှု မပြုသူများ ပြစ်ဒဏ်ခံရဟူသည့်သတင်း ပြုံယမ်းအစိုးရငြင်းဆို

(CNN သတင်းဌာနမှ 16 Jan 2012 ရက်စွဲပါ North Korea denies punishing citizens for not mourning enough ကို ဘာသာ ပြန်ဆိုသည်)

**********************************************************************************************

မြန်မာနိုင်ငံ၏ ဥပမာအတိုင်းလုပ်ဆောင်ရန် ဗီယက်နမ်အား လူ့အခွင့်အရေးအုပ်စုက တိုက်တွန်း

(17 Jan 2012 ရက်စွဲပါ Monsters and Critics မှ  Human rights group urges Vietnam to follow Myanmar’s example ကို ဘာသာပြန်သည်)

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို နမူနာယူ၍ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် လူ့အခွင့်အရေးအုပ်စုတစ်ခုက အင်္ဂါနေ့က တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံသည် သောကြာနေ့က အချို့နာမည်ကြီး နိုင်ငံရေးလှုပ်ရှားသူများ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား( ၃၀၂) ဦးကို လွှတ်ပေးခဲ့သည်။

“ဗီယက်နမ်အနေနဲ့ မြန်မာရဲ့ ဥပမာအတိုင်း လုပ်သင့်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး တရားရုံးကနေ ထောင်ချထားတဲ့လူတွေကစပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပါတယ်” ဟု Human Rights Watch မှ ဒုတိယဒါရိုက်တာ Phil Robertson က ပြောသည်။ မြန်မာနိုင်ငံမှ နောက်ဆုံးအကျဉ်းသားများ လွှတ်ပေးမှုသည် အနောက်နိုင်ငံအရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် ဆွဲဆောင်ရန် ပြုလုပ်သော အဓိက အတိုက်အခံ ပါတီအား ကြားဖြတ် ရွေးကောက်ပွဲဝင်နိုင်ရန် မှတ်ပုံတင်ခွင့်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းအပါအဝင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များအနက် တစ်ခုဖြစ်သည်။ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung ယမန်နှစ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာတွင် ၎င်းက ဒီမိုကရေစီသို့ လမ်းပြမြေပုံကို ထောက်ခံကြောင်း၊ ၂၀၁၂ တွင် လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် ပိုမိုကြိုးပမ်းအားထုတ်ရန် ပြောကြားခဲ့သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် အံ့သြဖို့တော့ အကောင်းသားဗျ။ ဗီယက်နမ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းပြမြေပုံနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ပြောနေချိန်မှာ သူ့အစိုးရက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အစိုးရဆန့်ကျင်သူတွေကို ပိုပြီးနှိပ်ကွပ်လာတာ တွေ့နေရပါတယ်” ဟု Robertson က ပြောသည်။

ဗီယက်နမ်သည် သောကြာနေ့က အစိုးရဆန့်ကျင်သူ Pham Minh Hoang အား ထောင်ထဲတွင် ၁၇ လ ထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ၎င်းအား အစိုးရကိုဖြုတ်ချရန်ကြံစည်မှုဖြင့် ထောင်သုံးနှစ်ချမှတ်ခဲ့သော်လည်း၊ ၎င်းသည် ရဲနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ တားမြစ်ထားသော ဒီမိုကရေစီ အုပ်စုဖြစ်သည့် Viet Tan ကို ဆက်လက်မထောက်ခံရန် ကတိများကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလက အယူခံတွင် ပြစ်ဒဏ်လျော့ပေးခဲ့သည်။

****************************************************************************************

Siam Cement က မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံတည်ထောင်ရန် မျက်စိကျ

(17 Jan 2012 ရက်စွဲပါ Reuters မှ Siam Cement eyes cement investment in Myanmar ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ ထိပ်တန်းစက်မှုကုမ္ပဏီအစုအဖွဲ့ကြီးဖြစ်သော Siam Cement Pcl သည် ၎င်း၏ ဒေသတွင်းတိုးချဲ့ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်း အဖြစ် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံသစ် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ လေ့လာနေတာ နှစ် နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရရဲ့ သတ္တု တူးဖော်ရေး မူဝါဒနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမူဝါဒတွေအပေါ် မူတည်မှာပါ” ဟု အမှုဆောင်အရာရှိချုပ် Kan Trakulhoon က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ထိုင်းတော်ဝင်မိသားစု၏ Crown Property Bureau မှ ၃၀% ပိုင်ဆိုင်သော Siam Cement သည် ဒေသတွင်း တိုးချဲ့ရေး အစီအစဉ်အနေဖြင့် အရှေ့တောင်အာရှတွင် အခြေပစ္စည်းများ ဝယ်ယူရန် ကြိုးစားလျက်ရှိသည်။ စက်တင်ဘာလက ကုမ္ပဏီသည် အင်ဒိုနီးရှား၏ Chandra Asri ရေနံဓါတုစက်ရုံ၏ ၃၀% ကို ဒေါ်လာ ၄၄၂ သန်းနှင့် ဝယ်ယူရန် သဘောတူခဲ့သည်။

*********************************************************************************

အမေရိကန်ဆီးနိတ်က မြန်မာအပေါ် အရေးယူမှုများအတွက် ဒေါ်အောင်ဆန်းစုကြည် အမြင်ကို ထည့်သွင်းစဉ်းစားမည်

(18 Jan 2012 ရက်စွဲပါ VOA News မှ US Senate to consider democracy leader’s view Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ဆီးနိတ် လူနည်းစုခေါင်းဆောင် မစ်ခ်ျမက်ကော်နဲ (Mitch McConnell) က အင်္ဂါနေ့က ပြောကြားရာတွင် အမေရိကန်အစိုးရ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ ဖြေလျှော့ရေးအတွက် စဉ်းစားရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်များသည် ၎င်းတို့အပေါ် များစွာ လွှမ်းမိုးကြောင်းပြောကြားခဲ့သည်။

အရေးယူမှုများ၏ နောက်ကွယ်တွင် ဦးဆောင်လှုပ်ရှားသူဖြစ်သည့် မက်ကော်နဲက ၎င်းသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုအတွက် သေချာသော အထောက်အထား တွေ့ခဲ့ရသည်ဟုဆိုသည်။ ၎င်းသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်စဉ် သတင်းထောက်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းသည် လွန်ခဲ့သောရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး၊ သူမ၏ အမြင်များမှာ အရေးကြီးကြောင်း ၎င်းကပြောကြားခဲ့သည်။ “ပထမ ပြောလိုတဲ့အချက်က အရေးယူမှုတွေရုတ်သိမ်းဖို့ သင့်တော်ခြင်းရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေဟာ ကျွန်တော်အပါအဝင် အမေရိကန်အစိုးရ အဖွဲ့ဝင်တွေအပေါ် ကြီးစွာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး သူမ ဘယ်လိုခံစားရတယ်ဆိုတာဟာ အမေရိကန်ပြည်ထောင်စုက ကျွန်တော်တို့အနေနဲ့ အရေးယူမှုတွေအတွက် ရုတ်သိမ်းဖို့ ဆုံးဖြတ်တဲ့နေရာမှာ သြဇာလွှမ်းမိုးမှုတွေ အများကြီးရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဆီးနိတ်တွင် အတိုက်အခံ ရီပတ်ဗလင်ကင်ပါတီကို ဦးဆောင်သူ မက်ကော်နဲက ပြောကြားရာတွင် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်သည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့် အစိုးရသည် ကရင်သူပုန်များနှင့် မကြာသေးမီက အပစ်အခတ်ရပ်စဲရေးမှသည် အခြားတိုင်းရင်းသားများနှင့်ပါ တိုးချဲ့အောင်မြင်မှု ရ မရအပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် အမှန်တကယ် ပြောင်းလဲမှုကို လုပ်ဆောင်ပြီဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိဟု မက်ကော်နဲက ပြောသည်။

“မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးဖြစ်စေတဲ့အကြောင်းရင်းတွေကို မသိပါဘူး။ ဒါတွေကို အကဲဖြတ်ဖို့လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြုပြင် ပြောင်းလဲရေးကတော့ ဖြစ်နေပါပြီ။ ဘယ်စံနဲ့တိုင်းတိုင်း ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေးအတွက် အရေးယူမှုတွေက အထောက်အကူ ဖြစ်ခဲ့တယ်ဆိုလည်း ကောင်းတာပေါ့” ဟု ၎င်းကပြောသည်။

*********************************************************************

ကင်ဂျုံအီလ်အတွက် လုံလောက်စွာငိုကြွေးမှုမပြုသူများ ပြစ်ဒဏ်ခံရဟူသည့်သတင်း ပြုံယမ်းအစိုးရငြင်းဆို

(CNN သတင်းဌာနမှ 16 Jan 2012 ရက်စွဲပါ North Korea denies punishing citizens for not mourning enough ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံတွင် ယခင်ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သေဆုံးသွားမှုအပေါ် ဝမ်းနည်းပူဆွေးမှု လုံလောက်စွာ ထုတ်ဖော်ပြသမှုမပြုသူ အချို့အား ပြစ်ဒဏ်ပေးမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ပြုံယမ်းအစိုးရက ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်သည်။

ကင်ဂျုံအီလ်သည် မြောက်ကိုရီးယားနိုင်ငံကို တင်းကြပ်ဖိနှိပ်သော စနစ်များကျင့်သုံးကာ နှစ်ပေါင်း ၁၇ နှစ်မျှ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ ကင်ဂျုံအီလ်၏ ဈာပနကို ပြုံယမ်းအစိုးရက ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့သလို ထောင်ပေါင်း များစွာသော နိုင်ငံသားများ ငိုကြွေးပူဆွေးကြပုံကိုလည်း နိုင်ငံပိုင်မီဒီယာက ရုပ်သံမှထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယားတွင် ခေါင်းဆောင်ကြီးသေဆုံးမှုအပေါ် ထိုသို့ပူဆွေးဝမ်းနည်းမှုများ မပြသခဲ့သောသူများအား အကျဉ်းစခန်းများသို့ပို့ကာ ပြစ်ဒဏ် ပေးလျက်ရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍ နိုင်ငံပိုင် KCNA သတင်းဌာနက "သတင်းမှာများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း" တုံ့ပြန်ဝေဖန်ခဲ့သည်။ "တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် အဆက်အသွယ်ရှိသော သစ္စာဖောက်အုပ်စုများ၏ လက်အောက်မှ ယုတ်ညံ့သော မီဒီယာများက ထိုသို့အပုပ်ချစွပ်စွဲမှုများ ပြုလုပ်ခြင်းဖြစ်သည်" ဟု KCNA သတင်းဌာနကဖော်ပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တောင်ကိုရီးယားမှ သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Daily NK တွင် ပါရှိသော မြောက်ကိုရီးယားသတင်းနှင့်ပတ်သက်၍ KCNA က ယင်းသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း CNN သတင်းဌာနက ရေးသားသည်။ Daily NK သည် မြောက်ကိုရီးယားနိုင်ငံတွင်းမှ သတင်းရင်းမြစ်များနှင့် ကွန်ယက်များကို အခြေခံကာ ပြုံယမ်းအစိုးရနှင့် မြောက်ကိုရီးယားပြည်တွင်းရေးကို စဉ်ဆက်မပြတ်ရေးသားဖော်ပြလျက်ရှိသည်။ မြောက်ကိုရီးယားနိုင်ငံတွင်းမှ အမည် မဖော်လိုသူ သတင်းရင်းမြစ်က "ခေါင်းဆောင်ကြီးကင်ဂျုံအီလ်ရဲ့ ဈာပနကာလမှာ ဝမ်းနည်းပူဆွေးမှု ထုတ်ဖော်ပြသတာမျိုးမလုပ်ခဲ့တဲ့သူတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အလုပ်သမားအကျဉ်းစခန်းကို ပို့ပါတယ်။ အဲဒီမှာခြောက်လကြာပြစ်ဒဏ်ကျခံကြရပါတယ်။ ဒါမှမဟုတ် ဈာပနအခမ်းအနားကို တက်ရောက်ပေမယ့် အမှန်တကယ် ပူဆွေးဝမ်းနည်းမှုမပြသခဲ့တဲ့သူတွေကိုလည်း အဲဒီလိုပြစ်ဒဏ်ပေးတယ်လို့သိရပါတယ်" ဟု Daily NK သတင်းဌာနသို့ ပြောကြားခဲ့သည်။ In-ho မြို့အခြေစိုက် Daily NK သတင်းဌာန၏ ဥက္ကဋ္ဌဖြစ်သူကမူ အဆိုပါသတင်းသည် မြောက်ကိုရီးယားနှင့် တရုတ်နယ်စပ်ရှိ Hamgyong မြို့မှ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးထံမှရရှိခြင်းဖြစ်ကြောင်း၊ ၎င်းသည် တရုတ်ပြည်ဘက်မှ ရရှိသော တရားမဝင် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မြောက်ကိုရီးယားနှင့်ပတ်သက်၍ ရေးသားဖော်ပြသောသတင်းအချက်အလက်များမှာ ပုံမှန်အားဖြင့် Daily NK မှ တရုတ်နိုင်ငံအခြေစိုက် သတင်းထောက်များထံမှ ဆက်သွယ်ရရှိခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် နိုင်ငံတွင်းသို့ နိုင်ငံတကာသတင်းအဖွဲ့အစည်းများ လွတ်လပ်စွာ ဝင်ရောက် သတင်းရယူမှုအပေါ် တင်းကြပ်စွာ ပိတ်ပင် ကန့်သတ်ထားသည်။ အဆိုပါ Daily NK သတင်းဌာနမှာ အကျိုးအမြတ်မရယူသည့် NGO အဖွဲ့တစ်ခု ဖြစ်သော Network for North Korea Democracy and Human Rights က ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် အမေရိကန်ကွန်ဂရက်၏ ငွေကြေးထောက်ပံ့မှုရရှိထားသော National Endowment for Democracy ထံမှ ဒေါ်လာငွေကြေးမြောက်မြားစွာ ရရှိလျက်ရှိသည်။

KCNA သတင်းဌာနက Daily NK အပေါ်မကျေမနပ်ဖြစ်ရသည့်အဓိကအကြောင်းအရင်းမှာ ကွယ်လွန်သွားသော ခေါင်းဆောင်ကြီးနှစ်ဦး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားအစိုးရက အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့် ပြုသည်ဟု ၎င်းကိုယ်တိုင်ကြေညာသည့်အချိန်ကာလနှင့် လုံလောက်စွာငိုကြွေးမှုမပြုသူများကို ဖမ်းဆီးပြစ်ဒဏ်ပေးသည် ဟူသော သတင်းထွက်ပေါ်သည့်အချိန်ကာလတို့ တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်သည်။

*********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment