Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အင်စတီကျူးရှင်းနှင့် အရည်အသွေးတည်ဆောက်ရေး

*****************************************

ဆောင်းပါးကဏ္ဍ

အင်စတီကျူးရှင်းနှင့် အရည်အသွေးတည်ဆောက်ရေး

မိုးမြင့်ငြိမ်း

အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းတွင် အသစ်ဖြစ်ထွန်းလာသော လွှတ်တော်များ၊ နိုင်ငံရေးပါတီများ အစရှိသည့် နိုင်ငံရေးအင်စတီကျူးရှင်းများ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားခြင်း ရှိ၊မရှိပေါ် မူတည်၍  ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တည်ငြိမ်မှု ရှိခြင်း၊မရှိခြင်းတို့ ဖြစ်ပေါ်လာရသည်။ အင်စတီကျူးရှင်းဆိုသည်မှာ လူတို့သည် လူ့အဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားအတွက် စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်း သတ်မှတ်၍ ယင်း စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် လူပုဂ္ဂိုလ်ကို အခြေခံ၍ ဆောင်ရွက်ခြင်းထက် စည်းမျဉ်းစည်းကမ်းကို အခြေခံကို ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အင်စတီကျူးရှင်း အားကောင်းရင် အားကောင်းသလောက် လူ့အဖွဲ့အစည်းမှာလည်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို ရရှိလာနိုင်သည့်အတွက် အင်စတီကျူးရှင်း တည်ဆောက်ရေးကို အဓိကထား ပြောကြားရခြင်း ဖြစ်သည်။

အင်စတီကျူးရှင်း တည်ဆောက်ရေးဟု ဆိုလာလျှင် ယင်းနှင့်အတူ လုပ်ဆောင်ရမည့်အရာမှာ အရည်အသွေး မြှင့်တင်ရေး (Capacity Building) ပင်ဖြစ်သည်။ နိုင်ငံအရေးတွင် ပါဝင်ပတ်သတ်သည့် Stakeholderများ၏ အရည်အသွေး မြှင့်တင်ထားနိုင်မှသာလျှင် နိုင်ငံ၏ အရေးအရာ အဖြာဖြာကို နားလည်နိုင်စွမ်း မြင့်မားစွာဖြင့်  micro အမြင်နှင့်ရော macro အမြင်နှင့်ပါ ကြည့်မြင်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ငွေလဲနှုန်း ပြဿနာကြောင့် အခြေအနေဆိုးရွားနေသည့် Sector တစ်ခုတည်း၏ ဖြစ်တန်ရာသော ပြဿနာကိုသာမက ငွေလဲနှုန်းကြောင့် ပြည်သူများ၏ လူမှုစီးပွားရေး အရပ်ရပ်အခြေအနေနှင့် နိုင်ငံ၏ စီးပွားရေးအလားအလာ၊ ဖြစ်တန်ရာသော လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများအစရှိသော ချိတ်ဆက်နေသည့် မြင်ကွင်းကျယ် (Big picture) ကြီးတစ်ခုလုံးကိုလည်း ကြည့်မြင်နိုင်ဖို့ အရေးကြီးသည်။ ထို့အပြင် အသစ်ပေါ်ထွန်းလာသော လွှတ်တော်ကဲ့သို့သော နိုင်ငံရေး အင်စတီကျူးရှင်တွင် လွှတ်တော်ရေးရာကော်မတီများ၏ အခန်းကဏ္ဍမှာအရေး ပါသည့်အတွက်ကြောင့် အရည်အသွေး မြှင့်တင်ထားနိုင်လျှင် ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်တာများကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှာဖြစ်သည်။

အင်စတီကျူးရှင်း တည်ဆောက်ရေးနှင့် အရည်အသွေး မြှင့်တင်ရေးမှာ ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းလိုပင် ဖြစ်သည်။ တစ်ဦးချင်း စွမ်းဆောင်ရည် မည်မျှပင် မြှင့်တင်ထားစေဦးတော့ အင်စတီကျူးရှင်းမရှိလျှင် တစ်ဦးချင်းစွမ်းဆောင် ရည်ကို ပြည့်ပြည့်ဝဝအသုံးချနိုင်မဟုတ်။ ထို့အတူ အင်စတီကျူးရှင်း အခြေခံ အဆောက်အအုံတွေသာရှိပြီး စွမ်းရည်မြင့်သူ မရှိလျှင်လည်း စနစ်အသက်ဝင်ရေးကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ထိုအတွက်ကြောင့် စာရေးသူအထက်ကဆိုသလို နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်ရမည် ဖြစ်သည်။

အင်စတီကျူးရှင်း အခြေခံအဆောက်အအုံများကို ခိုင်ခံအောင် တည်ဆောက်နိုင်ခြင်းသည် တနည်းအားဖြင့် ပြောရလျှင် တရားဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးများအစရှိသည်တို့ကို စည်းမျဉ်းစည်းကမ်း ဘောင်သွင်းထားပြီး ဆောင်ရွက် စေခြင်းမှာ အင်စတီကျူးရှင်း တည်ဆောက်ခြင်းပင် ဖြစ်လေရာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လျှင် တရားဥပဒေစိုးမိုးမှု ရှိလာလေပင် ဖြစ်သည်။ တနည်းဆိုရလျှင် Rule of ဆိုသည့် အင်စတီ ကျူးရှင်းဖြင့် Law ဆိုသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းကို ဆောင်ရွက်စေခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် အင်စတီကျူးရှင်း အမှန်တကယ် အားကောင်းလာလေ တရားဥပဒေစိုးမိုးမှုလည်း ရှိလာလေဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ရှိလာလျှင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောခဲ့သည့် ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance) လည်း ဖြစ်ပေါ်လာဖို့ သေချာသွားပြီ ဖြစ်သည်။

နိုင်ငံရေးပါတီများတွင်လည်း အင်စတီကျူးရှင်း တည်ဆောက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးမှာ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီလွှတ်တော်နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ ပင်မရေစီးကြောင်းနိုင်ငံရေး မဖြစ်ခဲ့သည့်အတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများလည်း မရှိခဲ့သည်ဖြစ်ရာ နိုင်ငံရေးပါတီများသည် မိမိတို့ပါတီကို စနစ်တကျတည်ဆောင်ရန် အခြေအနေ မပေးခဲ့ပေ။ ထိုအတွက် ကြောင့် စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တည်ဆောက်နိုင်မှုမှာ အနာဂတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သစ်အတွက် အရေးပါသည့် လုပ်ဆောင်ချက်တစ်ရပ်ပင် ဖြစ်သည်။ နိုင်ငံရေးပါတီဝင်များမှာလည်း နိုင်ငံရေးလုပ်ချင်သည့် စိတ်အခံဖြင့်သာ နိုင်ငံရေးဝင်လုပ်ခြင်း မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေး သဘောတရားများကို ထဲထဲဝင်ဝင် နားလည်သိရှိနိုင်သည့် အရည်အသွေး မြှင့်တင်ထားနိုင်ဖို့မှာ အာဆီယံ ဒေသတွင်း ပြန်လည်အရေးပါလာမည့်  မြန်မာနိုင်ငံအတွက် မရှိမဖြစ်သော နိုင်ငံပြုပုဂ္ဂိုလ်များ၏ အရည်အချင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခုမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ ဓလေ့စရိုက်များကို လေ့လာကျင့်သုံးနေရဆဲပင် ဖြစ်ရာ မှားလိုက်ပြင်လိုက်ဖြင့် (Trial and error) စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်သာ ဖြစ်သည်။ နိုင်ငံတွင် ဖြေရှင်းစရာ ပြဿနာ အခက်အခဲများ ရှိနေသော်ငြားလည်း  နိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အရယူနိုင်ခဲ့သော အာရှကျားများကို ကြည့်ပါက အင်စတီကျူးရှင်းများကို စနစ်တကျ တည်ဆောက်ယူခဲ့ရသည်ပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေး အင်စတီကျူးရှင်းများ အားကောင်းခိုင်မာမှုမရှိသေးသ၍ ရင့်ကျက်သည့် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အဟန့်အတားတစ်ခုလို ဖြစ်နေမည်သာဖြစ်သည်။ သို့သော် ဒီမိုကရေစီစနစ်ကျင့်သုံးမှု ကြာမြင့်နေပြီ ဖြစ်သော နိုင်ငံများတွင်တောင် ဒီမိုကရေစီအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းသော်ငြားလည်း လူ့သဘောသဘာဝအရ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းဘောင်အတွင်းမှ အကျင့်ပျက်မှုများလည်း ဖြစ်ပေါ်နေသောကြောင့် ထိုသို့မလုပ် ဆောင်နိုင်ရန် အသစ်သစ်သော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသတ်မှတ်နေရမည်သာ ဖြစ်သည်။ ယခုအခါတွင် အာရပ်နိုင်ငံများ၏ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ် အကူးအပြောင်းများသည် ကြမ်းတမ်းလွန်းလှပြီး လူထုအမှန်တကယ် လိုချင်သည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းဖို့မှာလည်း မသေမချာဖြစ်နေသည်။ ဥရောပနိုင်ငံများတွင်လည်း စီးပွားရေးအကျပ် အတည်းများကြောင့် လူမှုရေးမတည်ငြိမ်မှုများ ၂၀၁၁ ခုနှစ်တွင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာ နိုင်ငံမှာ အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်သွားနိုင်သည့်အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် အားရကျေနပ်မိပါသည်။ ဆက်လက်၍  အင်စတီကျူးရှင်း တည်ဆောက်ရေးနှင့် အရည်အသွေး မြှင့်တင်ရေးကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့မှာ နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးပါကြောင်း သုံးသပ်တင်ပြလိုပါသည်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment