Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၉.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. တိုင်းရင်းသားပဋိပက္ခ အဆုံးသတ်ရန် အစိုးရနှင့် ကချင်ဆွေးနွေး

(Monsters and Critics မှ 18 Jan 2012 ရက်စွဲပါ “Government, Kachin in talks to end Myanmar ethnic conflict” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာအပေါ်ချမှတ်ထားသော Sanctions များ ဖေဖော်ဝါရီတွင် စတင်ရုပ်သိမ်းရန် အီးယူစဉ်းစား

(Channel News Asia မှ 18 Jan 2012 ရက်စွဲပါ "EU mills Lifting Sanctions egainst Myanmar in February" ကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုးကွယ်မှု ပိုမိုမြင်သာလာ

(Washington Post မှ 17 January 2012 ရက်စွဲပါ Gwen Robinson, Financial Times ရေးသားသော In Burma, ‘Suu Kyi cult’ grows more visible as opposition leader for office ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************

တိုင်းရင်းသားပဋိပက္ခ အဆုံးသတ်ရန် အစိုးရနှင့် ကချင်ဆွေးနွေး

(Monsters and Critics မှ 18 Jan 2012 ရက်စွဲပါ “Government, Kachin in talks to end Myanmar ethnic conflict” ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် နိုင်ငံမြောက်ပိုင်းတွင် ကချင်လက်နက်ကိုင်တပ်များနှင့် လအတန်ကြာ  တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် ကြိုးစားသည့် အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဗုဒ္ဒဟူးနေ့တွင် စတင်ခဲ့ပြီ ဖြစ်သည်။ အစိုးရညှိနှိုင်းရေးတာဝန်ခံ ဦးအောင်သောင်းသည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ဆွေးနွေးရန်အတွက် ရှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ လေကြောင်းခရီးသွားရောက်ကာ ထိုမှတဆင့် တရုတ်နယ်စပ် ရွှေလီတွင် ရောက်ရှိလျက် ရှိသည်။

“ဆွေးနွေးပွဲမှာသဘောတူညီမှုရအောင် ကျွန်တော်တို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် သဘောတူညီမှုရမှာလား ဆိုတာတော့ ပြောရခက်ပါတယ်” ဟု ဦးအောင်သောင်းက ဆိုသည်။ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အခြားတာဝန်ရှိသူတစ်ဦးက “ပထမနေ့ ဆွေးနွေးရာတွင် ထူးခြားသောတိုးတက်မှု မရှိသော်ငြားလည်း အကောင်းဖက်မှ ရှုမြင်မှုများကို တွေ့ရှိရသည်” ဟု ပြောကြားသည်။ “KIO က ငြိမ်းချမ်းရေးကော်မတီကို တင်ပြထားတဲ့ အဆိုပြုချက်တွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ကြမှာပါ။ မနက်ဖြန်မှာတော့ သဘောတူညီမှု အနည်းအကျဉ်း ရနိုင်ပါလိမ့်မယ်” ဟု အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဒဟူးနေ့ ဆွေးနွေးမှုများအပြီးတွင် မူဆယ်၌ ညအိပ်ရပ်နားကာ ကြာသပတေးနေ့ နံနက်တွင် ရွှေလီသို့ ပြန်သွားကာ ဆက်လက်ဆွေးနွေးမည်ဟု ယင်းပုဂ္ဂိုလ်ကဆိုသည်။ ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့က ကရင်လက်နက်ကိုင်အုပ်စုနှင့် ပြီးခဲ့သော သီတင်းပတ်တွင် အပစ်ရပ်သဘောတူညီမှု လက်မှတ်ထိုးခဲ့ပြီးနောက် အထက်ပါ ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများစွာနှင့် အခြေအတင် တိုက်ခိုက်မှုအားလုံးအဆုံးသတ်ရန် အစိုးရဖက်မှ သဘောတူထားသည်။ အစိုးရအနေဖြင့် မကြာသေးမီကာလအတွင်း တောင်ပိုင်းရှမ်းအဖွဲ့  SSA- S ၊ ချင်းအဖွဲ့ CNF တို့နှင့်လည်း အပစ်ရပ်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြီးခဲ့သော ဇွန်လတွင် မြန်မာ့တပ်မတော်က ကချင် လက်နက်ကိုင် KIA တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သား ၆၀,၀၀၀ ခန့် နေအိမ်များ စွန့်ခွာထွက်ပြေးလျက်ရှိသည်။

“မြန်မာအစိုးရတပ်ဖွဲ့များစွာ ရောက်ရှိလာခြင်း၊ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းနှင့် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက် ညှင်းပန်းမှု များကြောင့် ကချင်ပြည်နယ်လူထုမှာ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေကြရသည်”  ဟု KIO အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ မြန်မာ့တပ်မတော် ရှေ့တန်းတပ်မှူးများသည် အစိုးရ၏ ထိုးစစ်ရပ်ဆိုင်းရန် ညွှန်ကြားချက်ကို မသိကျိုးကျွံ ပြုနေပုံရပြီး သံချပ်ကာတင့်ကားများနှင့် အမြောက်ကြီးများကို တပ်ဖြန့် နေရာယူလျက်ရှိသည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ပြောကြားသည်။

၂၃ နှစ်တာ စစ်အုပ်ချုပ်ရေးကာလအတွင်း ဆိုးဝါးနိမ့်ကျလွန်းသော လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် နိုင်ငံတကာအပယ်ခံဘဝ ရောက်ခဲ့ရသော မြန်မာနိုင်ငံအား ပုံမှန်အဆင့် သံတမန်ဆက်ဆံမှု ပြုလုပ်ရန်အတွက် တိုင်းရင်းသားအုပ်စုများနှင့် တိုက်ခိုက်နေခြင်းကို အဆုံသတ်ရန် အနောက်နိုင်ငံများက ကြိုတင်စည်းကမ်း သတ်မှတ်ထားကြသည်။ ၂၀၁၀ ရွေးကောက်ပွဲများအပြီး တပ်မတော်အစိုးရကို  အစားထိုးနေရာယူခဲ့သည့် အရပ်ဖက်အစိုးရသည် ယခုအခါ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ် ပြသနေသဖြင့် အနောက်နိုင်ငံများ အံ့အားသင့်စွာဖြင့် ချီးကျူးထောပနာပြုလျက် ရှိသည်။

*****************************************************

မြန်မာအပေါ်ချမှတ်ထားသော Sanctions များ ဖေဖော်ဝါရီတွင် စတင်ရုပ်သိမ်းရန် အီးယူစဉ်းစား

(Channel News Asia မှ 18 Jan 2012 ရက်စွဲပါ "EU mills Lifting Sanctions egainst Myanmar in February" သတင်းကို ဘာသာပြန်ဆိုသည်။)

                နှစ်ပေါင်းများစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု လက္ခဏာများကို အားပေး တိုက်တွန်းရန်အတွက် ယင်းနိုင်ငံအပေါ် အရေးယူချမှတ်ထားသော Sanctions များကို စောနိုင်သမျှစောစော ဖြစ်အောင် ဖေဖော်ဝါရီလတွင် ရုပ်သိမ်းပေးရန် ဥရောပသမဂ္ဂက စဉ်းစားသုံးသပ် နေသည်ဟု အီးယူသံတမန်တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အီးယူနိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန် မကြာမီ သွားရောက်မည့်ခရီးစဉ် အပါအဝင် ထောက်ပံ့ကူညီရေးကိစ္စ ကိုလည်း စဉ်းစားသုံးသပ်လျက်ရှိသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်မန်နန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ "မြန်မာနိုင်ငံတွင်းမှာ ပြောင်းလဲဖြစ်ပေါ်နေမှုတွေကြောင့် ကျွန်တော်တို့ရဲ့မူဝါဒတွေကို အထွေထွေ ပြန်လည်သုံးသပ်မှု စတင်ပြုလုပ်နေပါတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။ မြန်မာ အရပ်ဖက်အစိုးရသစ်၏ ပျော့ပြောင်းလိုက်လျောမှု လက္ခဏာများအပေါ် အီးယူ ၂၇ နိုင်ငံအုပ်စု၏ တုံ့ပြန်မှုကို တနင်္လာနေ့ ဘရပ်ဆယ်အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

ဧပြီလလယ်၌ နှစ်ပတ်လည် ပြန်လည်သုံးသပ်မှု ပြုလုပ်ချိန်တွင် ထွက်ပေါ်လာမည့် sanctions စတင်ရုပ်သိမ်းရေး ကိစ္စအား အချိန်ရှေ့သို့တိုးကာ ဖေဖော်ဝါရီလတွင် စတင်ဆွေးနွေးရန် ဆန္ဒရှိကြောင်းကို ဝန်ကြီးများက ကြေညာမည်ဟု မျှော်လင့်ရကြောင်း အီးယူသံတမန်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် ခြေချရန် သမိုင်းဝင် ကြိုးပမ်းမှုဟု ရှုမြင်နေကြသော ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီတွင် အားပေး တိုက်တွန်းမှု လက္ခဏာကို ပြသရန် အချို့နိုင်ငံများက ဆန္ဒရှိနေကြသည်ဟု အမည်မဖော်လိုသော သတင်းရပ်ကွက်က ဆိုသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောကြားရာတွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် ဥရောပ sanctions များအား ဖြည်းဖြည်းမှန်မှန် ပြန်လည် သုံးသပ်ရေးကို တောင်းဆိုရန် သဘောတူခဲ့ကြပြီး အချိန်တိုအတွင်း စတင်ရမည့် ကနဦးအစီအစဉ်များကို တနင်္လာနေ့ဘရပ်ဆယ် အစည်းအဝေးတွင် အဆို ပြုကြမည်ဟု ဆိုပါသည်။ သို့ရာတွင် ဧပြီလ ၁ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲ၏ ဒီမိုကရေစီစံနှုန်းများကို အီးယူအနေဖြင့် အထူးသတိပြု စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်)တို့ အင်္ဂါနေ့က တယ်လီဖုန်းပြောဆိုစဉ် သဘောတူညီခဲ့ကြသည်ဟုလည်း သိရှိရသည်။

၂ဝ၁ဝ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်တိုင်အောင် အီးယူအဖွဲ့၏ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးပိတ်ဆို့မှု Sanctions များကို မနှစ်က ၁၂ လ ထပ်မံ၍ သက်တမ်းတိုးခဲ့သော်လည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် သုံးပုံတစ်ပုံခန့် ခရီး သွားလာခွင့် တားမြစ်မှုနှင့် ငွေကြေး ထိန်းချုပ်ထားမှု တို့ကို ရုတ်သိမ်းပေးခဲ့သည်။ Sanctions များအားလုံး ရုတ်သိမ်းပေးရန်အတွက် အပြန်အလှန်အားဖြင့် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးကာ အတိုက်အခံများနှင့် နိုင်ငံရေးဒိုင်ယာလော့ခ် ဆွေးနွေးရန် အီးယူက တောင်းဆိုခဲ့သည်။

လက်ရှိအရပ်ဖက်အစိုးရသစ်သည် အာဏာရလာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းအရေအတွက်ကို လွှတ်ပေးခဲ့ပြီး အတိုက်အခံများနှင့် ဒိုင်ယာလော့ခ် ဆွေးနွေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခြင်းတို့ အပါအဝင် အခြားပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

သိသိသာသာ ရှေ့တိုးလာသော မြန်မာအစိုးရ၏ ခြေလှမ်းများက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မူဝါဒ ပြောင်းလဲရေးကို ကမ္ဘာတဝှမ်း အပြင်းအထန် ငြင်းခုန်မှု ဖြစ်ပေါ်စေခဲ့ပြီး ဘရပ်ဆဲလ်တွင်လည်း တနင်္လာနေ့ ဝန်ကြီးများ အစည်းအဝေးမတိုင်မီ ကြိုတင်၍ မြန်မာနိုင်ငံအပေါ် မည်သို့ အားပေး တိုက်တွန်းမည်ကို ဆုံးဖြတ်ရန်နှင့် အယူအဆကွဲလွဲမှုကို ကျော်လွှားရန် ရက်သတ္တပတ်လုံးအပြင်းအထန် ဆွေးနွေးလျက်ရှိသည်ဟု အီးယူ သတင်းရပ်ကွက်က ပြောကြားသည်။ ဗြိတိန်နှင့်စကင်ဒီနေဗီးယားနိုင်ငံအချို့က ဧပြီလကြားဖြတ်ရွေးကောက်ပွဲများ၏ လွတ်လပ်၊ မျှတမှုကို စောင့်ကြည့်ရန် ဆန္ဒရှိနေကြပြီး အခြားဥရောပနိုင်ငံများ အထူးသဖြင့် ပြင်သစ်၊ ဂျာမနီတို့ကမူ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို အားပေးရန်အတွက် အမြန်ဆုံး တုံ့ပြန်လိုကြသည်ဟု သိရသည်။

“Sanctions တွေမရုတ်သိမ်းခင်မှာ လုပ်ရမယ့်အဆင့်တွေ ရှိနေပါတယ်။ တိုက်တွန်းအားပေးတဲ့ အစီအစဉ်တွေကတော့ ပထမအဆင့် ဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ရုတ်သိမ်းပေးလို့ရပါပြီ။” ဟု အမည်မဖော်လိုသူ သံတမန်တစ်ဦးက ဆိုသည်။ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံရောက် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးအဖြစ် ယခုလအစောပိုင်းတွင် လာရောက်ခဲ့သော ဝီလျံဟေ့ဂ်က “Sanctions မရုတ်သိမ်းခင် မြန်မာနိုင်ငံ အနေဖြင့် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်” ဟု ပြောကြားခဲ့သည်။ "အချိန်မတန်ခင် ဖိအားမလျှော့ဖို့ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်" ဟု ယင်းက အလေးအနက် ပြောကြားသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်)ကလည်း “သမ္မတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားလို့ ယုံကြည်စိတ်ချရကြောင်း” ယခု သီတင်းပတ် အတွင်း ပြောကြားခဲ့သည်။ “ဒါကို သေချာပေါက်လို့ ပြောလို့ရပါပြီ။ လအနည်းငယ်အတွင်း သမ္မတကြီး လုပ်ဆောင်ခဲ့တာကို ကြည့်ရင် လုံလောက်နေပါပြီ။ သမ္မတကြီးဟာ အပြည့်အဝဆုံးဖြတ်ချက် ချထားတဲ့ ပါးရည်နပ်ရည်ရှိသူပါ” ဟု ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက မှတ်ချက်ပေးသည်။

အီးယူနိုင်ငံများအကြား အမြင်ကွဲလွဲမှုများ ကျန်ရှိနေဦးမည် ဖြစ်၍ ဖေဖော်ဝါရီလအတွင်း Sanctions အနည်းငယ် ရုတ်သိမ်းရန် ဆုံးဖြတ်ချက် သည်လည်း တစ်ခဲနက် သဘောတူညီမှုကို လိုအပ်မည်ဖြစ်သောကြောင့် ခက်ခက်ခဲခဲ ဆွေးနွေးရဖွယ် ရှိနေသည်။ ဧပြီလအစည်းအဝေးတွင်လည်း Sanctions များ သက်တမ်းတိုးချမှတ်လိုပါက တစ်ခဲနက် သဘောတူမဲပေးမှုကို လိုအပ်မည်သာ ဖြစ်သည်။ လောလောဆယ်တွင်မူ ဝန်ကြီးများက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုရေး လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ရန်အတွက် ဖွံ့ဖြိုးရေးအကူအညီနှင့် အခြားငွေကြေးအစီအစဉ်များ ပိုမို ကမ်းလှမ်းရန် သဘောတူကြလိမ့်မည်ဟု မျှော်လင့်ရမည်။ ထို့အပြင် အီးယူက ဖွံ့ဖြိုးရေးအစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးဆိုင်ရာ ကဏ္ဍတွင် ပါဝင်ရန်အတွက် ရန်ကုန်မြို့တော်တွင် ရုံးခွဲဖွင့်လှစ်တော့မည်ဟု ဇန်နဝါရီလအစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

********************************************************************************

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုးကွယ်မှု ပိုမိုမြင်သာလာ

(Washington Post မှ 17 January 2012 ရက်စွဲပါ Gwen Robinson, Financial Times ရေးသားသော In Burma, ‘Suu Kyi cult’ grows more visible as opposition leader for office ကို ဘာသာ ပြန်ဆိုသည်)

ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္တုပ္ပတ္တိစာအုပ်များသည် အိုဘားမား၊ ဒေးဗစ်ဘက်ခမ်းတို့၏ စာအုပ်များနှင့်အတူ နေရာယူထားသည်။ အပြင်ဘက်ရှိ အိုဟောင်းနေသော ပလက်ဖောင်းများတွင် အာဏာရှင်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ဖခင်လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းတို့၏ ပြက္ခဒိန်များ ရောင်းချနေရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမို  မြင်သာ လာလျက် ရှိသည်။ ရန်ကုန်လေဆိပ်မှ မြို့တွင်းသို့ (၁ဝ)ဒေါ်လာ တောင်းသော အငှားယာဉ်မောင်းသည် ခရီးသည်က ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားမည်ဟု ဆိုလိုက်သည်နှင့် ပြုံး၍ (၆)ဒေါ်လာနှင့်သွားမည်ဟု ပြောတော့သည်။ လွန်ခဲ့သည့် (၁၄)လကဆိုလျှင် အဆိုပါယာဉ်မောင်းသည် သူမ၏ အမည်ကို ကျယ်ကျယ်ပြောရမည်ကိုပင် ကြောက်ရသည့်အခြေအနေတွင် ရှိခဲ့သည်။

လွန်ခဲ့သည့်လများအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဘီလျံနာ ဂျော့ဆိုရော့စ် အပါအဝင် နာမည်ကျော်ဧည့်သည် များသည် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံတွဲရိုက်ရန် သွားရောက်ခဲ့ကြသည်။ သူမသည် မကြာသေးမီက ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့ပြီး ယခင်က ဧည့်သည်အများစုသည် ယဉ်ကျေးလိမ္မာစွာ ရှောင်ကွင်းသွားကြသည်ချည်း ဖြစ်သည်။ ယခုမူ ခြားနား စွာဖြင့် “မက်ဒေါနားကို တွေ့ရတာမှ ပိုလွယ်ဦးမယ်ထင်တယ်” ဟုပင် သံတမန်တစ်ဦးက မှတ်ချက်ပြုသည်။

ထောက်ခံသူအများစု၏ အမြင်တွင် အမတ်နေရာ (၄၄ဝ)နေရာ ရှိသော ပြည်သူ့လွှတ်တော်တွင် နေရာတစ်နေရာ ရရှိခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် တဖြည်းဖြည်းတိုင်းပြည်ကို ခေါင်းဆောင်အရေးပါသော ဒိုင်ဗင်ဘုတ်တစ်ခု သဖွယ် ဖြစ်သည်ဟု ယူဆကြသည်။ဧပြီလတွင် အများမျှော်မှန်းသည့်အတိုင်း သူမသည် လွှတ်တော်တွင် နေရာတစ်နေရာ ရရှိပါက ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသော လွှတ်တော်ရှိ အမတ်များအပေါ် ဩဇာလွှမ်းမိုးရေးအတွက် ပလက်ဖောင်းတစ်နေရာ ရရှိမည်ဖြစ်သည်။ “သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရဟာ သူမကို အပြင်မှာထားတာ ထက်စာရင် သူတို့အဖွဲ့ထဲမှာ ခေါ်သွင်းထားဖို့ ဆုံးဖြတ်ထားပုံရတယ်” ဟု အနောက်သံတမန်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လက ဦးသိန်းစိန်၏ အမည်ခံ အရပ်သားအစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။ အစိုးရသည် မီဒီယာဆင်ဆာများ ပယ်ဖျက်ပေးခဲ့ခြင်း၊ အလုပ်သမားဥပဒေများ ပြန်လည်ပြင်ဆင်ခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် ဆွေးနွေးခြင်းနှင့် ပြီးခဲ့သည့်အပတ်က ကရင် KNU နှင့် အပစ်အခတ်ရပ်စဲရေး မှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။

သို့သော် လုပ်ဆောင်မှုများအနက် နိုင်ငံတကာ၏ အာရုံပြုမှုအရဆုံးမှာ ပြီးခဲ့သော သောကြာနေ့က နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပြီးတွင် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေးကို ပုံမှန် ဆက်ဆံမည်ဟု တုံ့ပြန်ခဲ့သည်။ “ဆယ်စုနှစ် များစွာအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပြည်သူတွေက ပြောင်းလဲမှုတွေ လာနေပြီလို့ ယုံကြည်လာကြတယ်။ ဒါပေမဲ့ ပြောင်းလဲမှုက ပြန်ဆုတ်သွားမှာ ကိုတော့ စိုးရိမ်နေကြတယ်” ဟု မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ အကြံပေးဖြစ်သူ Susanne Kempel က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက ယခုလုပ်ဆောင်နေသော ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်မလှည့်တော့ ဟု လူတိုင်းက ယုံကြည်မှု မရှိသေးပေ။ ယခုနောက်ဆုံး လွှတ်လိုက်သူများထဲမှ အချို့သည် နိုင်ငံရေးလောကသို့ ပြန်လည် ဝင်ရောက်ရန် စဉ်းစားနေသော်လည်း အချို့မှာ သတိဖြင့် စောင့်ကြည့်နေဆဲသာ ဖြစ်သည်။ “အာဏာရှင်ရဲ့ လက္ခဏာတွေ ရှိနေတုန်းပဲ။ ဘယ်လို ဒီမိုကရေစီမျိုးလဲ” ဟု သောကြာနေ့က လွတ်လာသူ အရှင်ဂမ္ဘီရက ထောင်ထဲတွင် ကျန်နေသေးသော အကျဉ်းသားများကို ညွှန်းဆို၍ ပြောကြားသွားခဲ့သည်။

ထောင်ထဲတွင် ၁၁ နှစ်နေခဲ့ရသူ နိုင်ငံရေးလှုပ်ရှားသူ ဦးခင်ဇော်ဝင်းအပါအဝင် အချို့ကမူ ပို၍ အကောင်း မြင်ကြသည်။ “အစိုးရထဲမှာ သဘောထား တင်းမာသူတွေ ရှိနေသေးတယ်ဆိုပေမဲ့ လူထုကြားမှာ ပြောင်းလဲမှုတွေ တွေ့နေရတဲ့အချိန် ရောက်နေပါပြီ” ဟု ယင်းက သုံးသပ် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်မည့် ရန်ကုန်နှင့် မိုင်သုံးဆယ်ကွာဝေးသည့် ကော့မှူးမှ ဆင်းရဲသော ရွာကလေးများသည် ပြောင်းလဲမှုများနှင့် ဝေးနေဆဲဖြစ်သည်။ ထိုဒေသသည် ၂ဝဝ၈ ခုနှစ်က နာဂစ်ဒဏ်ခံစားခဲ့ရပြီး မကြာသေးမီကအထိ ယင်းတို့ဒေသအတွက် မျှော်လင့်ချက် မရှိသလောက် ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ကော့မှူးကဲ့သို့သော ဒေသများစွာ ရှိသေးပါသည်။ တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့ရှိ ခမ်းနားသော အိမ်များမှာ ဒေါ်လာ (၁ဝ) သန်းခန့်နှင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ ကြွယ်ဝသောသဘာဝသယံဇာတများကို စစ်တပ်ကသာ ထိန်းချုပ် ထားခဲ့ရာ ချမ်းသာကြွယ်ဝမှုများမှာ လူနည်းစုထံတွင်သာ ရှိခဲ့သည်။ သို့သော် မကြာသေးမီက စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများတွင် ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များ လျှော့ချခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုတွင် ဖြေလျော့မှုများ ပြုလုပ်ခဲ့ရာ လူလတ်တန်းစားများအတွက် အားတက်စရာ ဖြစ်ခဲ့ရသည်။ သို့သော် နေ့စားလုပ်ခများမှာ ကျပ် ၃ဝဝဝ-၄ဝဝဝ (ဒေါ်လာ ၃.၅ - ၄.၆) ခန့်သာ ရှိနေသေးသည်။

ဩစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေးပညာရှင် ရှောင်တာနဲ (Sean Turnell) က ပြောကြားရာတွင် ပြောင်းလဲမှုများကို တွေ့နေရသော်လည်း အချိန်ယူရလိမ့်မည်ဟု သတိပေးခဲ့သည်။ Economist Intelligence Unit ၏ အဆိုအရ တိုးတက်မှုနှုန်းမှာ ယမန်နှစ်က ၃.၂% ရှိရာမှ ၅.၅% သို့ ရောက်နိုင်ကြောင်း အချို့စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ တိုင်းပြည်နှင့် အဝှမ်း ကျေးလက်ဒေသနှင့် မြို့ပြရှိ ဆင်းရဲမွဲတေမှုများကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှုများသည် ယနေ့ စိတ်ပျက်ဖွယ်ကြုံတွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမှ ရွေးကောက်ပွဲဝင်မည်ဟု မကြေညာမီက ထိုဒေသို့ သုံးခေါက်သာ ရောက်ဖူးသေးသော်လည်း ထိုဒေသမှ ဒေသခံများသည် နာဂစ်အပြီး ယင်းတို့ဘဝများ ပြန်လည် တည်ဆောက်ရေးအတွက် သူမအား ကယ်တင်ရှင်အဖြစ် လက်ခံယူဆထားကြသည်။

“ဒီဒေသကို သူမ သယ်ဆောင်လာတဲ့ အဓိကအရာကတော့ မျှော်လင့်ခြင်းများပါပဲ။ ဒါက အရေးကြီးပါတယ်။” ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းက ပြောသည်။ ကော့မှူးဒေသရုံးချုပ်ဖြစ်သော ဝါးတဲတွင် NLD အတွက် စည်းရုံးရေးဆင်းနေကြသော ယောက်ျားအများစုနှစ်ဆယ်ခန့်သည် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။ “ဒီအစိုးရကို ဘယ်လိုလုပ်ယုံရမှာလဲ။ ဘာမှ မပြောင်းလဲနိုင်ဘူး” ဟု လူတစ်ဦးက စိတ်ဆိုးစွာ ပြောသည်။ ဘေးမှ လူအများစုက သဘောမတူကြပေ။ ရန်ကုန်မှ NLD အဖွဲ့ဝင်ဦးရွှေသန်းက နောက်ပိုင်းတွင် ရှင်းပြရာ၌ “ပြည်သူအားလုံးက သူမကို ယုံတယ်လေ။ အချို့က အများကြီးမျှော်လင့်နေတယ် ဆိုပေမဲ့ သူမဟာ တစ်ခုခုတော့ လုပ်ပေးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူမပါလီမန်မှာ ပြောရေးဆိုခွင့်ရလာမယ်၊ တစ်နေ့မှာ အာဏာအပြည့်အဝ ရလာနိုင်တယ်” ဟု ဆိုသည်။ ထိုနေရာတွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား ဘုရားတစ်ပိုင်း (Semi-God) အဖြစ် ထင်နေကြကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီကို တည်ထောင်သူ ဦးခင်မောင်ဆွေက ပြောသည်။ “ဒါပေမဲ့ သူမ လွှတ်တော်ထဲ ရောက်သွားရင် တိုင်းပြည်အတွက် ကောင်းလာနိုင်ပါတယ်” ဟု ယင်းက ပြောသည်။ သို့သော် ၎င်းက သတိနှင့်ပြောရာတွင် “ဒါပေမဲ့ အမျိုးသမီးတစ်ဦးရဲ့ ဒီမိုကရေစီတော့ မဟုတ်ပါဘူး။ တခြားအသံတွေလည်း ရှိနေပါသေးတယ်” ဟု ဆက်လက် ဆိုသည်။

*********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment