Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သြဇာလွှမ်းမိုးမှု ပြိုင်ဆိုင်ရန် အမေရိကန်က မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်

(Sydney Morning Herald မှ 6 February 2012 ရက်စွဲပါ US serambles black into Burma in a race for influence ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ဒေသတွင်း ဆွေးနွေးပွဲကျင်းပ

(Radio Australia မှ 5 February 2012 ရက်စွဲပါ Burma hosts regional dialogue ကို ဘာသာ ပြန်ဆိုသည်)

  1. တပ်ခ်ခရိုင်တွင် စစ်ဆေးရေးဂိတ်များ ထပ်မပိတ်ရန် ထိုင်းက မြန်မာနှင့် ဆွေးနွေးရန်စီစဉ်

(Bangkok Post မှ 5 February 2012 ရက်စွဲပါ Surapong plans Myanmar talks to stop checkpoint enclosures ကို ဘာသာ ပြန်ဆိုသည်)

  1. စီးပွားရေးဆွေးနွေးမှုများပြုလုပ်ရန် သြစတြေးလျလုပ်ငန်းရှင်များမြန်မာသို့ရောက်ရှိ

(ABC News မှ 5 Feb 2012 ရက်စွဲပါ Australians in Burma for business talks ကို ဘာသာပြန်ဆိုသည်)

***************************************************************************************

သြဇာလွှမ်းမိုးမှု ပြိုင်ဆိုင်ရန် အမေရိကန်က မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်

(Sydney Morning Herald မှ 6 February 2012 ရက်စွဲပါ US serambles black into Burma in a race for influence ကို ဘာသာပြန်ဆိုသည်)

အမေရိကန်များသည် မြန်မာနိုင်ငံသို့ ပြန်လာနေပြီ ဖြစ်သည်။ ဟိုတယ်ဓာတ်လှေကားထဲတွင် ပိုက်လိုင်း တည်ဆောက်သည့် တရုတ် အင်ဂျင်နီယာများနှင့်အတူ တွေ့ရသူ လူစိမ်းများမှာ အမေရိကန်ဆီနိတ်တာများ၊ စီးပွားရေး အကြီးအကဲများနှင့် ပညာရှင်များ ဖြစ်ကြသည်။ လွန်ခဲ့သော ခြောက်လက ရန်ကုန်တွင် ဟိုတယ်များ လူမရှိဖြစ်ခဲ့သော်လည်း ယခင်က ပြင်ပကမ္ဘာက မြန်မာအစိုးရအား ခေါင်းမာပြီး လျှို့ဝှက်တတ်သူအဖြစ် မြင်ကြပြီး ယခုအခါ နိုင်ငံရေး တံခါးဖွင့်ခဲ့ပြီး စီးပွားရေးအရ အထီးကျန်မှုနှင့် ထိန်းချုပ်မှုများ အဆုံးသတ်ရန် အာမခံချက် ရှိလာသောကြောင့် ယခုဟိုတယ်များ လူအပြည့် ဖြစ်နေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧပြီလတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရန် အိုကေဆိုသည့် အချက်ပြခြင်းပင် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကြောင့် ဝါရှင်တန်သည် သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရန် တုန့်ပြန်ခဲ့ပြီး၊ အမေရိကန်၏ ကုန်သွယ်ရေးနှင့် ငွေကြေးအရေးယူမှုများ မကြာခင် ရုတ်သိမ်းနိုင်သည် ဟူသော မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ အလျင်အမြန် လုပ်ဆောင်လိုသူများမှာ အမေရိကန် ရှေးရိုးစွဲသမားများဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်လုပ်ဆောင်ရန် လိုလားနေသည်။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဆီနိတ်တာ ငါးဦးတွင် ရီပတ်ပလစ်ကင် ဂျွန်မတ်ကိန်းနှင့် လွတ်လပ်သော ဂျိုးလီဘာမင်တို့လည်း ပါဝင်သည်။ ယင်းတို့အား အမေရိကန် အမျိုးသား လုံခြုံရေး အမှုဆောင်များအဖွဲ့က နောက်မှ လိုက်ခဲ့သည်။

အရေးယူမှုများ ဆန့်ကျင်ရေးကို ပျော့ပြောင်းစွာ လုပ်ဆောင်နေသူများသည် မြန်မာလူလတ်တန်းစားများ ဖွံ့ဖြိုးလာရေးကို ရည်ရွယ်သည်။ လူလတ်တန်းစားများကို ပို၍ လစ်ဘရယ်ကျသော နိုင်ငံရေးအတွက် အင်အားစုများ အဖြစ် မြင်သည်။ အရေးယူမှု ဆန့်ကျင်ရေးလုပ်ဆောင်နေသူများတွင် ဂျော့ဆိုရော့စ်၏ အုပ်စုလည်းပါဝင်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလကုန်က မြန်မာနိုင်ငံသို့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ယင်း၏ Open Society Foundation ရုံးကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ရှိသည်။ ဘီလ်ဂိတ် မြန်မာနိုင်ငံသို့ မကြာခင် လာရောက်မည်ဆိုသော သတင်းမှာလည်း ကောလဟာလထွက်ပေါ်လျက် ရှိသည်။

"တကယ်တမ်းတော့ ဝါရှင်တန်ဟာ မြန်မာနိုင်ငံကို အလွန်တရာ ပြန်သွားချင်တာပေါ့။ ဒါပေမယ့် သူတို့က မြန်မာနိုင်ငံအပေါ် သဘာဝမကျတဲ့ စံတွေနဲ့ ဖြစ်ချင်နေတာကိုး" ဟု သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသူ ဒေါက်တာရှောင်တာနဲလ်က ရန်ကုန်တွင် ယမန်နေ့က ပြောကြားခဲ့သည်။ တာနဲလ်သည် မကြာခင်က ဝါရှင်တန်သို့ သွားရောက်ခဲ့ရာ အစိုးရတာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အေဂျင်စီများသည် စီမံကိန်းဟောင်းများကို ပြန်လှန်နေရာ အချို့ဆိုလျှင် ၁၉၅၀ နှစ်များဆီက မြန်မာနိုင်ငံအပေါ် အာရှအတွက် မျှော်လင့်ချက်များ ဖြစ်ခဲ့စဉ်က စီမံချက်များကို ပြန်လှန်နေကြသည်ကို တွေ့ရသည်ဟု ဆိုသည်။

ရန်ကုန်ရှိ ဝါရင့်စီးပွားရေးသမား တစ်ဦးက ပြောရာတွင် မြန်မာများ၏ စိတ်ထဲတွင် အိန္ဒိယနှင့်တရုတ်အပေါ် စီးပွားရေးအရသာ ဆက်ဆံနေ ရသော်လည်း စစ်မှန်သောဆက်ဆံရေးမှာ အနောက်နိုင်ငံများတွင် နေထိုင်နေသော ဆွေမျိုးများမှလည်းကောင်း၊ ပညာရေးဖြင့်လည်းကောင်း ဆက်ဆံ နေရသော အနောက်နိုင်ငံများနှင့် ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်မှ ပြန်လာကြသော ပြည်ပရောက် မြန်မာများတွင် သြဇာရှိသူများ ပါဝင်ရာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ထမ်းဆောင်ခဲ့သူ စီးပွားရေး ပညာရှင် ဦးလှမြင့်လည်း ပါဝင်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် ပို့ကုန်ဦးစားပေး စံပြနိုင်ငံအဖြစ် ဦးဆုံး ဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက နိုင်ငံခြားသား အကြံပေးများ နှင်ထုတ်လျက် စီးပွားရေးကို အစိုးရက ချုပ်ကိုင်ကာ အထီးကျန်ဖြစ်စေခဲ့ခြင်းကြောင့် ပါမောက္ခ ဦးလှမြင့်သည် စိတ်ပျက်သွားခဲ့သည်။

ယင်းသည် နာမည်ကြီး အမေရိကန်တက္ကသိုလ်များတွင် ဆက်လက်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံက အရှေ့တောင် အာရှတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရပ်ဆိုင်းသွားပြီး ပြဿနာကောင် ဖြစ်နေချိန်တွင် ယင်းသည် အခြား အာရှနိုင်ငံများတွင် အကြံဥာဏ်များပေးခဲ့သည်။ ယခုအပတ်အကုန်တွင် အသက် ၉၁ နှစ်ရှိပြီ ဖြစ်သော ဦးလှမြင့်သည် ရန်ကုန်သို့ ပထမဦးဆုံးအကြိမ် ပြန်လာခဲ့ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး အခြေခံများ ပြောင်းလဲမှုကို အသိအမှတ်ပြုခဲ့သည်။

နိုင်ငံများအားလုံး အပြေးအလွှား ဝင်လာခြင်းမှာ မဟာဗျူဟာ အခွင့်အလမ်းအတွက် မဟုတ်ပဲ၊ ကူးသန်းရောင်းဝယ်ရေး၏ ဆွဲဆောင်မှုကြောင့် ဖြစ်သည်။ "တွေ့ရမယ့် ဧည့်သည်တွေက များလွန်းတော့ တွေ့တောင် မတွေ့နိုင်တော့ဘူး။ အားလုံးက ရင်းနှီးမြှုပ်နှံမှု အကြောင်းပဲ လာမေးနေကြတယ်" ဟု SPA အုပ်စုမှ Serge Pun က ပြောသည်။ "ခရီးသွားလာရေး လုပ်ငန်းကတော့ အလွယ်တကူ ရနိုင်တဲ့ အသီးအပွင့်ပါပဲ။ ဒါပေမယ့် ဟိုတယ်ခန်းတွေ လိုအပ်နေပါတယ်" ဟု ယင်းက ပြောသည်။

ယခု လောလောဆယ် အရုံပြုနေကြသည်မှာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရန်ကုန်တွင် ဘဏ်များနှင့် တရားရုံးချုပ်ကဲ့သို့သော ကိုလိုနီခေတ် အဆောက်အအုံဟောင်းကြီးများကို မွမ်းမံရန် တင်ဒါခေါ်ခြင်းပင် ဖြစ်သည်။ သြစတြေးလျကလည်း စစ်တပ်ပုဂ္ဂိုလ်များနှင့် စီးပွားရေး အခွင့်ထူးခံများ အပေါ် ချမှတ်ထားသော ပုဂ္ဂိုလ်ရေး အရေးယူမှုများ အနက် (၇၁) ဦးကို ဖြေလျော့ပေးခဲ့ပြီး (၃၂၉)ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

**************************************************************

မြန်မာနိုင်ငံတွင် ဒေသတွင်း ဆွေးနွေးပွဲကျင်းပ

(Radio Australia မှ 5 February 2012 ရက်စွဲပါ Burma hosts regional dialogue ကို ဘာသာ ပြန်ဆိုသည်)

ရန်ကုန်တွင် သြစတြေးလျ အုပ်စုဖြစ်သော AsiaLink မှ ကြီးမှူး ကျင်းပသော ဆွေးနွေးပွဲ၌ နိုင်ငံပေါင်း တစ်ဒါဇင်ခန့်မှ ကိုယ်စားလှယ် (၄၀) ကျော် တက်ရောက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် တံခါးပြန်ဖွင့်ပြီးကတည်းက ပထမဆုံး အဓိက စီးပွားရေးနှင့် ပညာရှင်များ စုစည်းခဲ့မှု ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁ တွင် အရပ်သား အစိုးရအဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်သည်။

AsiaLink မှ Jenny McGregor က ရန်ကုန်မှ ပြောကြားရာတွင် ဤပွဲသည် မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မြန်မာအုပ်စုနဲ့ အာဆီယံအုပ်စု၊ သြစတြေးလျအုပ်စုတွေကြားမှာ ဆက်သွယ်မိကြပါပြီ။ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ပိုမို ဆက်သွယ်နိုင်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ပြီး အသီးအပွင့်တွေ ခံစားနိုင်မှာပါ" ဟု Jenny ကပြောသည်။

*****************************************************************************

တပ်ခ်ခရိုင်တွင် စစ်ဆေးရေးဂိတ်များ ထပ်မပိတ်ရန် ထိုင်းက မြန်မာနှင့် ဆွေးနွေးရန်စီစဉ်

(Bangkok Post မှ 5 February 2012 ရက်စွဲပါ Surapong plans Myanmar talks to stop checkpoint enclosures ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ အကြီးတန်းတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သောင်ရင်းမြစ်ကမ်း၌ အရေးကြီးသော ကုန်သွယ်ရေး စစ်ဆေးရေးစခန်းများ နောက်တစ်ကြိမ် ပိတ်မသွားရေးကို ကာကွယ်ရန် ဆွေးနွေးကြမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul နှင့်တာဝန်ရှိပုဂ္ဂိုလ်များသည် မဲဆောက်နယ်ရှိ Ban Huay Maha Wong တွင် စစ်ဆေးရေးစခန်း သုံးခုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်သူ့လုပ်ငန်းဌာနသည် သောင်ရင်းမြစ်ကမ်း တစ်လျှောက် မြစ်ကမ်းထိန်းနံရံများ ဆောက်လုပ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ကန့်ကွက်၍ မဲဆောက်-မြဝတီ စစ်ဆေးရေး စခန်းကို ၂ဝ၁ဝ ဇူလိုင်လကတည်းက ပိတ်ထားခဲ့သည်။

အဆိုပါစစ်ဆေးရေးစခန်းကို ဒီဇင်ဘာ ၅ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်ပြီး ၂ လအကြာတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် တစ်လလျှင် ဘတ်ငွေ ၂ ဘီလျံမှ ၂.၄ ဘီလျံသို့ တိုးတက်လာခဲ့သည်။

Mr. Surapong က ပြောကြားရာတွင် အနာဂတ်တွင် ပမာဏသည် တစ်နှစ်လျှင်ဘတ်ငွေ (၁ဝဝ)ဘီလျံထိ ရှိနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ပြည်သူ့လုပ်ငန်းဌာနသည် သောင်ရင်းမြစ်ရေတိုက်စားမှုကို ကာကွယ်ရန် မြစ်ထိန်းနံရံများ ဆောက်လုပ်ခြင်းအား မြန်မာနိုင်ငံဖက်မှ ထိုသို့လုပ်ဆောင်ရာတွင် နယ်နိမိတ်မျဉ်း သတ်မှတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နယူးဒေလီမှာ အာဆီယံ-အိန္ဒိယ ဆွေးနွေးမှုလုပ်တဲ့အခါ မြန်မာ တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ ဒီကိစ္စကို ဆွေးနွေးပါတယ်” ဟု Mr.Surapong က ပြောသည်။ အကြီးအကျယ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်ခံသင့်ကြောင်း ထိုင်းက ရှင်းပြမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ ထိုသို့ဆောက်လုပ်ခြင်းကြောင့် မြစ်ကြောင်း ပြောင်းသွားမှုကို နှေးကွေးသွားစေမည် ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ အမြဲတစ်စေ သဘောမတူခဲ့ဟု အစိုးရဖက်မှ သတင်းများက ဆိုသည်။ နယ်စပ်မျဉ်း သတ်မှတ်ရေးဆွေးနွေးရန် ထိုင်းဖက်မှ အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း မြန်မာဖက်မှ တုံ့ပြန်မှုမရှိကြောင်း ပြောသည်။

ထိုင်းနိုင်ငံဖက်တွင် မြန်မာနိုင်ငံမှ လာရောက် လုပ်ကိုင်နေသော အလုပ်သမားများ အရေအတွက် ကွဲပြားနေခြင်းအတွက်လည်း ဆွေးနွေးမည်ဟု Mr.Surapong က ပြောကြားသည်။ ထိုင်းမှတ်တမ်းများအရ အလုပ်သမား ကိုးသိန်းခန့်ရှိသည်ဟု ဖော်ပြသော်လည်း မြန်မာအစိုးရက အရေအတွက်သည် နှစ်သန်းနီးပါး ရှိနိုင်သည် ဟု ဆိုသည်။

*****************************************************************************

စီးပွားရေးဆွေးနွေးမှုများပြုလုပ်ရန် သြစတြေးလျလုပ်ငန်းရှင်များမြန်မာသို့ရောက်ရှိ

(ABC News မှ 5 Feb 2012 ရက်စွဲပါ Australians in Burma for business talks ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် ဒီမိုကရေစီ ပြောင်းလဲကျင့်သုံးရန် စတင် ကြိုးပမ်းလာသည့်နောက်ပိုင်း သြစတြေးလျနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာကြသည်။

ယခုရက်သတ္တပတ်အတွင်း သြစတြေးလျကုမ္ပဏီကြီးတစ်ခုဖြစ်သော AsiaLink က နှစ်ရက်တာမျှ ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ကိုယ်စားလှယ် ၄၀ ခန့်တက်ရောက်ခဲ့ကြသည်။ AsiaLink မှ Jenny McGregor က ပြောဆိုရာတွင် ယခုတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သည့် အဆင့်တစ်ခုဖြစ်သည်ဟု ဆိုသည်။

"ယခုလို မြန်မာအဖွဲ့ရယ်၊ အာဆီယံအဖွဲ့ရယ်၊ သြစတြေးလျအဖွဲ့ကြားမှာ ချိတ်ဆက်မှု ရရှိသွားတဲ့ အတွက်ကြောင့် နောင်ငါးနှစ်အတွင်း ကြီးမားတဲ့ဆက်သွယ်မှုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွန်မမျှော်လင့်မိပါတယ်" ဟု Jenny McGregor ကပြောဆိုသည်။ ထို့ပြင် ယခုလိုကွန်ဖရင့်မျိုးသည် မြန်မာနိုင်ငံ တံခါးပွင့်လာရေးအတွက်အကူအညီပေးသင့်သည်ဟု ယူဆမိကြောင်း၊ ယခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မြန်မာနိုင်ငံနှင့် မိတ်ဆက်ပေးပြီးပြီဖြစ်သောကြောင့် အကယ်၍ ပိတ်ဆို့အရေးယူမှုများသာ ဖယ်ရှားသွားပြီဆိုပါက ၎င်းတို့အနေဖြင့် မြန်မာပြည်သို့လာရောက်ကာ စီးပွားရေးတိုးတက်ကောင်းမွန်လာရေးအတွက် အကူအညီပေးနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း စစ်အစိုးရအုပ်ချုပ်ရေးမှ အရပ်သားအစိုးရအုပ်ချုပ်ရေးသို့ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးရရှိရန် စတင်ကြိုးပမ်းခဲ့သည်။

****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment