Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

လွတ်မြောက်လာသော မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများကို ဟီလာရီကလင်တန်တွေ့ဆုံ

(AFP သတင်းမှ 9 February 2012 ရက်စွဲပါ Clinton Meets Freed Myanmar Activists သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုကိုအားပေးတိုက်တွန်းရန် ဝါရှင်တန်ကကြိုးပမ်းသည့် အစီအစဉ်တစ်ရပ် အနေဖြင့် မကြာသေးမီက အကျဉ်းထောင်မှ လွတ်မြောက်လာသောလူရွှင်တော် ဇာဂနာအပါအဝင် မြန်မာ နိုင်ငံရေးလှုပ်ရှားသူများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဂုဏ်ပြုကြိုဆို လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ လူရွှင်တော်၊ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စွယ်စုံရအနုပညာရှင် ဇာဂနာကို ဟီလာရီကလင်တန်က လက်နှစ်ဖက် ဆန့်တန်းကာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုံးအပြီး အသက်ရှင်ကျန်ရစ်သူများကို စောင့်ရှောက်ကူညီနေစဉ် နောက်ဆုံးအကြိမ် ဖမ်းဆီးထာင်ချခြင်းခံခဲ့ရသော ဇာဂနာသည် ပြီးခဲ့သောအောက်တိုဘာလတွင် သမ္မတဦးသိန်းစိန်က တင်းကြပ်သော ဥပဒေများကို ဖြေလျော့ပေးခြင်းကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ဇာဂနာနှင့်အတူ ကချင်ပြည်နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားအရေးလှုပ်ရှားသူ ဘောက်ဂျာ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူခင်သန်းမြင့်တို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဟီလာရီကလင်တန်က လက်ခံတွေ့ဆုံခဲ့သည်။

အထက်ပါ မြန်မာဒီမိုကရေစီလှုပ်ရှားသူ ၃ ဦးသည် ဝါရှင်တန်သို့ အတူတကွ လာရောက်ကြခြင်းဖြစ်ပြီး ပြီးခဲ့သော အပတ်က National Endowment for Democracy ပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားမှုရှိမရှိ ဆိုသည့်အချက်ကို အယူအဆအမျိုးမျိုးတင်ပြသွားခဲ့ကြသည်။ မိမိ ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်သောအစိုးရဟု အနောက်နိုင်ငံများကသတ်မှတ်၍ ကာလ ကြာရှည် ပစ်ပယ်ထားခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ စတင်ပြောင်းလဲမှုကိုထောက်ခံအားပေးရန် ဘားရက်အိုဘားမား အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့သောဒီဇင်ဘာလတွင် သမိုင်းဝင် မြန်မာခရီးစဉ် အဖြစ် ဟီလာရီကလင်တန် ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနအရှေ့အာရှဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ကမ့်ဘဲလ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မျှော်လင့်ချက်အပြည့် ထားရှိသော်လည်း များစွာဆောင်ရွက် ပြီးစီးကြောင်း သေချာစေရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အားပေး ထောက်ခံမှုကို လိုအပ်နေသည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“တစ်ခြားသူတွေရဲ့ ထောက်ခံအားပေးမှုကို ကျွန်တော်တို့အသေအချာလိုအပ်နေပါတယ်။ ဒါမှသာ ဟောဒီသမိုင်းဝင်တံခါးဖွင့်မှုကို ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ့်ဘဲလ်က Center for Strategic and International Studies တွင် ပြုလုပ်သောကွန်ဖရင့်တွင် ပြောကြားဖြစ်သည်။ “အမေရိကန်ဟာ ဒီကြိုးပမ်းမှုအတွက် ထောက်ခံမှု ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ ဦးတည်ဆောင်ရွက်နေတာကို ကျွန်တော်တို့အသိအမှတ်ပြု အားပေး ထောက်ခံတယ် ဆိုတာကို မြန်မာအာဏာပိုင်တွေ ရှင်းရှင်းလင်းလင်းသိစေဖို့အတွက် သင့်လျှော်မှန်ကန်တဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကူအညီတွေ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်”ဟု ကမ့်ဘဲလ်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ပြီး နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ အကူအညီကိုလည်း မဟန့်တားဘဲ ခွင့်ပြုတော့မည်ဟု တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

*******************************************************************************

PTTEP မြန်မာလုပ်ကွက်သစ်အတွက် သဘောတူညီမှု ရလုနီး

(Bangkok Post မှ 8 February 2012 ရက်စွဲပါ PTTEP nears dear on new Myanmar exploration ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ PTTEP သည် PSC-G နှင့် EP-2 ကုန်းတွင်းရေနံလုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရန် မြန်မာနိုင်ငံနှင့် ယခုလအတွင်း သဘောတူလက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျွန်တော်တို့ အတွက် စွမ်းအင်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးအတွက် အဓိက အရေးကြီးတဲ့ ဈေးကွက်ဖြစ်ပါတယ်” ဟု အမှုဆောင်ချုပ် Anon Sirisaemgtaksin က ပြောကြားခဲ့သည်။

PTTEP သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ အစုအဖွဲ့ကြီး ဖြစ်သော PTT Plc ၏ ယူနစ်တစ်ခု ဖြစ်ပြီး ပြီးခဲ့သည့်လက အဆိုပါ လုပ်ကွက်နှစ်ခုအတွက် လိုင်စင်ရရှိခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုသည် ၁၃ဝဝဝ စတုရန်းကီလို ရှိသည်။ PTTEP သည် မုတ္တမပင်လယ်ကွေ့ရှိ M9 သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ကုန်တွင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေသန်း ၃ဝဝ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါထုတ်လုပ်သည့်ပမာဏမှ ၈ဝ% ကို ထိုင်းသို့တင်ပို့မည်ဖြစ်ပြီး ကျန် ၂ဝ% ကို မြန်မာပြည်တွင် အသုံးပြုမည်ဖြစ်သည်။ ယင်းသည် မုတ္တမ ပင်လယ်ကွေ့တွင် ဓာတ်ငွေ့ထုတ်လုပ်ရေး အဆောက်အအုံများနှင့် ကီလို ၃ဝဝ ရှည်သော ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလျံ လျာထားသည်။

အဆိုပါလုပ်ငန်းအတွက် PTTEP က ၈ဝ% ငွေထည့်ဝင်ပြီး မြန်မာအစိုးရပိုင်း MOGE က ကျန် ၂ဝ% ထည့်ဝင်မည် ဖြစ်သည်။ Mr.Anon က ပြောကြားရာတွင် PTTEP သည် မုတ္တမပင်လယ်ကွေ့တွင် M3 ဓာတ်ငွေ့လုပ်ကွက်၌လည်း တူးဖော်လျက်ရှိရာ စီးပွားရေးအရ တွက်ခြေကိုက်မည်ဟု ဆိုသည်။ တူးဖော်ရေးရလဒ်များ ကောင်းပါက PTTEP သည် စီးပွားဖြစ်ထုတ်လုပ်ရေး စီမံချက်များဖြင့် ရှေ့ဆက်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းက ပြောသည်။ M3 သည် PTTEP အတွက် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကပြီးလျှင် စတုတ္တမြောက်ဓာတ်ငွေ့လုပ်ကွက် ဖြစ်သည်။ ၎င်းသည် M3 တွင် တွင်းနှစ်တွင်း တူးဖော်ပြီးလည်းဖြစ်သည်။

ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့တွင်းများမှ တစ်ရက်လျှင် ကုဗပေ ၁.၁ သန်း ထိုင်းသို့ တင်ပို့လျက်ရှိပြီး ဇောတိကမှ လာမည့်နှစ်တွင်  စတင်ပို့လွှတ်နိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် PTTEP သည် ဘွန်ကော့ဒေသတောင်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ယခုနှစ်လယ်တွင် တစ်ရက်လျှင် ကုဗပေသန်း ၃၂ဝ ပို့လွှတ်နိုင်မည် ဖြစ်သည်။ ကုမ္ပဏီသည် ဩစတြေးလျတွင် ပထမဆုံးရေနံ ထုတ်လုပ်လျက်ရှိရာ တတိယကွာတားတွင် တစ်ရက်လျှင် ရေနံစိမ်းစည် ၃၅ဝဝဝ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ PTT ၏အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် ယင်းတို့အုပ်စု၏ ငွေရင်းအသုံးစရိတ်ကို ၂ဝ၁၂-၁၆ တွင် တစ်ဝက်နီးပါးအား ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်ငွေများကို သန့်စင်ပြီး အချောထည်ပြုလုပ်ရာတွင် အသုံးပြုမည် ဖြစ်သည်။

PTT ၏ လာမည့် ၅ နှစ်ကာလအတွက် အသုံးစရိတ်ကို ဘတ်ငွေ ၃၅၈ ဘီလျံလျာထားပြီး ၆၁% ကို ပြည်တွင်း ဈေးကွက်တွင် အသုံးပြုမည်ဖြစ်ကာ ၃၉%ကို နိုင်ငံတကာတွင် လုပ်ကိုင်သောလုပ်ငန်းများအတွက် လျာထားလျက်ရှိသည်။ ထိုပမာဏတွင် ၅၁% ကို လက်ရှိ စီမံကိန်းများတွင် အသုံးပြုမည်ဖြစ်၍ ကျန်ပမာဏကို ရင်းနှီးမြှုပ်နှံမှုအသစ်များ အတွက် အသုံးပြုမည်ဖြစ်သည်။ PTT သည် အာရှပစိဖိတ်၊ မြောက်အမေရိက၊ အနောက်အာဖရိကတို့တွင် ရှာဖွေရေးလုပ်ငန်းများကို စိတ်ဝင်စားလျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင် အချောထည်လုပ်ငန်းများ အတွက် အခွင့်အလမ်းရှာဖွေလျက် ရှိသည်။

*******************************************************************************

အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၇% အောက်တွင်ရှိမည်ဟု ခန့်မှန်း

(BBC သတင်းဌာနမှ 7 Feb 2012 ရက်စွဲပါ India economy: Growth to fall below 7% for 2011-12 ကို ဘာသာ ပြန်ဆိုသည်)

နယူးဒေလီအစိုးရက ထုတ်ပြန်သော စာရင်းဇယားသစ်များအရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း အောက်သို့ရောက်ရှိနေဖွယ်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမှုကိုကြည့်ပါက အိန္ဒိယ၏ သတ္တုတူးဖော်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုအစရှိသည့် အခန်းကဏ္ဍ တို့တွင် ကျဆင်းမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အစိုးရကိန်းဂဏန်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းထုတ်ပြန်ရာတွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိကြောင်းဖော်ပြသည်။

လေ့လာဆန်းစစ်သူများက အိန္ဒိယစီးပွားရေးယခုလို တိုးတက်မှုနှုန်းကျဆင်းရခြင်းမှာ ငွေကြေးဖောင်းပွမှု လျှော့ချရန် အလို့ငှာ ရုတ်ချည်း ပြောင်းလဲ သတ်မှတ်လိုက်သော အတိုးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ အိန္ဒိယအစိုးရ ဗဟိုစာရင်းစစ်ချုပ်ရုံးက စာရင်းထုတ်ပြန်ရာတွင် အိန္ဒိယစီးပွားရေးတိုးတက်မှုနှုန်းသည် မတ်လကုန်ပိုင်းအထိ ၇ သို့မဟုတ် ၇ ဒဿမ ၅ ရာခိုင်နှုန်းဖြင့်တိုးတက်နေမည်ဖြစ်သည်ဟု ဆိုသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဟုမျှော်လင့်ရပြီး ကုန်ထုတ်လုပ်မှုမှာ ၃ ဒဿမ ၉ ရာခိုင်နှုန်းဖြင့်တိုးတက်ဖွယ်ရှိသည်။  သတ္တုတူးဖော်ရေးအခန်းကဏ္ဍမှာ ၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ကျဆင်းနေမည်ဖြစ်သည်။

လေ့လာအကဲခတ်သူများကမူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မရေရာမသေချာမှုများကို ထောက်ပြပြီး အိန္ဒိယ အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရှိနိုင်ကြောင်း ဆိုသည်။ ကမ္ဘာ့စီးပွားရေးအဆင့်အတန်း သတ်မှတ်သည့် အဖွဲ့ဖြစ်သော Standard and Poor အဖွဲ့ကမူ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်မှုဆိုင်ရာ အဆင့်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆင့်လျှော့ချ သတ်မှတ်လိုက်သည်။ အိန္ဒိယ စီးပွားရေးစီမံကိန်း ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကမူ စီးပွးရေးတိုးတက်မှုဆိုင်ရာ အဆိုပါကိန်းဂဏန်းများမှာ ၎င်းတို့ကော်မရှင်ကထုတ်ဖော်ပြောဆိုမှုများနှင့် အံ့ဝင်ခွင်ကျ ရှိသည်ဟု ဆိုသည်။

 *********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment