Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာပြန်ဆိုသည်)

  1. ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်သည်)

***************************************************************************************

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု အိန္ဒိယဆို

(The Economic Times မှ 15 February 2012 ရက်စွဲပါ India says Myanmar’s democratic path will strengthen bilateral ties ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ခြေလှမ်းများ လှမ်းနေခြင်းကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုခိုင်မာစေရန် အထောက်အကူပြုပြီး၊ အိန္ဒိယ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ပိုမိုရင်နှီးမြှုပ်နှံစေရန် ဖြစ်လာကြောင်း အိန္ဒိယက ယနေ့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ ၎င်းရဲ့ခေါင်းဆောင်တွေချမှတ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေပေါ်မှာ ဆက်လက် လျှောက်လမ်းနေတာကို ကျွန်တော် သံသယမရှိပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုအားကောင်း နက်ရှိုင်းလာဖို့ပဲ ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က နယူးဒေလီမှ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

                ၎င်းက ပြောကြားရာတွင် နှစ်နိုင်ငံရေမြေချင်း ဆက်နေမှုသည် နှစ်နိုင်ငံ၏ ဖြစ်တည်မှု၌ ဆက်စပ်မှုများစွာ ရှိကြောင်း၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ဆက်ဆံရေးများ ဆက်လက်တိုးတက်နေမည်ဆိုပါက ဒေသတွင်း ရုပ်လုံးသစ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ဖို့ ရေ၊မြေ၊လေ အဆက်အသွယ်တွေ ပိုမိုကြီးထွားလာဖို့လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုရာသီဥတု၊ အဆက်အသွယ်တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ အိန္ဒိယကုမ္ပဏီတွေဟာ ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံ လာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် အိန္ဒိယစီးပွားရေးကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် အဆက်အသွယ်အခွင့်အလမ်းများ ရရှိရန် တက်ကြွစွာ ကြိုးစားလျက်ရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့်လည်း 2011 ခုနှစ်က ရန်ကုန်တွင် အိန္ဒိယကုမ္ပဏီပြပွဲ ကျင်းပနိုင်ခြင်းကို များစွာ ဝမ်းသာကြောင်း ပြောသည်။

နှစ်နိုင်ငံ ပြည်သူအချင်းချင်း အဆက်အဆံရှိခြင်းကိုလည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာရုံပြုရမည့် နယ်ပယ်တစ်ခု ဖြစ်ကြောင်း Mattai က ဖော်ပြခဲ့သည်။ အိန္ဒိယအစိုးရသည် မြန်မာဘုရားဖူးများအား တိုး၍ အကူအညီပေးလျက် ရှိကြောင်း၊ ဘုရားဖူးများ ပိုမိုလာရောက်စေရန် ဆိုက်ရောက်ဗီဇာ ပေးရန်လည်း ကြိုးစားလျက်ရှိကြောင်းကို ၎င်းက သိရှိကြောင်းဆိုသည်။ “နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန်ကိစ္စတွေမှာ စနစ်တကျဖြစ်စေဖို့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ကို မကြာမီ လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

****************************************************************************

ကုလသမဂ္ဂ အလှူရှင်ကွန်ဖရင့် ကျင်းပရန် မြန်မာ သဘောတူ

(The Financial Times မှ 10 February 2012 ရက်စွဲပါ Gwan Robinson ရေးသားသော Myanmar agrees to hold UN donor conference ကို ဘာသာပြန်ဆိုသည်)

အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာအစိုးရနှင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ အကူအညီပေးရေး ကွန့်ဖရင့်ကြီး တစ်ခုကျင်းပရန် ပူးတွဲလုပ်ဆောင်ရေး သဘောတူခဲ့သည်။ ယင်းမှာ တိုင်းပြည်တွင် အရေးပါသော ပြောင်းလဲမှုများအတွက် နောက်ထပ်လက္ခဏာတစ်ခု ဖြစ်သည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အစိုးရအေဂျင်စီများ ပါဝင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအဆင့်လျော့ချရေး၌ အစိုးရကမျှော်မှန်းထားသော 26% မှ 2015 ခုနှစ်တွင် 16% ထိလျော့ချနိုင်ရန် ပစ်မှတ်ထား ဆွေးနွေးသွားမည်ဟု UNDP ဒေသဆိုင်ရာ ဒါရိုက်တာ Ajay Chhibber က ပြောကြားခဲ့သည်။ “အစိုးရနှင့် တွေဆုံဆွေးနွေးရာမှာ ကျွန်တော်တို့ဟာ အကူအညီတွေ ပိုမိုလိုအပ်တယ်ဆိုတာရယ်၊ အကူအညီတွေ ပိုမိုထိရောက်ဖို့လိုတယ် ဆိုတာရယ်၊ ပိုကောင်းတဲ့ အကူအညီပေးရေး အခြေအနေတွေ လိုတယ်ဆိုတာရယ်ကို သဘောတူကြပါတယ်။ အလှူရှင်တွေ အတူတကွ စုစည်းနိုင်မယ့် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရေး လုပ်ငန်းစဉ်အတွက် စတင် လုပ်ဆောင်ဖို့ သဘောတူပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအတွက် ငွေပမာဏမည်မျှ လိုမည်ဆိုသည်ကို တိုင်းသိပြည်သိ ခန့်မှန်းထားခြင်း မရှိသော်လည်း အချို့မြန်မာနိုင်ငံမှ လူများနှင့် အစိုးရ တာဝန်ရှိသူများက ဒေါ်လာဘီလီယံများစွာ လိုအပ်လိမ့်မည်ဟု ပြောကြားကြသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးကွာတား၌ ပါဝင်ပြီး 2011 ခုနှစ်အတွက် တစ်ဦးချင်း GDP မှာ ဒေါ်လာ(700) သာရှိကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ သိရှိရသည်။

ယင်းကဲ့သို့ ကွန်ဖရင့်ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်းမှာ အမေရိကန်က အရေးယူမှုအချို့ဖယ်ရှားခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားနိုင်ငံစုံ အဖွဲ့များ မြန်မာနိုင်ငံတွင် အကူအညီများ ကျယ်ပြန့်စွာပေးနိုင်ရန် အခြေခံလုပ်ငန်းများ စတင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရနှင့် ကုလ သမဂ္ဂတို့သည် နေပြည်တော်တွင် တိုင်းပြည်အတွက် စီးပွားရေးမူဝါဒ လမ်းကြောင်းကို လူများစွာဖြင့် မျက်နှာစုံညီ ဆွေးနွေးနိုင်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လူပေါင်း (450) ကျော် တက်ရောက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ စိန်ခေါ်မှုများ အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အရပ်ဖက်တွင် လူ့စွမ်းဆောင်ရည် တည်ဆောက်မှုများကို အာရုံပြု ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးကြသူများတွင် မြန်မာကက်ဘိနက်ဝန်ကြီးများ၊ စီးပွားရေး ပညာရှင်နှင့် အမေရိကန်စီးပွားရေးပညာရှင် Joseph Stiglitz ကဲ့သို့သော သူများနှင့် အာရှနိုင်ငံများမှ တာဝန်ရှိသူများ ပါဝင်သည်။

မြန်မာနိုင်ငံတွင်းသို့ အကူအညီများ အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်ရန်မှာ အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းသင့်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အနောက်နိုင်ငံအကူအညီပေးရေး အကြီးတန်း တာဝန်ရှိသူများ၊ အစိုးရ တာဝန်ရှိသူများ လာရောက်ခြင်းများအတွက် များစွာ အားတက်ခဲ့ရကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အနောက်နိုင်ငံများက အကယ်၍ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ သန့်ရှင်းခဲ့လျှင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ ဖြေရှင်းပြီးခဲ့လျှင် အရေးယူမှုများ ရုတ်သိမ်းမည်ဟု ဆိုခဲ့သည်။

                မြန်မာနိုင်ငံတွင် အရေးယူမှုများရုတ်သိမ်းခဲ့ပြီးသည့်တိုင် စီးပွားရေးလုပ်ငန်းများ အလောထကြီးဝင်ရောက်ရန် အားလုံးက ယုံကြည်စိတ်ချခြင်း မရှိသေးပေ။ မြန်မာနိုင်ငံသို့လာရောက်သော အီးယူဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောကြားရာတွင် အရေးယူမှုများ ရုတ်သိမ်းသွားသည့်တိုင် ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမည့် ဥပဒေများ အပြည့်အဝ အလုပ်ဖြစ်သည်အထိ အချိန်ယူ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နေပြည်တော်ဆွေးနွေးပွဲတွင် တက်ရောက်သော ထိပ်တန်းမြန်မာဘဏ်လုပ်ငန်းရှင်က ပြောကြားရာတွင် မေလတွင် ပြည်တွင်းစီးပွားရေး အုပ်စုများက ကြီးမှူးကျင်းပမည့် ငါးကြိမ်မြောက် မြန်မာ့စီးပွားရေးကွန့်ပရင့်ကို တက်ရောက်ရန် နိုင်ငံတကာစီးပွားရေး အုပ်စုများသည် မကြုံစဖူး စိတ်ဝင်စားလျက် ရှိကြသည်ဟု ဆိုသည်။ “တချို့ဆို အဲဒီအချိန်တောင် မစောင့်နိုင်ပါဘူး။ အခု ဂျပန်လူမျိုး(170) နဲ့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင် (117) ဦးတို့ လာတာ အပျော်ခရီး သွားဖို့ လာတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment