Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စတုတ္ထမဏ္ဍိုင်ကြီး ပီသဖို့

********************

ဆောင်းပါးကဏ္ဍ

စတုတ္ထမဏ္ဍိုင်ကြီး ပီသဖို့

မိုးမြင့်ငြိမ်း

ဇန်နဝါရီ ၃၁ရက်နှင့် ၃၁ရက်နေ့၌ မြန်မာနိုင်ငံတွင် Media Development in a Democratic Society အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်းအဖွဲ့နှင့် Asian Media Information and Communication Center (AMIC) တို့က ပူးပေါင်း၍ ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲသို့       ပြည်တွင်း ပြည်ပမီဒီယာမှ ကိုယ်စားလှယ်များ တက်ရောက်၍ စာတမ်းများ ဖတ်ကြားသွားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်များကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့မှုများ ပေးလာခဲ့ပြီဖြစ်သော်လည်း ကန့်သတ်မှုများမှာ အတိုင်းအတာတစ်ခုထိ ရှိနေသေးသည်။ စာရေးသူ၏ အမြင်တွင် နိုင်ငံရေး လွတ်လပ်ခွင့်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ခြင်းလုပ်ဆောင်နေခြင်းမှာ မှန်ကန်မှုရှိသည်ဟု သုံးသပ်သော်လည်း မီဒီယာအပေါ် ဤနည်းလမ်းအတိုင်း လုပ်ဆောင်၍မသင့်ဟု မြင်မိပါသည်။ မီဒီယာမှာ ဒီမိုကရေစီ၏ အဓိကမဏ္ဍိုင်ကြီးသုံးရပ် ဖြစ်ထွန်းမှုများကို မပြတ်စောင့်ကြည့် နေသော ထောက်တိုင်ကြီးဖြစ်သောကြောင့် ယင်းထောက်တိုင်ကြီးမှ လွတ်လပ်မှုမရှိလျှင် ကျန်သည့်ထောက်တိုင်များမှန်မှန်ကန်ကန် စွမ်းဆောင်နိုင်ဖို့ ဝေဖန်ထောက်ပြန်ခွင့် မရနိုင်ပါ။

မီဒီယာဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်ပြောင်းလဲနေသည့် အကြောင်းကိစ္စများကို ပြည်သူများ လင်းလင်းထင်းထင်း မြင်အောင် ကြားခံဆက်သွယ်ပေးသော လုပ်ငန်းကြီးဖြစ်ပါသည်။ ထိုအတွက်ကြောင့် သတင်းမီဒီယာလုပ်ငန်းသည် လူ့အဖွဲ့အစည်းအတွင်း မရှိမဖြစ် လိုအပ်သည့် အရာ ဖြစ်လေသည်။ အပိတ်လူ့အဖွဲ့အစည်းအတွင်းတွင် သတင်းမီဒီယာမှာ လွတ်လပ်ခွင့်မရှိ၊ အသုံးချခံ ဝါဒဖြန့်ချီရေးသက်သက်ပင် ဖြစ်နေရလေသည်။ အပွင့် လူ့အဖွဲ့အစည်းများတွင်တော့ သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အလွန်ပင်အရေးပါလေသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် တင်းကျပ်သည့် အာဏာပိုင်စနစ်(rigid autocracy) မှာ တစုံတရာ ဖြေလျှော့လာသည့်၊ လွတ်လပ်မှု ရှိလာသည့် (Liberalized autocracy) ဖြစ်လာသည်နှင့်အညီ ကျွဲကူးရေပါဆိုသလို သတင်းမီဒီယာ လွတ်လပ်ခွင့်များကို ယခုနောက်ပိုင်း ကာလများတွင် တွေ့မြင်နေရ လေသည်။ ယခင် တင်/ထုတ်စနစ်မှ ထုတ်/တင်စနစ်သို့ ပြောင်းလဲသွားခြင်းကြောင့် အပြည့်အဝ လွတ်လပ်ခွင့်မရသည့်တိုင် ခိုင်မာပြီး ပြည်သူများ သိသင့် သိထိုက်သည့် သတင်းများကို ဦးဦးဖျားဖျား သိခွင့်ရလိုက်မှာပင် ဖြစ်လေသည်။ ထို့အပြင် မီဒီယာကော်နာများကိုလည်း ရန်ကုန်မြို့ရှိ နေရာတော်တော် များများတွင် ဖွင့်လင့်ထားနိုင်သည့်အတွက် ပြည်သူများမီဒီယာ ရင်းနှီးကျွမ်းဝင်လာစေမည့် အရိပ်အယောင်များပင် ဖြစ်လေသည်။

မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်အပြည့်ရှိသည့် နိုင်ငံများနှင့် နှိုင်းစာလျှင် မီဒီယာလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝမရှိသည့်တိုင် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရနေသည့် တရုတ်နှင့် ဗီယမ်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်တော့ တစ်စုံတစ်ရာပို၍ ကောင်းမွန်လေသည်။ ယင်းနှစ်နိုင်ငံလုံးမှာ မြန်မာနိုင်ငံကဲ့သို့ ပုဂ္ဂလိက မီဒီယာလုပ်ငန်း လုံးဝမရှိပါ။ မီဒီယာလုပ်ငန်းအားလုံးမှာ အစိုးရပိုင်များချည်းသာ ဖြစ်လေသည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံအနေဖြင့် အကန့်အသတ်ဖြင့် ရရှိသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို နိုင်ငံဖွံ့ဖြိုးရေးအတွက် အပြည့်အဝ အသုံးချနိုင်ရေးပင်ဖြစ်လေသည်။ ထို့အတွက်ကြောင့် မီဒီယာသည် နိုင်ငံတော် သမ္မတကြီး ပြောကြားခဲ့သလို စတုတ္ထမဏ္ဍိုင်ပီသစွာပင် ရပ်တည်ချက်တစ်ခုဖြင့်  ပြည်သူများအတွက် သိသင့်သိထိုက်သည့် သတင်းများကို မှန်မှန်ကန်ကန် ထုတ်ဖော်ဖို့ အစဉ်တစိုက် ကြိုးစားသွားရမည်ဖြစ်လေသည်။

မီဒီယာဆိုသည်မှာ အသွားနှစ်ဖက်ပါသည့် ဓားလိုမျိုးလည်းဖြစ်လေသည်။ လူအဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေသည့် ကိစ္စရပ်များကို အသိပေးတင်ပြသည့်အတွက် အလွန်ကောင်းသော်ငြားလည်း မလိုလားအပ်သည့် အကြောင်းအရာများ (တင်ပြလိုက်မှ ယခုထက်ရှုပ်ထွေးသွားစေမည့်၊ မည်သူ့ကိုမျှလည်း အကျိုးမဖြစ်ထွန်းသော)ကို တင်ပြခြင်းမျိုးကိုတော့ လက်သင့်မခံသင့်ပါ။ သို့သော် သတင်းအချက်အလက်များကို လွတ်လပ်စွာစီးဆင်း ခွင့်ပေးလိုက်ပြီဆိုမှတော့ ယခုကဲ့သို့သော အနှုတ်လက္ခဏာဆောင်သည့် ကိစ္စရပ်များလည်း ရှိနေမည်သာဖြစ်သည်။ ဤကဲ့သို့သော အနှုတ် လက္ခဏာမျိုး ကို မီဒီယာသမား၏ ကျင့်ဝတ်ဖြင့်သာ စောင့်ထိန်းကြရမည် ဖြစ်လေသည်။ထိုကြောင့် နိုင်ငံတော်အစိုးရများသည်လည်း ယင်းကဲ့သို့သော ကိစ္စရပ်မျိုး မဖြစ် ပေါ်အောင် မီဒီယာအပေါ်စောင့်ကြည့်ရင်း ထိန်းချုပ်မှန်းမသိ ထိန်းချုပ်လာမှုမျိုးလည်း ရှိလေသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင် ငံရှိ Google ကော်ပိုးရေးရှင်း၏ သတင်းအချက်အလက်များ စီးဆင်ခြင်းအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်သည့်အတွက် ပြစ်တင်ဝေဖန်မှုများ ပြင်း ပြင်းထန်ထန် ပြုလုပ်ခဲ့လေသည်။ သို့သော် ယင်းနိုင်ငံတွင် WikiLeakဟု ခေါ်သည့် Blog တစ်ခုမှ အမေရိကန် နိုင်ငံရေး၊ စစ်ရေး၊ ကာကွယ်ရေးအကြောင်း အရာများနှင့် ပတ်သက်ပြီး ကွယ်ဝှက်ထားသည်များကို အထုတ်ဖြေချလိုက်ခြင်းအပေါ်မှာတော့ တရုတ်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်သည့် ရပ်တည်ချက်မျိုး မဟုတ်တော့ပေ။ Wikileak မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကို တစ်စုံတစ်ရာထိပါးနိုင်သည့် သတင်းများကို ထုတ်လွှင့်ခဲ့မှုများ ရှိခဲ့သည့်တိုင် အချို့မှာမူ ပြည်သူများ အမှန်တကယ် သိသင့်သိထိုက်သည့် သတင်းများလည်း ပါဝင်လေသည်။ ဆိုလိုသည်မှာ သတင်းမီဒီယာ၏ အစွမ်း ထက်ပုံ၊ အကျိုးပြုပုံနှင့် တစ်ခါတစ်ရံတွင် ထိန်းမရ၍ ပြဿနာများ ဖြစ်ပွားနိုင်ပုံကို ဖော်ပြလိုရင်းဖြစ်ပါသည်။

မနှစ်ကမီဒီယာနှင့်ပတ်သက်သည့် လူအများစိတ်ဝင်စားခြင်းခံရသည့် သတင်းမှာမီဒီယာဧကရာဇ်ကြီး မားဒေါ့ခ်ျ၏ News of the World ပင် ဖြစ်လေသည်။ ဦးစွာ ရူးပတ်မားဒေါ့ခ်ျ ပတ်သက်သည့် သတင်းမှာကျင့်ဝတ်နှင့် ပတ်သက်နေလေသည်။ ဗြိတိန်နိုင်ငံရှိ News of the world နှင့် News International ပိုင်သည့် ရှုးပတ်မားဒေါ့ခ်ျမှာ Voice mail message များကို တရားမဝင် ကြားဖြတ်နားထောင်နိုင်ခဲ့မှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုခံနေ ရလေသည်။ ထိုအတွက်ကြောင့် News of the world၏ သတင်းအယ်ဒီတာ အန်ဒီကော်လ်ဆန် အပါအဝင် ဝါရင့်သတင်းထောက်အချို့နှင့် ဝန်ထမ်းပေါင်း ၂၀၀ ကျော်မှာ အလုပ်ပြုတ်သွားလေတော့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် SSC ကိစ္စမှာ  Hot News သတင်းဂျာနယ် Vol: 1 No: 43 တွင် ဖော်ပြခဲ့သော "ပုဂ္ဂလိကဆေးရုံ SSC၏ ဝန်ဆောင်မှု" သတင်းနှင့် ပတ်သက်၍  SSC ဆေးရုံမှ လျှော်ကြေးတောင်း၊ တရားစွဲဆိုမည်ဟု ဆိုခြင်းကြောင့် စွပ်စွဲခြင်း (libel) ကိစ္စဖြစ်လေသည်။ ယင်းမှာ ပထမပိုင်းပင် ရှိနေသေးပေသည်။ ဒုတိယပိုင်းအတွက် စိစစ်ရေးတင်သော်လည်း အထောက်အထား ပြည့်စုံလွန်းနေသောကြောင့် ပြည်သူကို ချမှတ်မသင့်ဟုဆိုကာ အဖြုတ်ခံရပါသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သတင်းမီဒီယာ၏နောက်ကွယ်တွင် ငွေကြေးနှင့် အာဏာရှိသူများက မီဒီယာအပေါ် တစုံတရာ ချယ်လှယ်ချုပ်ကိုင်နိုင်သည်ကို တွေ့မြင်နိုင်လေသည်။ သတင်းမီဒီယာ ပိုမိုလွတ်လပ်မှု ရှိလာသည့်အတွက် လူအဖွဲ့အစည်းအတွင်း အမှောင်ဖုံး နေသည့် ကိစ္စရပ်များကို နည်းပါးသွားအောင် ပြည်သူများ၊ အုပ်ချုပ်သူများထင်းခနဲ၊ လင်းခနဲဖြစ်သွားအောင် တင်ပြဖို့အလွန်ပင် အရေးကြီးပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ တွင်လည်း လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်ကို အပြည့်အဝ ပေးထားသည့်အပြင် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ ကိုယ်တိုင်က စတုတ္ထမဏ္ဍိုင် အရေးကြီးကြောင်းကို ယင်းတို့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုမှုများ ရှိနေသည့် ကာလလည်း ဖြစ်လာလေသည်။ ထို့အတွက်ကြောင့် သတင်းသမားများသည် မိမိ၏ မီဒီယာကျင့်ဝတ်ကိုစောင့်ထိန်းရင်း၊ သတင်းမီဒီယာနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရပိုင်ခွင့်များကို ရယူရင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းနိုင်သည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ရန် လိုအပ်ပါကြောင်း..........။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment