Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ (အပိုင်း -၂)

  1. စီးပွားရေးထက် တည်ငြိမ်ရေးကို မြန်မာ ဦးစားပေးမည်

(31 January 2012 ရက်စွဲပါ Reuters ၏ Myanmar says it will put stability ahead of economy report ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာလူငယ်တို့၏ အသံများကြားရပြီ

(31 January 2012 ရက်စွဲပါ AFP ၏ Myanmar Youth make their voice heard ကို ဘာသာပြန်ဆိုသည်။)

*******************************************************************

စီးပွားရေးထက် တည်ငြိမ်ရေးကို မြန်မာ ဦးစားပေးမည်

(31 January 2012 ရက်စွဲပါ Reuters ၏ Myanmar says it will put stability ahead of economy report ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ယင်း၏ အစိုးရသည် နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ကတိပေးထားပြီးဖြစ်ကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုထက် တိုင်းပြည် တည်ငြိမ်ရေးကို ဦးစားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စင်္ကာပူ Straits Times သတင်းစာက အင်္ဂါနေ့က သတင်း ရေးသားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ်မှာ တည်မှီနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ တိုင်းပြည်ရဲ့ ဒုတိယ ဦးစားပေး ဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဒီမိုကရေစီသို့ ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါပြီ။ တိုင်းပြည်မှာ လျင်မြန်စွာ တိုးတက်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကျွန်တော်တို့ ပြုစု ပျိုးထောင်နေပါတယ်" ဟု ယင်းက ပြောသည်။

ဦးသိန်းစိန်သည် ယခင် စစ်အစိုးရ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် ပြင်ပ ကမ္ဘာသို့ တံခါးဖွင့်လာသည်နှင့်အမျှ ဝန်ကြီးများသည်လည်း မီဒီယာများနှင့် စကားပြောလာသည်။ သမ္မတကြီးက စီးပွားရေး ပြုပြင် ပြောင်းလဲမှုများတွင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းနှင့် စတော့ကိုလည်း စိတ်ဝင်စားကြောင်း ညွှန်းဆိုမှုများ ရှိခဲ့သည်။ "လောလောဆယ်တော့ ကျွန်တော်တို့မှာ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ မရှိသေးပါဘူး။ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ နည်းပညာအကူအညီတွေ ရှာနေပါတယ်" ဟု ယင်းက ပြောသည်။

ဂျပန်နိုင်ငံ၏ Daiwa Securities သည် ၁၉၉၀ ခုနှစ်က မြန်မာနိုင်ငံတွင် တည်ထောင်၍ စတော့အိတ်ချိန်း လုပ်ဆောင်ပုံများကို အကြံပေးခဲ့ဖူးပါသည်။ တောင်ကိုးရီးယား စတော့အိတ်ချိန်း၊ အော်ပရေတာ Korea Exchange ကလည်း အာဏာပိုင်များနှင့် စကားပြောခဲ့ဖူးသည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF သည် ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပေးလျက် ရှိသည်။ စင်္ကာပူက တနင်္လာနေ့က ပြောကြားရာတွင် ယင်းသည် မြန်မာနိုင်ငံမှ လူများအား မြို့ပြဖွံ့ဖြိုးမှုနှင့် စီးပွားရေး စီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ လေ့ကျင့် သင်ကြားပေးခြင်းများကို ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် စီးပွားရေး မြှင့်တင်ရန် စတင် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအား အခွန်ရွှေ့ဆိုင်းပေးခြင်း၊ ဆန်၊ ပဲ၊ ပြောင်း နှင့် ရာဘာကဲ့သို့သော ပစ္စည်းများ နိုင်ငံခြားသို့ တင်ပို့ခြင်းအတွက် အခွန် ကင်းလွတ်ခွင့် ပြုကြောင်း ကြေညာခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့သော် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က အင်္ဂါနေ့က ပြောကြားရာတွင် အာဆီယံ အဖွဲ့ကြီးထံမှ ကုန်သွယ်မှုနှင့် ပတ်သက်သော အကျိုးအမြတ်များ ခံစားနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် များစွာ လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ အားလုံးကို သိစေချင်တာက မြန်မာနိုင်ငံဟာ သူ့ပြည်တွင်းမှာ ညှိစရာတွေ ရှိလုပ်ရပါဦးမယ်။ ပြောင်းလဲမှု တစ်ချို့လုပ်ရပါဦးမယ်။ ဥပဒေ ပြင်ရပါဦးမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြင်ရပါဦးမယ်။ ထုတ်လုပ်မှုစနစ်တွေ ပြင်ရပါဦးမယ်။ ဒါတွေ မလုပ်သေးပဲနဲ့တော့ အာဆီယံနဲ့ ကမ္ဘာတစ်ခုလုံးနဲ့ အဆက်အသွယ် ပြုခြင်းကနေ ဘာ အကျိုးအမြတ်မှ မရနိုင်သေးပါဘူး" ဟု Surin Pitsuwan က တိုကျိုတွင် သတင်း ကွန်ဖရင့် တစ်ခု၌ ပြောခဲ့သည်။

"ကျွန်တော်တို့ဟာ သယံဇာတကိုပဲ မရှာသင့်ပါဘူး။ ဈေးပေါတဲ့ လေဘာတွေကိုပဲ မရှာသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေချင်ပါတယ်။ ဒါမှ သူတို့ မှန်တဲ့ လမ်းကြောင်းကို လိုက်လျှောက်နိုင်မယ်။ ကျွန်တော်တို့ မှားခဲ့တာတွေကို ရှောင်နိုင်မယ်။ ဒါပေမယ့် မြန်မာအနေနဲ့ အာဆီယံကို တည်မှီနေရမှာပါပဲ" ဟု ယင်းက ပြောသည်။

*****************************************************************************************************************

မြန်မာလူငယ်တို့၏ အသံများကြားရပြီ

(31 January 2012 ရက်စွဲပါ AFP ၏ Myanmar Youth make their voice heard ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ လူငယ်များသည် ဒီမိုကရေစီအတွက် ကာလကြာရှည်ရုန်းကန်ရမှုတွင် သူစိမ်းတစ်ရံစာများ မဟုတ်ပေ။ ယခုအခါ အစိုးရသည် တံခါးဖွင့်ပေးပြီးခောတ်သစ်တစ်ခုအတွက် ကတိပေးထားပြီးဖြစ်၍ ၎င်းတို့သည် နိုင်ငံရေးကို အရိပ်တစ်ခုအောက်တွင် လုပ်နေရာမှ ရဲရဲဝံ့ဝံ့ထွက်လာဝံ့ကြပြီ ဖြစ်သည်။ ၎င်းတို့၏ စိတ်ပါဝင်စားမှုသည် သွေးသစ်လောင်းရန်လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။ လက်ရှိ NLD တွင် ထိပ်ပိုင်းနေရာများအား အန်ကယ်ဟုခေါ်သော ၈ဝ ကျော် ၉ဝ အရွယ်များက နေရာယူထားသည်။

အတိုက်အခံပါတီသည် ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် အရှိန်မြင့်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် ဒါဇင်များစွာသည် လွှတ်တော်အတွင်းသို့ ပထမဆုံး ဝင်ရောက်ရန် ရှိရာ ငယ်ရွယ်သူ အများစုသည် တိုက်ပွဲဝင်ရန် အသင့်နားစွင့်နေကြသည်။ ‘‘ကျွန်မ အမှန်တရားအတွက် တိုက်ပွဲဝင်ချင်တယ်’’ ဟု NLD အဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ်ရှိ သူဇာလွင်က ပါတီ၏ ယိုင်နဲ့နေသော ရန်ကုန်ရုံးချုပ်တွင် ပြောခဲ့သည်။ ‘‘ကျွန်မတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယုံတယ်’’ ဟုလည်း သူမက ပြောသည်။

မြန်မာနိုင်ငံမှ လူငယ်များသည် စစ်တပ်အုပ်ချုပ်ရေးနှင့်ဖိနှိုပ်မှုများကို တော်လှန်ရာတွင် ဦးဆောင်သူများ ဖြစ်ခဲ့သော်လည်း ယခင်က လမ်းပေါ်တွင် ဆန္ဒပြခြင်း၊ အမှောင်ရိပ်ခိုရခြင်းများသာ လုပ်ခဲ့ရသည်။ ယခုအခါ ၎င်းတို့၏အသံများကြားအောင် လုပ်ခွင့်ရလာပြီဟု ခံစားလာကြရသည်။ ‘‘အစိုးရက ကျွန်တော်တို့ကို အမြဲတမ်းသံသယရှိနေတာ၊ အခုတော့ ကျွန်တော်တို့လွတ်လပ်သွားပါပြီ’’ ဟု ၂၁ နှစ်အရွယ်ရှိကျောင်းသား ဇေယျာဖြိုးက ပြောသည်။ ၁၉၈၈ ခုနှစ်အရေးအခင်းကြီးတွင် ကျောင်းသားများသည်ရှေ့တန်းမှ ပါဝင်ခဲ့ပြီး အစိုးရ၏နှိပ်ကွပ်မှုကြောင့် လူ (၃ဝဝဝ) ခန့်သေဆုံးပြီး ကျောင်းသားအများစုမှာ အစိုးရ၏ အနီးကပ်စောင့်ကြည်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင်လည်း ထိုကျောင်းသားများကပင် ဘုန်းတော်ကြီး ကျောင်းများနှင့် ရွှေဝါရောင် တော်လှန်ရေးကို ဖြစ်ပေါ်စေရာ အစိုးရက နှိမ်နှင်းခဲ့ပြန်သည်။ အများစုကို ထိုစဉ်က ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ အချို့မှာ နိုင်ငံတကာ၏ တောင်းဆိုမှုကြောင့် မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာကြသည်။ ၎င်းတို့သည် အသက် လေးဆယ်တန်းသို့ ရောက်လာကြပြီဖြစ်ရာ ယခုအခါ မျိုးဆက်သစ်သို့ လမ်းကြောင်းဖော်ပေးလျှက်ရှိသည်။

‘‘ကျွန်တော်တို့မငယ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေနဲ့ အလုပ်လုပ်ဖို့ကြိုးစားနေပါတယ်။ နောက်တစ်လ၊ နှစ်လအတွင်း ပူးပေါင်းလုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်’’ ဟု NLD လူငယ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မျိုးညွန့်က ပြောသည်။ ‘‘ အခု လူငယ်အတော်များများ ကျွန်တော်တို့ NLD ပါတီဝင်ချင်နေပါတယ်’’ ဟု ၎င်းကပြောသည်။ သို့သော် အားလုံးက NLD သို့သာ ဝင်ရောက်ရန် ကြိုးပမ်းနေကြသည် မဟုတ်ပါ။ အသက် ၂၃ နှစ်ရှိ ဘိုဘိုသည် ၂၀၀၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ကာ Generation Wave မြေအောက်လှုပ်ရှားမှုသို့ ဝင်ရောက်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ဂီတ၊ကဗျာနှင့် အခြားငြိမ်းချမ်းသော ဖော်ပြမှုများနှင့် နိုင်ငံရေးလှုပ်ရှားခဲ့ကြသည်။ ယခုအခါ အဆိုပါအုပ်စုသည် နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုပွင့်ပွင့်လင်းလင်းလုပ်လာပြီး လူများစုဆောင်းလျှက်ရှိသည်။ ‘‘ကျွန်တော်တိုင်းပြည်အတွက် တစ်ခုခုလုပ်ပေးချင်တယ်’’ ဟု ဘိုဘိုက ပြောသည်။

‘‘၂၀၀၇ ခုနှစ်တုန်းက ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို ရက်ရက်စက်စက်တိုက်ခိုက်တာတွေမြင်ရတော့ ကျွန်တော်အရမ်းစိတ်ဆိုးပြီး နိုင်ငံရေးလုပ်ချင်လာတယ်’’ တိုင်းပြည်အတွက် ပိုလုပ်ချင်လာတယ် ဟု ၎င်းက ပြောသည်။ ၎င်းတို့အထဲမှာ အဖွဲ့ဝင် (၃၀)ကျော် အဖမ်းခံရပြီး၊ ယခုအပြောင်းအလဲတွင် ပြန်လည် လွတ်မြောက်လာကြသည်။ ‘‘ကျွန်တော်တို့ နိုင်ငံရေးပါတီ မထောင်ပါဘူး။ကျွန်တော်တို့က လှုပ်ရှားနေတဲ့ အဖွဲ့ကြီးပဲဖြစ်ချင်တာ’’ ဟု ဘိုဘိုက ပြောသည်။

မဲပေးမည့်လူငယ်အတော်များများသည် ဧပြီလ (၁)ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ အစိုးရသစ်က ယခုရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ကတိပေးထားသည်။ အစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ကိုင်ပြီး စောင့်ကြည့်နေသူများကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။

ယခုလအကုန်က ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးဆင်းရာတွင် ထောင်ပေါင်းများစွာသော ပျော်ရွှင်စွာ ထောက်ခံသူများက နှုတ်ဆက်ကြရာ အကောင်းမြင်ရမည့် ရနံ့များလေထဲတွင် ပျံ့နေသည်။ ‘ဘယ်တုန်းအခါကနဲ့မှ မတူအောင်ပြောင်းလဲနေပြီလို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ဘာမဆိုဖြစ်နိုင်နေပါပြီ’’ ဟု ကျောင်းသားဇေယျာဖြိုးက ပြောသည်။

********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment