Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၂.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၇၀၀ကျော်ဆုံးရှုံး
  1. မြန်မာဈေးကွက်မြှင့်တင်ရေးအဖွဲ့ ကမ္ဘာ့ဈေးကွက်များသို့ သွားရောက်လေ့လာမည်
  2. မြန်မာ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအတွက် ဧပြီ ၁၄ ရက်နေ့၌ အီးယူဆုံးဖြတ်မည်
  2. ပြည်သူ့ဒီမိုကရေစီပါတီမှ ပြည်သူ့လုပ်သား သတင်းစဉ် ထုတ်ဝေမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၇၀၀ကျော်ဆုံးရှုံး

ဖေဖော်ဝါရီလ ၁၁ရက်နေ့ မနက်စောပိုင်း ၅နာရီတွင် ရခိုင်ပြည်နယ်ရှိ သံတွဲမြို့မှ ဒွာရာဝတီဗဟိုဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၇၀၀ခန့်မီးလောင်သွားခဲ့သည်ဟု သိရသည်။

“လောင်တာကတော့ ဝါယာရှော့စ် ဖြစ်တာကနေ စတာပဲ။ ငါးဈေးတန်းဘက်ကနေစလောင်တာ။ ဗဟိုဈေးကြီးမှာက ဆိုင်ခန်း ၉၀၀လောက် ရှိတယ်။ အခုမီးကြောင့် ဆိုင် ၇၀၀လောက်ပါသွားတယ်။ မီးသတ်ကားကလည်း မလောက်တော့ မနက် ၈နာရီလောက်မှ ငြိမ်းနိုင်ခဲ့တယ်။ ဒီကလူတွေ လည်း ဝိုင်းငြိမ်းကြပြီး ဟိုတယ်တွေ၊ လေဆိပ်တွေကနေ ကားတွေနဲ့လာပြီး ရေတွေ၊ သဲတွေနဲ့ သတ်ရတယ်”ဟု သံတွဲမြို့မှ ဒေသံခံတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်ကျွမ်းမှုတွင် မီးသတ်ရာ၌ သက်ဆိုင်ရာမှ မီးသတ်ကားတစ်စီးသာ လာရောက်မီးသတ်ခဲ့ပြီး မြို့သူမြို့သားများမှလည်း ဝိုင်းဝန်း၍ မီးကူသတ်ပေးခဲ့ကြောင်းနှင့် ထိုင်မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းထောင်သောင်းကျော် ဆုံးရှုံးနိုင်ပြီး လူအသေအပျောက်မရှိကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

ထိုသံတွဲမြို့သည် ရေကြီးမှုဒဏ်အား အများဆုံးခံခဲ့ရပြီး နိုဝင်ဘာလတွင်လည်း ဒုတိယအကြီးဆုံးဈေးဖြစ်သည့် မင်းပြားဈေးကြီး၌ မီးလောင်  ကျွမ်းမှုဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာဈေးကွက်မြှင့်တင်ရေးအဖွဲ့ ကမ္ဘာ့ဈေးကွက်များသို့ သွားရောက်လေ့လာမည်

မြန်မာ့ထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာဈေးကွက်များသို့ ပိုမိုကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်နိုင်စေရန် မြန်မာဈေးကွက် မြှင့်တင်ရေး အ ဖွဲ့မှ ကမ္ဘာ့ဈေးကွက်အသီးသီးကို လေ့လာရန် နိုင်ငံတကာသို့ သွားရောက်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာဈေးကွက်မြှင့်တင်ရေးအဖွဲ့ ကမ္ဘာ့ဈေးကွက်များသို့ သွားရောက်လေ့လာမည့်ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေး လေ့လာနေသူတစ်ဦးမှ “မြန်မာနိုင်ငံက ထွက်တဲ့ကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်အခုထက်ပိုပြီး ဖြန့်ဖြူးရောင်းချနိုင်ဖို့လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေး နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ ဈေးကွက်ကို သွားရောက်လေ့လာဖို့လိုပါတယ်။ ဒါမှလည်း နိုင်ငံရဲ့ GDP တိုးတက်လာနိုင်မှာပါ။ အခု အစိုးရသစ်ကလည်း ပြည်တွင်းမှာရှိတဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေအတွက် ဖြေလျော့မှုတွေ လုပ်ဆောင်ပေးနေပါတယ်” ပာု ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီကာလအတွင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး၌ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင် ရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည့် ၎င်းစည်းဝေးပွဲအခမ်းအနား၌ မြန်မာနိုင်ငံလုံးရှိ အသင်းအဖွဲ့များ၊ စီးပွားရေးပညာရှင်များ၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းဆွေးနွေးပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံအတွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုင်ရာများ ပိုမိုအဆင်ပြေနိုင်စေရန် နယ်စပ်ဒေသမှတစ်ဆင့် မှောင်ခိုတင်သွင်းနေမှုများအား သုံးလအတွင်း ပပျောက်သွားနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

        YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရတော့မည်

ကမ္ဘာ့အလုပ်သမားနေ့မတိုင်မီ အချိန်ကာလအတွင်း မြန်မာနိုင်ငံ၌ အလုပ်သမားအဖွဲ့အစည်းများကို စတင်ဖွဲ့စည်းခွင့်ပြုတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်တွင် မြန်မာအလုပ်သမားအဖွဲ့အစည်းဆိုင်ရာ နည်းဥပဒေများကို လပိုင်းအတွင်း ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းဥပဒေပြဋ္ဌာန်းဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံအတွင်း အလုပ်သမားအဖွဲ့အစည်းများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

အလုပ်သမားဥပဒေထုတ်ပြန်ရေးနှင့် ပတ်သက်၍ ဥပဒေလေ့လာနေသူတစ်ဦးက “ခုလို ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေဘက်က ရပ်တည် ပေးနိုင်မယ့် ဥပဒေပေါ်လာတာပာာ ကောင်းပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်သမားတွေဘက်က ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရှိပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခုမှပေါ်လာမှာပါ။ အလုပ်သမားတွေဘက်က ရပ်တည်နိုင်မယ့် ဥပဒေတွေ၊ နည်းဥပဒေတွေ များများပြဋ္ဌာန်း သင့်ပါ တယ်” ပာု ဆိုသည်။

မြန်မာနိုင်ငံအလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းရာတွင် အောက်ခြေအဆင့် အခြေခံအလုပ်သမားအဖွဲ့အစည်းမှ စတင်၍ မြို့နယ်၊ တိုင်းဒေသ ကြီး အလုပ်သမားအဖွဲ့အစည်းများအထိ အဆင့်အဆင့် ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေပါ ကိစ္စရပ်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ရရှိပါက ၎င်းအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား အငြင်းပွားမှုဆိုင်ရာများ၊  ပြည်တွင်းရှိ အလုပ်သမားတို့၏ ရပိုင်ခွင့်ဆိုင်ရာများနှင့် အလုပ်သမားတို့၏ ဖိနှိပ်ခံရမှုများကို အလုပ်သမားဥပဒေပါအတိုင်း လုပ်ထုံးလုပ်နည်းများ၊ စည်း မျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာ၍  ဆောင်ရွက်ရမည်ဖြစ်ပြီး ညှိနှိုင်း၍မရရှိပါက  ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ခွင့် ရရှိမည်ဖြစ် ကြောင်း အလုပ်သမား ဥပဒေဖြင့် ပြဋ္ဌာန်းပေးထားသည်။

                              Ref:The Voice

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအတွက် ဧပြီ ၁၄ ရက်နေ့၌ အီးယူဆုံးဖြတ်မည်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ ဒဏ်ခတ်အရေးယူမှုပြုလုပ်ထားသည့် ဥရောပသမဂ္ဂ နိုင်ငံများမှ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ ကြောင့် လာမည့် ဧပြီလ ၁၄ ရက်နေ့တွင် အီးယူအစည်းအဝေးတစ်ရပ်ကျင်းပ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချ မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့၌ ကျင်းပမည့် အီးယူအစည်းအဝေးတွင် မြန်မာနိုင်ငံအား ပိတ်ဆို့မှု ရုတ်သိမ်းရေးအတွက် အချက် (၃)ချက်ပေါ်မူတည်၍ ဆုံး ဖြတ်ချက်ချမည်ဖြစ်ပြီး ၎င်းအချက် (၃)ချက်မှာ မြန်မာနိုင်ငံ၌ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတ မှုရှိရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်သား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးရရှိရေး စသည့်အချက်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အီးယူနိုင်ငံများမှ တောင်းဆိုထားသည့် အချက်များပြည့်မှီမှုရှိပါက ပြည်တွင်းသို့ နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအား နိုင်ငံတကာမှ ကူညီပေးမှုများကိုလည်း ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း အီးယူသံတမန် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုပေါင်းများစွာကို လုပ် ဆောင်ပြသခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂမှ အသိအမှတ်ပြုသည့် အနေဖြင့် ဖြေလျော့မှုအချို့ကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပြီး ယခုအ ခါ မြန်မာနိုင်ငံအား ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှု လုံးဝရုတ်သိမ်းရေးအတွက် ဧပြီလ ၁၄ ရက်နေ့တွင် အီးယူအစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် မကြာမီ ကာလအတွင်း ပိတ်ဆို့အရေးယူထားမှုများကို ပြန်လည်ရုတ်သိမ်းနိုင်ဖွယ်ရှိကြောင်း အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူ့ဒီမိုကရေစီပါတီမှ ပြည်သူ့လုပ်သား သတင်းစဉ် ထုတ်ဝေမည်

၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်သူ့ဒီမိုကရေစီပါတီမှ ၂၀၁၂ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ ပါတီစာစောင်အဖြစ် ပြည်သူ့လုပ်သား သတင်း စဉ်အား ထုတ်ဝေတော့မည်ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးအခြေစိုက် ပါတီတစ်ခုဖြစ်သည့် ပြည်သူ့ဒီမိုကရေစီပါတီမှ ပြည်သူ့လုပ်သား သတင်းစဉ်အား န/သ ၀၈၅ ဖြင့် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့လုပ်သားသတင်းစဉ်အား ၁၅ ရက်တစ်ကြိမ် ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ် ရွေးကောက်ပွဲများတွင် ပြည်သူ့ဒီမိုက ရေစီပါတီမှ လစ်လပ်မဲဆန္ဒနယ် ၃ ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီပါတီ ကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ သတင်းနှင့်မီဒီယာ၊ စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့ဒီမိုကရေစီပါတီမှ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ မန္တလေးတိုင်းဒေ သကြီး မပာာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး (ဂရိတ်ဆေးပညာ ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် ထုတ်ဝေသူ)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်တွင် ဦးပိာန်းထက်အောင် (ဂရိတ်ဆေးပ ညာဂျာနယ်မှ စာတည်းမှူးချုပ်)၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်တွင် ဦးလှဆန်း (ရတနာပုံ မန္တလေး နေ့စဉ်၊ မြန်မာ့ အလင်း သတင်းထောက်) တို့ဖြစ်ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်များကလည်း မိမိတို့ရဲ့ပြောရေးဆိုခွင့်ကို အသုံးချပြီး ပြည်သူတွေအတွက် အကျိုးပြုနိုင်မည့်ကိစ္စတွေ ပိုမိုလုပ်ဆောင် လာဖို့ ဝိုင်းဝန်းတွန်းအားပေးကြရပါမယ်။ ဒီလို တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင် မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ပါလီမန် ဒီမိုကရေစီနိုင်ငံ များလို “အစိုးရ”နှင့် “အတိုက်အခံ”ရယ်လို့ အုပ်စုကွဲပြားခြင်းရှိဘဲ အနာဂတ်နိုင်ငံတော်ရဲ့ကောင်းကျိုးကို ပိုပြီးဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ လာမည့် ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLD အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေနှင့်လည်း သမ္မတ ဦးသိန်းစိန် အစိုးရက ဝန်ကြီးနေရာပေးပြီး ကမ်းလှမ်းခဲ့သည့်တိုင်အောင် ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာသာရှိတဲ့ ဝန်ကြီးနေရာမှာ နေကြမလား၊ ပြောရေးဆိုခွင့်ပိုရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်သာနေပြီး ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့နှင့် အခြေခံဥပဒေမှာ လိုအပ်သလို ပြင်ဆင်နိုင်ဖို့ ကြိုးစားကြမလား ဆိုတာ ကြိုတင်စဉ်းစားထားသင့်တယ်လို့ လည်း အဆိုပြုချင်ပါတယ်ဗျာ”

ဖေဖော်ဝါရီ ၁၀ ထုတ် First Weekly News အတွဲ (၁) အမှတ် (၁၅) တွင်ပါသည့် ဆောင်းပါးရှင် စီမံကိန်းဝင်းနိုင်၏ “အစိုးရနှင့် အတိုက်အခံ တာဝန်ကိုယ်စီရှိကြသည်”  ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုက ဒွန်တွဲနေတဲ့သဘောရှိလို့ ကုန်သွယ်မှုတိုးမြှင့်တင်ဖို့အတွက် သမ္မတကြီးက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို ကာရန်ပေးပြီး ကုန်သွယ်မှုကို မြှင့်တင်ပါ။ ကုန်သွယ်မှုကိုရတဲ့ ဝင်ငွေနဲ့ အခုထက် တိုးရအောင်လုပ်ပါဆိုတော့ ဒါနဲ့ တစ်ဆက်တည်း ထုတ်လုပ်မှုကို မြှင့် တင်ရမယ့် အခြေအနေလည်းရှိတော့ ဒါနဲ့ပတ်သက်ပြီး တွေ့ကြုံနေတဲ့ အခက်အခဲကို ဆွေးနွေးခဲ့ပြီး၊ နိုင်ငံရဲ့ ထွက်ကုန်ပ္စည်းတွေကို ဈေးကွက်ချဲ့ထွင်ဖို့ ဈေးကွက်ရှာဖို့ မကြာခင် ကမာ့္ဘနိုင်ငံအသီးသီးကို ခရီးထွက်ဖို့ရှိပါတယ်”

ဖေဖော်ဝါရီ ၁၂ ထုတ် နေပြည်တော်တိုင်းမ် အတွဲ (၁) အမှတ် (၁၃) တွင်ပါသည့် “မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများ နိုင်ငံတကာ ဈေး ကွက်ချဲ့ထွင် ရောင်းချနိုင်ရန် ဈေးကွက်မြှင့်တင်ရေးအဖွဲ့ကမ္ဘာ့ဈေးကွက်များသို့ သွားရောက်လေ့လာမည်” သတင်းမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ကြားဖြတ်ရွေးကောက်ပွဲ ပါတီအနေနဲ့ တရားမျှတစွာယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အရင်တုန်းကမပါတဲ့သူတွေပါလာလို့ ဝမ်းသာတယ်။ ပါဝင်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း တိုင်းပြည်နဲ့ ပြည်သူ့အ ကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ယှဉ်ပြိုင်တဲ့အခါ ပြည်သူတွေ အထင်အမြင်လွဲမှားတာမျိုး ရှိလာရင် နားလည်အောင် ပြောပါလို့ မှာထား တယ်။ လမ်းခင်းတဲ့ကိစ္စတွေကိုတောင် ရွေးကောက်ပွဲပြီးမှ လုပ်ဖို့စဉ်းစားမိသေးတယ်။ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်လို့ ကော်မရှင်က ခွင့်ပြုထားတဲ့လူ တွေကတော့ သူတို့လုပ်ထားတဲ့အတိုင်း ရှိမှာပေါ့။ ကျန်တဲ့ဟာတွေကတော့ မဲအသာစီးရအောင်လုပ်ဖို့ တာဝန်ပေးထားတာ ပြောထားတာမျိုး မရှိဘူး။

ဖေဖော်ဝါရီ ၁၀ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၉၆) တွင်ပါသည့် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအ တွင်းရေးမှူး ဦးဌေးဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment