Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာ့ဆန်တင်ပို့မှု နှစ်ဆဖြစ်လာပြီး ထိုင်းနှင့်ဗီယက်နမ်ကို စိန်ခေါ်လာတော့မည်

(Bloomberg မှ 31 January 2012 ရက်စွဲပါ Supunnabul Suwannakji ရေးသားသော Rice exports from Myanmar seen doubling in challenge to Thailand, Vietnum ကို ဘာသာ ပြန်ဆိုသည်)

  1. ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာသို့ရောက်

(Monsters and Critics မှ 31 January 2012 ရက်စွဲပါ UN human rights rapporteur visits Myanmar amid political changes ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************

မြန်မာ့ဆန်တင်ပို့မှု နှစ်ဆဖြစ်လာပြီး ထိုင်းနှင့်ဗီယက်နမ်ကို စိန်ခေါ်လာတော့မည်

(Bloomberg မှ 31 January 2012 ရက်စွဲပါ Supunnabul Suwannakji ရေးသားသော Rice exports from Myanmar seen doubling in challenge to Thailand, Vietnum ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် သန်းပေါင်း (၁.၅)မက်ထရစ်တန်ထက် နှစ်ဆကျော်လိမ့်မည်ဟု စက်မှုလုပ်ငန်းအုပ်စုတစ်ခုက ခန့်မှန်းခဲ့သည်။ အစိုးရက နိုင်ငံရပ်ခြားကုန်သွယ်ရေးကို တိုးမြှင့်ရန်အလို့ငှာ ဆန်ဝယ်ယူမှုကို ပြုပြင်ပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။ အစိုးရက စပါး စိုက်ပျိုးရန် ပိုမိုအားပေးသည့်အနေဖြင့် စပါးဈေးကွက်ဈေးထက်မြှင့်၍ ဝယ်ယူခဲ့သည်။ ဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် တန်နှစ်သန်းထိ တိုးလာမည် ဖြစ်ပြီး ၂ဝ၁၅ တွင် တန် ၃ သန်းသို့ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ဆန်စပါး ထုတ်လုပ်သူများအသင်း၏ အဆိုအရ သိရှိရသည်။ မြန်မာနိုင်ငံက ၂ဝ၁၁ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်း တင်ပို့ပြီး ဖြစ်သည်။

ဆန်တင်ပို့မှုတိုးတက်လာခြင်းသည် ကမ္ဘာကြီးအတွက် ရိက္ခာဖူလုံမှုကို တိုးတက်စေပြီး ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယတို့နှင့်လည်း အပြိုင်အဆိုင် တင်ပို့မှုကို ဖြစ်စေသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု တိုးတက်လာခြင်းကြောင့် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှုအများဆုံး နံပါတ်(၆)နေရာသို့ ရောက်ရှိမည် ဖြစ်ပြီး ၁၉၆ဝ ခုနှစ်ကတည်းက ဆန်ပမာဏအများဆုံးတင်ပို့နိုင်သည့်နှစ် ဖြစ်သည်။ ၁၉၆ဝခုနှစ်က မြန်မာနိုင်ငံသည် ဆန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ အချက်အလက်များအရ သိရှိရသည်။

“မြန်မာနိုင်ငံဈေးကွက်ထဲ ရောက်လာတော့ ထိုင်းရဲ့ ဈေးကွက်အချို့ ဖဲ့ပေးရဖို့ရှိပါတယ်။ ရေရှည်မှာ မြန်မာနိုင်ငံမှာ ဩဇာကောင်းတဲ့မြေနဲ့ ရေရှိတာကြောင့် ထိပ်တန်းတင်ပို့သူ ဖြစ်လာဖို့ အလားအလာ ရှိပါတယ်” ဟု ထိုင်းဆန်တင်ပို့သူအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Vichai Sriprasert က ပြောသည်။ ထိုင်းနိုင်ငံတွင် ၁ဝဝ% အဆင့်-ခ ဆန်သည်နိုဝင်ဘာလက သုံးနှစ်အတွင်း အများဆုံးရရှိခဲ့ရာမှ ရုတ်တရာက် ၁၈% ကျဆင်းခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တစ်တန်လျှင် ၅၄.၆ ဒေါ်လာသာ ဈေးပေါက်ခဲ့သည်။ ချီကာဂို ကုန်သွယ်ရေးဘုတ်တွင် စင်ကာပူစံတော်ချိန် ၅း၃၃ pm ၌ ဆန်ကြမ်းပေါင် ၁ဝဝ လျှင် ၁၄.၄၉ ဒေါ်လာဈေးပေါက်ရာ ယခုနှစ်တွင် ၂.၅% ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ဈေးကျသွားရခြင်းမှာ အိန္ဒိယသည် ဘာစမတ်တီ မဟုတ်သော ဆန်ကို တင်ပို့မှု ၄ နှစ်ပိတ်ထားခဲ့ရာမှ ယခု ပြန်လည် ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည် ယင်း၏ သဘာဝသယံဇာတများကို အသာစီးယူအသုံးချတတ်ပါက ငယ်ရွယ်သော လုပ်သား အင်အားစုနှင့် တရုတ်၊ အိန္ဒိယတို့ နီးကပ်နေခြင်းတို့ကြောင့် အာရှ၏ နောက်ထပ်စီးပွားရေးပါဝါဖြစ်ရန် အလားအလာ ကောင်းကြောင်း နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)က ပြီးခဲ့သည့် အပတ်က ပြောသည်။ မြန်မာနိုင်ငံသည် ၂ဝ၁၁-၂ဝ၁၂ တွင် ၅.၅% တိုးတက်ခဲ့ကြောင်းလည်း IMF က ပြောရာတွင် ပါဝင်သည်။

သမ္မတဦးသိန်းစိန်သည် အကျဉ်းသားများလွှတ်ပေးခြင်း၊ အတိုက်အခံနှင့် ဆက်ဆံရေးများ ပြုလုပ်ခြင်းတို့ကြောင့် အမေရိကန်နှင့် ဥရောပတို့အား ယင်းတို့ချမှတ်ထားသော အရေးယူမှုများကို ပြန်လည်သုံးသပ်ရန် ဖြစ်ခဲ့သည်။ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံတွင် အစိုးရသည် နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ခြင်းကြောင့် အာမခံချက် အများဆုံးရှိသော အာရှဈေးကွက်တစ်ခု ဖြစ်လာသည်ဟု ရင်းနှီးမြှုပ်နှံသူ ဂျင်မ်ရော်ဂျာက နိုဝင်ဘာလက ပြောကြားခဲ့သည်။

ပြည်တွင်းစားသုံးမှုသည် တစ်နှစ်လျှင် တန်ပေါင်း ၁၁.၅ သန်းမှ ၁၂ သန်းထိ ရှိရာ ကြိတ်ခွဲပြီးဆန်ထုတ်လုပ်မှုသည် ၁၁% တိုးလာပြီး တန် ၁၃.၅ သန်းရှိကာ လာမည့်သုံးနှစ်အတွင်း တန်သန်းပေါင်း၁၅.၅ သို ရောက်မည်ဟု ဆန်စပါးအသင်းက email တွင် ပြောသည်။ ဆန်အဖြူအတွက် ပစ်မှတ်ထားသော ဈေးကွက်များမှာ အာဖရိက၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြောင်း ယင်းကဆိုသည်။

အစိုးရသည် ဆန်ကြမ်းကို ဈေးကွက်ဆန်ဈေး၏ ၁ဝ% မြှင့်၍ ဝယ်ယူခြင်းကြောင့် စပါးတိုး၍ စိုက်ပျိုးရန် တွန်းအား ဖြစ်ခဲ့သည်ဟု အဆိုပါ အသင်းက ပြောသည်။ ယင်းအစီအစဉ်ကို ဇန်နဝါရီလလယ်တွင် စတင်သည်ဟုလည်း ဆိုသည်။ တစ်ကမ္ဘာလုံးရှိဆန်သည် ၃% တိုးလာခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ တွင် တန်သန်းပေါင်း ၁ဝဝ.၁ ဖြစ်လာကာ ၂ဝဝ၃ ခုနှစ်ပြီးကတည်းက အမြင့်ဆုံးဖြစ်လာသည်။ တစ်ကမ္ဘာလုံးဆန်စပါးထုတ်လုပ်မှုသည် ၂.၅% တိုးတက်လာပြီး စံချိန်တင် တန်ချိန်သန်းပေါင်း ၄၆.၄ ရှိလာသည်ဟု USDA ၏ အဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံပိုင် Bulog သို့ ဆန်ဖြူတန်ချိန် နှစ်သိန်းရောင်းချရန် သဘောတူခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ သီးခြားထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။ အဆိုပါ တင်ပို့မှုသည် အင်ဒိုနီးရှားနိုင်ငံသို့ ဆယ်နှစ်အတွင်း ပထမဆုံး ပြန်လည် တင်ပို့ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

**********************************************************************

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာသို့ရောက်

(Monsters and Critics မှ 31 January 2012 ရက်စွဲပါ UN human rights rapporteur visits Myanmar amid political changes ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံသို့ မနေ့က ရောက်ရှိလာခဲ့သည်။ ယင်းသည် ခြောက်ရက်ကြာခရီးစဉ်အတွင်း သူပုန်နယ်မြေများသို့လည်း သွားရောက်မည် ဖြစ်သည်။ “အခု လာရောက်တဲ့ မစ်ရှင်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်” ဟု ကင်တားနားက မြန်မာနိုင်ငံသို့မထွက်ခွာမီ ဂျီနီဗာ၌ ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခုတိုးတက်မှုတွေကြားမှာ လူ့အခွင့်အရေးအခြေအနေကို အကဲဖြတ်ဖို့နဲ့ ကျွန်တော်ရဲ့ ၂ဝ၁၁ ဩဂုတ်လ မစ်ရှင်ကို ဆက်လုပ်စရာရှိတာတွေ လုပ်ဖို့ပါပဲ။” ဟု ကင်တားနားက ပြောသည်။ ယင်းသည် ဗုဒ္ဓဟူးနေ့(ယနေ့)တွင် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌနှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။

ယခုရက်သတ္တပတ်အကုန်တွင် ယင်းသည် ဘားအံနှင့်မော်လမြိုင်သို့ သွားရောက်၍ မကြာသေးမီက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားသူပုန်အုပ်စုများနှင့် တွေ့ဆုံမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဆိုးဝါးဆုံး လူ့အခွင့်အရေး ကျူးလွန်မှုများမှာ တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ကင်တားနား၏ ယခုမြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ အပြည့်အစုံကို လာမည့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

*************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment