Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၀.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရွှေညဝါဆရာတော် ၁ လ အတွင်း ကျောင်းတိုက်မှ ထွက်ခွာပေးမည်
  2. ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် ဒီလှိုင်းအား တစ်ပတ် တစ်ကြိမ် ထုတ်မည်
  2. အစိုးရနှင့် KNU ကြား ဆက်သွယ်ရန် ရုံးများ ဖွင့်လှစ်မည်
  3. ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရွှေညဝါဆရာတော် ၁ လ အတွင်း ကျောင်းတိုက်မှ ထွက်ခွာပေးမည်

ရွှေညဝါဆရာတော် အရှင် ပညာသီဟသည် သာဓုကျောင်းတိုက်မှ ၁ လ အတွင်း ထွက်ခွာပေးမည်ဟု ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဝန်ခံလက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

“ဒီလိုအချိန်မျိုးမှာ လူထုအုံကြွမှုတွေ မဖြစ်စေချင်လို့ လက်မှတ်ထိုးလိုက်တာ” ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။

ငြိမ်းချမ်းရေးအကျိုးကို လိုလားကြောင်း၊ အခြေအနေအနည်းငယ် ထိခိုက်သွားမည် ဖြစ်သော်လည်း အကောင်းဆုံးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

မည့်သည့်ကျောင်းတွင် သတင်းဆက်သုံးရန်မသိရှိသေးသော်လည်း ဆရာတော်၏ အမာခံဒကာများက ဆရာတော် သတင်းသုံး နေထိုင်ရန်အတွက် ကျောင်းအသစ် တစ်ကျောင်းဆောက်လုပ်လှူဒါန်းရန် စီစဉ်သွားမည်ဟု ဆရာတော်၏ အမာခံဒကာတစ်ဦးက ပြောကြားသည်။

သံဃာ့မဟာနာယက အဖွဲ့၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရွှေညဝါဆရာတော်ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တားမြစ်လိုက်သည်။

ယင်းတားမြင့်ချက်ကို ရွှေညဝါ ဆရာတော်က အသနားခံစာ နှစ်ကြိမ်တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

ဆရာတော်သည် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး၌ ယမန်နှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သြဝါဒပေးခဲ့ခြင်းကြောင့် ယင်းကဲ့သို့ တားမြစ်ခြင်းခံခဲ့ရသည်။

ရွှေညဝါဆရာတော်၏ အမာခံဒကာအများစုသည် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြပြီး ရွှေညဝါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက စတင်ဖွဲ့စည်းခဲ့သည်။

Peace Press

---------------------------------------------------------------------------------------------------------------------

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှု တစ်စုံတစ်ရာနှင့် ငြိစွန်းမှုရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်အတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ပြည်ပသို့ရောက်ရှိနေသည့် အမြင်သဘောထား မတူသူများကို မြန်မာ့ဒီမိုကရေစီရေးခရီးလမ်းတွင် တူညီသည်များ ပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်းသို့ပြန်လာကြရန် ဖိတ်ခေါ်မှုများ ရှိခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းမှုရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းသို့ ပြည်ပနိုင်ငံနေ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာနိုင်ငံအတွင်း၌ ကျုးလွန်သွားခဲ့သည့် ပြစ်မှု တစုံတရာ သော်လည်း၊ ပြည်ပနိုင်ငံ၌ ကျုးလွန်ခဲ့သည့် ပြစ်မှုတစုံတရာသော်လည်းကောင်း ကျူးလွန်မှုများရှိပါက ၎င်းကျူးလွန်မှုများအလိုက် ပြစ်ဒဏ်ကျခံစေမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများနှင့် ယာယီနေထိုင်ခွင့်လက်မှတ်မရှိသူ မြန်မာရွှေ့ပြောင်းလုပ်သားများအား စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း လာရောက်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်ခွင့်လက်မှတ်(သို့) ယာယီနိုင်ငံကူး လက်မှတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ ပြုလုပ်ရန် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားကြောင်း သိရသည်။

                YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

 ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် ဒီလှိုင်းအား တစ်ပတ် တစ်ကြိမ် ထုတ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားသဖြင့် တစ်လလျှင် နှစ်ကြိမ်သာ ထုတ်ဝေရန် ရည်ရွယ်ထားသည့် Democratic Wave ဒီလှိုင်းဂျာနယ်အား တစ်ပတ်လျှင် တစ်ကြိမ် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။

“အရင်က တစ်လကို နှစ်ကြိမ်ပဲ ထုတ်မယ်လို့ ရည်ရွယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်ခေါ်ပြောလို့ တစ်ပတ်တစ်ကြိမ် ထုတ်ရတော့မယ် “ဟု ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)က ဆိုသည်။

နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ၀၈၄ အရ ထုတ်ဝေခွင့်ရသည့် ဒီလှိုင်းဂျာနယ်အား တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ပါတီဌာနချုပ်က ၂၀၀ နဲ့ဖြန့်တယ်။ မြို့နယ်ရုံးတွေကိုတော့ ၃၀၀ နဲ့ ရောင်းတယ်။ပိုတဲ့ ၁၀၀ ကတော့ ပါတီရန်ပုံ ငွေပေါ့”ဟု ဦးအုန်းကြိုင်က ဆက်လက် ပြောကြားသည်။

ဒီလှိုင်းဂျာနယ်အား လက်ရှိနိုင်ငံရေးပေါ်တွင် NLD ပါတီမှ မည်သို့ သုံးသပ်ရှုမြင်သည်ကို ဖော်ပြမည် ဖြစ်ပြီး၊ပြင်ပ စာမှုရှင်များကိုလည်း စာမှုများ ပို့ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အယ်ဒီတာအဖွဲ့မှာ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဖျာပုံနေလုံဦး၊ မုံရွာအောင်ရှင် စတဲ့ ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာ ကြီးတွေ ပါဝင်ကြောင်း သိရသည်။

YC(KS)

---------------------------------------------------------------------------------------------------------------------

အစိုးရနှင့် KNU ကြား ဆက်သွယ်ရန် ရုံးများ ဖွင့်လှစ်မည်

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့၌  လက်မှတ်ရေးထိုးခဲ့ပြီးနောက် အစိုးရနှင့် KNU ဆက်သွယ်ရန် ဆက်သွယ်ရေးရုံး(၁၁)ရုံးကို ဖွင့်လှစ်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် KNU အကြား ဆက်သွယ်ရန် ဗပိာုအဆင့် ဆက်သွယ်ရေးရုံးများကို မြဝတီနှင့် ဘားအံမြို့တို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အခြားရုံးခွဲများကို သထုံခရိုင်တွင် မင်းပြင်နှင့် မင်းလွင်၊ တောင်ငူခရိုင်တွင် နှစ်နေရာ၊ ညောင်လေးပင်မြို့နယ်တွင် ကျောက်ကြီး၊ ဖာပွန်ခရိုင်တွင် ဘုရားသုံးဆူ၊ကျိုက်ထို၊ ဘားအံ ခရိုင်တွင် ပိုင်ကျုံ၊ မြိတ်နှင့် ထားဝယ်ခရိုင်တွင် ထားဝယ်၊ ပလောနှင့် မြိတ်မြို့တို့တွင် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အစိုးရသစ်လက်ထက်မှ စတင်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော CNF အဖွဲ့အတွင် အစိုးရနှင့် ဆက်သွယ်ရန် ရုံးများကို တီးတိန်၊ ထန်ထလန်နှင့် မတူပီမြို့တို့တွင် လည်းကောင်း၊ ငြိမ်းချမ်းရေးသဘောတူ ညီခဲ့သည့် ရွက်ဆစ်အဖွဲ့နှင့် အစိုးရကြားဆက်ဆံရန် ဆက်သွယ်ရေးရုံးအား တာချီလိတ်၊ မိုင်းဆတ်နှင့် တောင်ကြီးမြို့တို့တွင်လည်းကောင်း ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ထောင်ရန် အစီအစဉ် မရှိသေးသော်လည်း နောက်ထပ်ခြေတစ်လှမ်းအတွက်မူ လှမ်းဖွယ်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

လက်ရှိ အစိုးရမှ KNU အားမတရားအသင်းအဖြစ် ကြေညာထားမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး ၎င်းကိစ္စရပ်များကို ရုတ်သိမ်း ပေးသည့်အချိန်မှပင် ခြေလှမ်းနောက်တစ်လှမ်းကို ဆက်လက်လှမ်းလျှောက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

                              YC

---------------------------------------------------------------------------------------------------------------------

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို

အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေးနှင့် ပတ်သက်၍ တောင်းဆိုသွားရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများကို အမျိုးသားဒီမိုကရေစီပါတီ NLD က စာရင်းပြုစုလျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသား ၆၅၀ကျော်လွှတ်ငြိမ်းချမ်းသာခွင့်ကိုလည်း NLD မှတင်ပြထားသော စာရင်းများကို အခြေခံ၍ လွှတ်ပေးခဲ့သည်။

“ကျန်ခဲ့တဲ့သူတွေကို ထပ်လွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုသွားမယ်” ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ယင်းအကြောင်းများကြောင့် နီးစပ်ရာသိရှိသူများက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းကြရန် NLD မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနိုင်းနိုင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြို့နယ်ထောင်အသီးသီးမှ ကောက်ယူထားသောစရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၇၁ဦး ရရှိထားပြီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နာမည်ကြီးနိုင်ငံရေးသမား အနည်းစုသာကျန်ရှိပြီး ပုဒ်မ ၁၇/၁ ဖြစ်ကျခံရသော နိုင်ငံရေးအကျဉ်းသားအမြောက် အများကျန်ရှိနေသေးကြောင်း ဦးနိုင်းနိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ မရှိသင့်တော့ကြောင်း မြန်မာ့နိုင်ငံရေးသမားများက တညီတညွှတ်တည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နဲနှင့်တွေ့ဆုံစဉ် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွတ်မြောက်လာနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ပြောကြား ခဲ့သည်။

Peace Press

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကအစ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် တကယ်လုပ်နေတဲ့သူဆိုရင် ပြည်သူကလိုက်မှာပါ။ ယုံကြည်မှာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဇွတ်အတင်း ဖန်တီးလို့တော့မရဘူး။ ပြည်သူအတွက် ဘယ်သူကအပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြလဲ။ ပေးဆပ်ခဲ့လဲ။ ပြည်သူသိပါတယ်”

ဇန်နဝါရီ ၂၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၃) တွင်ပါသည့် “ပြည်သူတွေရဲ့ ယုံကြည်မှုကို ဇွတ်အတင်းဖန်တီးလို့ မရဘူး” သတင်းဆောင်းပါးမှ မင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည်သွာဖို့ ရှိပါသလား။

ဖြေ- ပါတီနိုင်ငံရေးတို့၊ အမျိုးသား နိုင်ငံရေးတို့ အာဏာနိုင်ငံရေးတို့ အဲဒီလိုခွဲခြားရမယ့် ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်မြင် တယ်။ သေချာတာတစ်ခုကတော့ အားလုံးလုပ်ကြတာကတော့ အမျိုးသားနိုင်ငံရေးကိုပဲလုပ်ကြတာပေါ့။ ပါတီနိုင်ငံရေးတာက ပုံစံတစ်ခုပေါ့။ အစုအဖွဲ့သဘောနဲ့ နိုင်ငံရေးပါတီဆိုတာလည်း ဖြစ်ချင် ဖြစ်မယ်။ အသင်းအဖွဲ့ပုံစံ ဖြစ်ချင်လည်း ဖြစ်မယ်။ အဲဒီလိုချဉ်းကပ်ကျတာပဲ။ အဲဒီမှာအာဏာဆိုတာကတော့ အမျိုးသားနိုင်ငံရေးကို အစုအဖွဲ့တစ်ခုက ဘယ်လို မောင်းနှင်ကျင့် သုံးလဲဆိုရင် သေချာတာကအာဏာနဲ့မှ ရမှာ။ အဲဒီတော့ ဒီသုံးခုလုံးကတစ်ခုတည်းပဲရှိတယ်။ အဲဒီလိုခွဲ ခြားပြီးပြောတာကိုတော့ ကျွန်တော် ဘဝင်မကျဘူး။ ဒါပေမဲ့ နောက်တစ်ခုက လွှတ်တော်ကို သွားမယ်ဆိုရင်တော့ ရွေးချယ်တင်မြှောက်ခံရဖို့တော့ လိုတာပေါ့။ အဲဒီလိုပဲလွှတ်တော်အတွင်းမှာ လုပ်မှာလား။ လွှတ်တော်ပြင်ပမှာ လုပ်မှာလားဆိုတဲ့ အခြေအနေ နှစ်ရပ်ပဲရှိတာပေါ့။ အဲဒါကိုပဲ တစ်ဦးချင်းစီစဉ်းစားထားချက်တွေ ရှိပေမယ့်လည်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်မှာပါ။ ကိုယ့် စိတ်ထဲမှာစဉ်းစားထားတာကတော့ လွှတ်တော်တွင်းမှာပဲလုပ်လုပ်၊ လွှတ်တော်ပြင်ပမှာပဲလုပ်လုပ်၊ Civil Society ခိုင်မာမှ ဒီမိုကရေစီအားကောင်းမှာ။ ချည့်နဲ့နေရင် အားမကောင်းဘူး။ ဒီလူတွေ အားလုံးဟာအရည်အသွေး၊ အရည်အချင်းမြင့်နေဖို့ လိုတယ်။ ဒါကို မြှင့်တင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ဇန်နဝါရီ ၁၉ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၇၈) တွင်ပါသည့် “ကိုဂျင်မိ၊ မနီလာသိန်းနှင့် တွေ့ ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တာလီဘန်တွေက ပြီးခဲတဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ် နယ်စပ်ကနေဝင်ရောက်လာတာပါ။ ပြည်တွင်းကိုတော့ မရောက်ခဲ့ပါဘူး။ သူနဲ့ဆက်သွယ်ပြီး လုပ်ခဲ့တဲ့သူတွေကိုတော့ လွှတ်လို့မရပါဘူး။ ဒီလိုပြစ်မှုမျိုးတွေကိုတော့ နိုင်ငံတကာမှာလည်း လွှတ်ပေးလေ့မရှိပါဘူး”

ဇန်နဝါရီ ၁၉ ထုတ် Popular News အတွဲ (၃) အမှတ် (၄) တွင်ပါသည့် “တာလီဘန် အကြမ်းဖက်သမားများနှင့် ဆက်သွယ် သူ ၁၃ ဦး အကျဉ်းထောင်တွင်း ထိန်းသိမ်းထား” သတင်းမှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment