Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ရွေးကောက်ပွဲတွင် နိုင်ငံခြားစောင့်ကြည့်လေ့လာသူများကို အစိုးရခွင့်ပြုဖွယ်ရှိ

(Associated Press မှ 5 February 2012 ရက်စွဲပါ UN envoy says Myanmar may allow election observers ကို ဘာသာ ပြန်ဆိုသည်)

  1. ဓာတ်ငွေ့သိုက်ရှာဖွေမှု ဂျပန်က ကန့်ကွက်ခြင်းကို တရုတ်ပယ်ချ

(Associated Press မှ 3 February 2012 ရက်စွဲပါ China rejects Japan protest over gas exploration ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာအပေါ် အရေးယူမှုများ ပြန်လည်စဉ်းစားသင့်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

(The Straits Times မှ 3 February 2012 ရက်စွဲပါ US should reconsider Burma sanctions, says S’pore FM ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ပါတီထိပ်တန်းနေရာများအတွက် မျိုးဆက်များတိုးပွား

(The Peninsula မှ 5 February 2012 ရက်စွဲပါ Youth swell ranks of Suu Kyi’s party ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************************

ရွေးကောက်ပွဲတွင် နိုင်ငံခြားစောင့်ကြည့်လေ့လာသူများကို အစိုးရခွင့်ပြုဖွယ်ရှိ

(Associated Press မှ 5 February 2012 ရက်စွဲပါ UN envoy says Myanmar may allow election observers ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အထင်ကရ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တိုင်းတာရန်အတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ထားကြသော ဧပြီလရွေးကောက်ပွဲများတွင် နိုင်ငံခြားစောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် မြန်မာအစိုးရက စဉ်းစားနေသည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အဆက်မပြတ် ထွက်ပေါ်နေခြင်း၊ ပြောင်းလဲမှုမြန်ဆန်ခြင်း၊ ကမ္ဘာတစ်ဝှမ်း မြန်မာ့ရေးရာအကဲခတ်များ အံ့အားသင့်အောင် ဆောင်ရွက်ပြခြင်းတို့ကို ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားသည် ယင်း၏ ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးအလွန် ပြီးခဲ့သောမတ်လက အာဏာရလာခဲ့သော အရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေး အကျဉ်းသားများ အရေအတွက် ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ရပ်စာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ မီဒီယာ ဆင်ဆာကို ဖြေလျှော့ကာ လွတ်လပ်ခွင့် ပေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် မြန်မာ့အရေး ပြင်းထန်စွာ ပြစ်တင်ဝေဖန်လေ့ရှိသူများကိုပင် အံ့အား သင့်စေခဲ့သည်။

“ဒီမှာ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုရှိအောင် ပြုလုပ်ခဲ့ပြီးပြီဆိုတာကို ကျွန်တော့်မစ်ရှင်က အတည်ပြုပါတယ်။ ဒါပေမဲ့လည်း ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ကျန်ရှိနေသေးလို့ ဖြေရှင်းကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အခုအချိန်ထိ ရရှိထားတဲ့ တိုးတက်ပြောင်းလဲမှုကို နောက်ပြန်ဆွဲနိုင်တဲ့ အန္တရာယ် ရှိနေပါသေးတယ်” ဟု ကုလကိုယ်စားလှယ်က ပြောကြားသည်။

ကင်တားနားသည် မြန်မာခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံတကာက အလွန်စိတ်ဝင်စားနေကြသော ရွေးကောက်ပွဲဝင်တော့မည့် ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် စုံလင်အောင် တွေ့ဆုံခဲ့သည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး ကတိကဝတ်များအတွက် အရေးကြီးသော စမ်းသပ်မှုဖြစ်လိမ့်မည်ဟုလည်း ပြောသည်။

“ရွေးကောက်ပွဲတွေရဲ့ ယုံကြည်ချင်စရာဂုဏ်သိက္ခာဟာ မဲပေးတဲ့နေ့တစ်ရက်ထဲကိုသာ အခြေခံပြီး ဆုံးဖြတ်လို့ မရပါဘူး။ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ရပ်လုံးနဲ့ ရွေးကောက်ပွဲနေ့ နောက်ပိုင်း အခြေအနေတွေအားလုံးကို အခြေခံပြီး ဆုံးဖြတ်ရမှာပါ” ဟု ကင်တားနားက အလေးအနက် ထုတ်ဖော်ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ရွေးကောက်ပွဲ၌ နိုင်ငံတကာအကဲခတ်လေ့လာသူများအား ခွင့်ပြုရန် စဉ်းစား သုံးသပ်နေသည်ဟု သိရှိခဲ့ရကြောင်း ယင်းက ဆက်လက်ပြောသည်။ နောက်ဆုံးရွေးကောက်ပွဲနှစ်ခု ဖြစ်သည့် ၁၉၉ဝ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ စေလွှတ်မှုကို ပယ်ချခဲ့သော တံခါးပိတ် သံချေးတက် မြန်မာနိုင်ငံအတွက် ယခုတစ်ကြိမ် ပြည်ပ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုခြင်းသည် အဓိက တိုးတက်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ဧပြီလရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးခေတ်က မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော အနောက်နိုင်ငံ Sanctions များ ရုတ်သိမ်းပေးရေးအတွက် အဓိကစမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မည်ဟု နေပြည်တော်သို့ တဖွဲဖွဲရောက်ရှိနေကြ သော အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုထားသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များက အရေအတွက် အတိအကျ မသိရသေးသော နိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ဖမ်းဆီးထားခြင်းကြောင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်စရာများ ကျန်ရှိနေသည်ဟု ကင်တားနားက ပြောကြား၍ ဆက်လက်ဖမ်းဆီးထားသူ မည်မျှ ရှိကြောင်း စုံစမ်းလေ့လာခွင့်ပေးရန် အစိုးရကို တောင်းဆို တိုက်တွန်းခဲ့သည်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရအဖွဲ့နှင့် အခြားအာဏာပိုင်ရာထူးများ ခန့်အပ်ခံရသူများ၏ လစ်လပ်အမတ်နေရာများကို ဖြည့်တင်းရန် ကျင်းပပေးခြင်းဖြစ်သည်ဟု သိရသည်။

*****************************************************************************

ဓာတ်ငွေ့သိုက်ရှာဖွေမှု ဂျပန်က ကန့်ကွက်ခြင်းကို တရုတ်ပယ်ချ

(Associated Press မှ 3 February 2012 ရက်စွဲပါ China rejects Japan protest over gas exploration ကို ဘာသာ ပြန်ဆိုသည်)

အရှေ့တရုတ်ပင်လယ်ပြင်မှ ဓာတ်ငွေ့သိုက်များကို တရုတ်နိုင်ငံက ကျင့်ဝတ်သိက္ခာ မစောင့်စည်းဘဲ ရှာဖွေနေခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ကန့်ကွက်ဆန္ဒပြမှုများကို ဘေဂျင်းက ပယ်ချလိုက်သည်။

တရုတ်နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်ရာ၌ လက်ရှိဓာတ်ငွေ့ရှာဖွေရေး လုပ်ဆောင်နေမှုများသည် တရုတ် နိုင်ငံက ထိန်းချုပ်ထားသော ရေပြင်နယ်နိမိတ်အတွင်း ပြုလုပ်ခြင်းဖြစ်၍ လုံးဝဥဿုံ ပုံမှန်အဆင့်သာ ဖြစ်ကြောင်းနှင့် ဂျပန်တာဝန်ရှိသူများ၏ လတ်တလော မှတ်ချက်ပေးမှုများအပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဖော်ပြထားသည်။

ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ်ကမူ ပင်လယ်ရေအောက် ဓာတ်ငွေ့သိုက်နေရာရှိ တရုတ်တို့၏ ရှာဖွေရေးစင်မှ မီးတောက်ထွက်ပေါ်လာခြင်းကို ယခင်ရက်က မြင်တွေ့ခဲ့ရပြီးနောက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ဂျပန်နိုင်ငံတွင် ကာရှီ၊ တရုတ်နိုင်ငံတွင် တန်ဝေတန်ဟု ခေါ်ဝေါ်ကြသော ဓာတ်ငွေ့သိုက်များသည် ယင်းတို့နှစ်နိုင်ငံ၏ သီးသန့်စီးပွားရေး ရေပြင်နယ်နိမိတ်များ ထိစပ်နေသော အလယ်မျဉ်း၏ အနီးတွင် တည်ရှိသည်ဟု သိရှိရသည်။

ဂျပန်နှင့် တရုတ်နိုင်ငံသည် အဆိုပါ ကိစ္စကို ဆက်တိုက်ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ၎င်းရေပြင်တွင် တစ်ဖက်သတ် ဓာတ်ငွေ့ ရှာဖွေခြင်းကို ရပ်ဆိုင်းထားကြရန် ၂ဝဝ၈ ခုနှစ်က သဘောတူထားခဲ့သည်။

***********************************************************************

အမေရိကန်က မြန်မာအပေါ် အရေးယူမှုများ ပြန်လည်စဉ်းစားသင့်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

(The Straits Times မှ 3 February 2012 ရက်စွဲပါ US should reconsider Burma sanctions, says S’pore FM ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ကာလရှည်ကြာကပင် ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများကို ပြန်လည် စဉ်းစား သုံးသပ်သင့်ပြီး ပြည်တွင်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အားပေးသင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး K.Shanmugam က တိုက်တွန်းခဲ့သည်။ သို့သော် အဆိုပါလုပ်ငန်းတွင် ရှုတ်ထွေးသော ဥပဒေဆိုင်ရာကိစ္စများ ပါဝင်နေခြင်းကြောင့် စင်ကာပူအနေဖြင့် မည်သည့်အချိန်တွင် မည်သို့ ရုတ်သိမ်းနိုင်သည် ဆိုသည်ကို အကြံပြုရန် မလွယ်ကြောင်း ယင်းအနေဖြင့် သိရှိသည်ဟု ဆိုသည်။

“ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ရော၊ အမေရိကန်နဲ့ရော မိတ်ဆွေတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံက အခု လုပ်ငန်းစဉ်တွေကို အားပေးဖို့ လိုတယ်ဆိုတာပါပဲ” ဟု ယင်းက ပြောသည်။ Shanmugam သည် အထက်ပါမှတ်ချက်များကို ဝါရှင်တန်တွင် Associated press နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သူ ဖြစ်သည်။ “မြန်မာ ပြည်သူတွေဟာ အကူအညီလိုအပ်နေပါတယ်။ စီးပွားရေးအရ အရေးယူမှုတွေဟာ ပြည်သူတွေကို အကူအညီမဖြစ်ပါဘူး” ဟု ၎င်းက စင်ကာပူမီဒီယာသို့ ပြောသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သောလများအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် အပစ်အခတ်ရပ်စဲခြင်း အပါအဝင် ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများကို လျင်မြန်စွာ ပြုလုပ်ခြင်းကြောင့် အမေရိကန်နှင့် ဥရောပတို့သည် အရေးယူမှုများ ရုတ်သိမ်းရေးကို စဉ်းစားသင့်သည်ဟူသော ပြောဆိုမှုများ ရှိလာခဲ့သည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အရေးပါသော ခြေလှမ်းများဖြင့် တုံ့ပြန်ခဲ့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်နှင့် သံတမန်ရေးအရ အပြည့်အဝဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် ကြေညာခြင်းများ ပါဝင်ခဲ့သည်။ သို့သော် အရေးယူမှုများ ရုတ်သိမ်းရေးအတွက်မူ သတိထားလျက် မည်သည့်ကတိမျှ ပေးခြင်းမရှိသေးပေ။

Shanmygam က ပြောကြားရာတွင် ယင်းနှင့် ဟီလာရီကလင်တန်တို့သည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာနတွင် တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံအကြောင်း အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးသောအကြောင်းအရာ အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

“ကျွန်တော်တို့ အမြဲတမ်းပြောခဲ့တာက မြန်မာနိုင်ငံနဲ့ဆက်ဆံရာမှာ နည်းလမ်းနှစ်ခုတည်းနဲ့ ချဉ်းကပ်တာထက်စာရင် အားပေးတာ ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ အခုလည်း အရေးယူပိတ်ဆို့မှုတွေကို ပြန်ကြည့်ပြီး သူတို့ရဲ့ အသုံးဝင်မှုရှိမရှိ ပြန်စဉ်းစားဖို့ အချိန်ရောက်နေပါပြီ” ဟု ဝန်ကြီးက ဆိုသည်။

AP နှင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဝန်ကြီးသည် အာရှိတွင် အမေရိကန်တို့ ဆက်ဆံရေး အသစ်ပြန်စလာမှုအပေါ် စင်ကာပူ၏ အမြင်၊ လက်ရှိတောင်တရုတ်ပင်လယ်မှ နယ်မြေအငြင်းပွားမှုများနှင့် ပစိဖိတ်တလွှား လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးများ၊ အဓိကကုန်သွယ်ရေး အင်အားကြီးများအကြား စိတ်ဝင်စားနေသော လုပ်ဆောင်နေဆဲ ဖြစ်သည့် နိုင်ငံစုံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကိစ္စများကို ပြောဆိုခဲ့သည်။

***************************************************************************

ဒေါ်အောင်ဆန်းစုကြည်၏ပါတီထိပ်တန်းနေရာများအတွက် မျိုးဆက်များတိုးပွား

(The Peninsula မှ 5 February 2012 ရက်စွဲပါ Youth swell ranks of Suu Kyi’s party ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက ယခုအခါလွတ်လပ်ပွင့်လင်းမှု ခေတ်သစ်တစ်ခုကို ခွင့်ပြုလိုက်လျောရန် ကတိပြုထားပြီ ဖြစ်သည့်အလျှောက် နိုင်ငံ၏ကာလရှည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် မစိမ်းသော မြန်မာလူငယ်များသည် နိုင်ငံရေးကန့်သတ်မှု လောင်းရိပ်အောက်မှ ရုန်းကန်တိုးထွက်ရန် ပိုမိုရဲရင့်လာကြသည်ကို တွေ့မြင်ရသည်။

NLD ၏အန်ကယ်ကြီးများ (သို့) ဘိုးတော်ကြီးများဟု လူသိများသော အသက် ၈ဝ အရွယ်၊ ၉ဝ အရွယ် လူအိုများက ထိပ်တန်းနေရာများကို ရယူထားကြသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွက် များစွာ လိုအပ်နေသော သွေးသစ်လောင်း မျိုးဆက်များ၏ ကဏ္ဍကို ဖြည့်ဆည်းရန် အထက်ပါ လူငယ် မျိုးဆက်သစ်တို့၏ စိတ်အားထက်သန်မှုများက ကမ်းလှမ်းလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီဝင် နှစ်ဒါဇင်ကျော်တို့ ပထမဆုံးအကြိမ် လွှတ်တော်တွင်းသို့ ဝင်ရောက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကာ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် အတိုက်အခံပါတီက ဂီယာတင် အရှိန်မြှင့်လာခြင်းနှင့်အတူ များစွာသော လူငယ်များကလည်း နိုင်ငံရေးတိုက်ပွဲအတွက် ဦးတည်လှုပ်ရှားလျက်ရှိသည်။

ရန်ကုန်မြို့တော်ရှိ ဟောင်းနွမ်းအိုမင်းနေသော ပါတီဌာနချုပ် အဆောက်အအုံတွင် မကြာသေးမီက လွတ်မြောက်လာသူ အတိုက်အခံနိုင်ငံရေး သမားများကို ပါတီဝင်စာရင်းသို့ ပြန်လည်မှတ်ပုံတင်ခြင်းကို ကူညီပေးနေသော NLD ပါတီဝင် အသက် ၂၅ နှစ်အရွယ် သူဇာလွင်က “ကျွန်မကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ချင်တဲ့ဆန္ဒ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာလူငယ်များသည် နိုင်ငံ၏ ဖိနှိပ်ချုပ်ချယ်သော စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဆယ်စုနှစ်ချီ တော်လှန်ရေးတွင် ရှေ့တန်းမှ အမြဲတစေ ပါဝင်ခဲ့ကြသော်လည်း များသောအားဖြင့် လမ်းပေါ်ဆန္ဒပြမှု (သို့) မြေအောက် နိုင်ငံရေးအဖြစ် ခက်ခက်ခဲခဲ လှုပ်ရှားခဲ့ကြရခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ သူတို့၏ သဘောထားကို ပိုမိုထုတ်ဖော်နိုင်ခွင့် ရှိလာပြီဟု လူငယ်များက ယူဆကြသည်။ “အစိုးရက ကျွန်တော်တို့ကို အမြဲတမ်းသံသယ ရှိခဲ့တယ်။ အခုတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်ပြီး လွတ်လပ်ခွင့်ရှိလာပါပြီ” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသား ဇေယျာဖြိုးက ပြောသည်။

၁၉၈၈ ခုနှစ်က လူပေါင်း ၃ဝဝဝ ခန့်သေဆုံးခဲ့ရသည်အထိ ရက်ရက်စက်စက် ဖြိုခွဲခံခဲ့ရသော အကြီးတကာ့အကြီးဆုံး တပ်မတော်အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုတွင် ကျောင်းသားများက ရှေ့တန်းမှ ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment