Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. အာဆီယံအတွင်းရေးမှူးချုပ်က မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အကဲဖြတ်

(VOA News မှ 24 Feb 2012 ရက်စွဲပါ Daniel Schearf ရေးသားသော ASEAN secretary-general assesses Burma's reform ကို ဘာသာ ပြန်ဆိုသည်)

  1. ၆ လအတွင်း ဘိန်းခင်းဟက်တာ နှစ်သောင်းကျော် မြန်မာဖျက်ဆီး

(Xinhua မှ 24 Feb 2012 ရက်စွဲပါ Myanmar destroys 22432 hectares of poppy plantations in six months ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းကြရန် ကုလကိုယ်စားလှယ် တိုက်တွန်း

(VOA News မှ UN envoy urges lifting of Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************

အာဆီယံအတွင်းရေးမှူးချုပ်က မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အကဲဖြတ်

(VOA News မှ 24 Feb 2012 ရက်စွဲပါ Daniel Schearf ရေးသားသော ASEAN secretary-general assesses Burma's reform ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ သန္နိဋ္ဌာန်ချထားပြီးပုံ ရကြောင်း၊ သို့သော် နိုင်ငံတကာ၏ မျှော်လင့်ချက်များ ပြည့်ဝနိုင်ရေး အတွက် သက်သေပြရန် လိုအပ်နေသေးကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်က ပြောကြားခဲ့သည်။

ယင်းသည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများနှင့် ပတ်သက်၍ သောကြာနေ့က အကဲဖြတ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆူရင်က ပြောကြားရာတွင် မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် ယခုလုပ်ငန်းစဉ်ကို ထိန်းချုပ်ထားနိုင်သည်နှင့်အမျှ နောက်ထပ် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆက်လုပ်ရန် ဆုံးဖြတ်ထားပုံ ရသည်ဟု ဆိုသည်။ "ဗဟိုချုပ်ကိုင်မှု၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရတွေ တံခါးဖွင့်လိုတဲ့ဆန္ဒရှိသလိုပါပဲ။ မတည်ငြိမ်မှုတွေ၊ တင်းမာမှုတွေ၊ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ဆက်ပြီး ထိန်းချုပ်မထားချင်တော့ဘူးဆိုရင်တော့ ဒါကို ဂရုတစိုက် ကိုင်တွယ်ရမှာဖြစ်ပါတယ်။ သူတို့ ဒါကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ယင်းက ပြောသည်။ ဆူရင်က အထက်ပါမှတ်ချက်ကို ဘန်ကောက်တွင် ထိုင်းနိုင်ငံခြားသတင်းထောက်များ အသင်း၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်း၏ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ အခြားအစိုးရ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ရာ တိုင်းပြည်ကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ရှိသည် ဆိုသည်ကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ဆူရင်သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ သူမ၏ပါတီ NLD နှင့်လည်းကောင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည်။ NLD အနေဖြင့် ဧပြီလရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် နိုင်ငံတကာက ယုံကြည် စိတ်ချရမှု ရှိစေရန် အလွန်တရာ အရေးကြီးသော စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။

"အတိအကျပါပဲ။ ဒီအချက်ကိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံတွင်းကနေ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်နေမယ်ဆိုတာ အချက်ပြမှုကို စောင့်ကြည့်နေတာပါပဲ။ ပိုပြီးတော့ပဲ တံခါးဖွင့်မလား။ ကျွန်တော်တို့ တံလျှပ်ကို ရေထင်မိသလားဆိုတာ စောင့်ကြည့်ဆဲပါပဲ။" ဟု ဆူရင်က အလေးအနက် ပြောသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်သူများအား ခွင့်ပြုရန် စဉ်းစားလျက်ရှိသည်။ သို့သော် ခွင့်ပြုခဲ့သည့်တိုင် အကောင်းဆုံး အဖွဲ့အစည်းမဟုတ်ဟု ဆူရင်က အသိပေးခဲ့သည်။ "တရားမျှမျှတတ၊ ပွင့်ပွင့်လင်းလင်း၊ အမှန်တရားကို ပြောရရင် ဂုဏ်ထူး ထွက်တဲ့အဆင့် မဟုတ်သေးပါဘူး။ ဒါပေမဲ့ အခုမှ အစပဲ ရှိပါသေးတယ်။ ကတိတွေတော့ ပေးပြီးပါပြီ။ အပြင်က ထွက်ပေါ်လာတဲ့ တိုင်းတာမှုတွေ၊ အပြင်က အကဲဖြတ်တာတွေ မရှိဘဲနဲ့တော့ ပြောင်းလဲမှုအချို့ ရှိနေပြီဆိုတာ ကမ္ဘာကို ယုံကြည်အောင် ပြောဖို့ ခက်ပါတယ်" ဟု ယင်းက ပြောသည်။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံတွင် ဒီမိုကရေစီ ဖွံ့ဖြိုးဆဲတိုင်းပြည်များ ပါဝင်သကဲ့သို့ ဘရူနိုင်းကဲ့သို့ ဘုရင် အုပ်ချုပ်သော နိုင်ငံ၊ လာအိုနှင့် ဗီယက်နမ် ကဲ့သို့သော ကွန်မြူနစ်နိုင်ငံများလည်း ပါဝင်သည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ တွင် အာဆီယံအစည်းအဝေးများ လက်ခံ ကျင်းပခြင်းသည် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ နောက်ပြန်မလှည့်စေရန် သေချာစေရေးအတွက် အထောက်အကူဖြစ်စေသည်ဟု ဆူရင်က ပြောသည်။ သို့သော် မြန်မာနိုင်ငံတွင် အရေးကြီး၍ အလေးအနက်ပြင်ဆင်ဖွယ်များ လိုအပ်ကြောင်း၊ လမ်းများ တိုးတက် ကောင်းမွန်ရေး၊ တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေး၊ ဟိုတယ်လုံလောက်မှုရှိရေးနှင့် တည်ငြိမ်သော ဘဏ်လုပ်ငန်းနှင့် ငွေကြေးစနစ်ရှိရေးတို့တွင် များစွာ ပြုပြင်ရန် ရှိကြောင်း ပြောသည်။

"တကယ်လို့ မြန်မာနိုင်ငံဟာ ဥက္ကဋ္ဌတာဝန်ကို တာဝန်ကျေကျေ ထိထိရောက်ရောက် အောင်အောင်မြင်မြင် အပြည့်အဝတာဝန်ယူနိုင်ဖို့ ဆိုရင် လာမယ့် ၂ နှစ်အတွင်း အများကြီး လုပ်ရပါဦးမယ်" ဟု ဆူရင်က ပြောသည်။

ဆူရင်ပြောခဲ့သောအချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် ငွေကိုသာ ကိုင်သုံးရသော ငွေကြေးစနစ်မှာ မရှိသင့်တော့ ဆိုသည့်အချက်ဖြစ်သည်။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခြင်းကြောင့် လက်ခံကျင်းပရမည့် စီးပွားရေးနှင့် နိုင်ငံရေးအဆင့်မြင့်အစည်းအဝေးများ လက်ခံကျင်းပရန် ထိုကဲ့သို့သော ငွေကြေးစနစ်သည် ပြည့်စုံ လုံလောက်မှု မရှိကြောင်း ယင်းက ပြောကြားခဲ့သည်။

**********************************************************************

၆ လအတွင်း ဘိန်းခင်းဟက်တာ နှစ်သောင်းကျော် မြန်မာဖျက်ဆီး

(Xinhua မှ 24 Feb 2012 ရက်စွဲပါ Myanmar destroys 22432 hectares of poppy plantations in six months ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအာဏာပိုင်များသည် ၂ဝ၁၁ စက်တင်ဘာနှင့် ၂ဝ၁၂ ဖေဖော်ဝါရီအကြား ဘိန်းစိုက်ရာသီတွင် နိုင်ငံအဝှမ်း တရားမဝင် ဘိန်းစိုက်ဧရိယာ စုစုပေါင်း ၂၂၄၃၂ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့ကြသည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဖျက်ဆီးခဲ့သော ဘိန်းစိုက်ခင်းများတွင် ရှမ်းပြည်နယ်အတွင်း မြို့နယ် ၉ ခုနှင့် မကွေးတိုင်း မင်းလှမြို့နယ်တို့မှ ဘိန်းစိုက်ခင်းများ ပါဝင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။ ထို့အပြင် ယခုနှစ် ဇန်နဝါရီလအတွင်း ဖော်ထုတ်နိုင်ခဲ့သော မူးယစ်ဆေးဆက်စပ် ပတ်သက်သောရာဇဝတ်မှု ၂၃၅ မှုနှင့် ပတ်သက်သော တရားခံ ၃ဝ၇ ဦးကို အရေးယူ အပြစ်ပေးခဲ့ရာတွင် အမျိုးသမီး ၅၃ ဦးပါဝင်သည်ဟု မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများထံမှ ရရှိသော လစဉ်ကိန်းဂဏန်းများအရ သိရှိရသည်။ အထက်ပါ မူးယစ်ဆေး ဆက်စပ် မှုခင်းများတွင် ဟီးရိုးအင်းအမှု ၈၄ မှုက အများဆုံးဖြစ်၍ စိတ်ကြွမူးယစ်ဆေး ၇၉ မှု၊ ဘိန်း ၃၃ မှုနှင့် ဆေးခြောက် ၁၈ မှုတို့ အသီးသီးပါဝင်သည်။ ထို့ပြင် ဇန်နဝါရီလထဲတွင် ဘိန်း ၃၅၆.၅၂ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁၁ ကီလိုဂရမ်၊ ဆေးခြောက် ၁.၃၃ ကီလိုဂရမ်၊ အက်ဖီဒရင်း ၂၅.၆၆ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၂ သန်းကျော်ကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို အမြစ်ပြတ် ဖယ်ရှားရန်အတွက် တစ်ဆင့်လျှင် အချိန်ကာလ ၅ နှစ် ပါဝင်သော အဆင့် ၃ ဆင့်ပါ ၁၅ နှစ်စီမံကိန်း (၁၉၉၉-၂ဝ၁၄) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ တတိယ ၅ နှစ် သက်တမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

*********************************************************************

မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းကြရန် ကုလကိုယ်စားလှယ် တိုက်တွန်း

(VOA News မှ UN envoy urges lifting of Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဖြစ်သောကြောင့် ယခင် တပ်မတော်အစိုးရ အပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်းကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းကိုယ်စားလှယ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း ပြောကြားလိုက်သည်။

ယခုလအစောပိုင်းတွင် ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် သွားရောက်ခဲ့သော ဗီဂျေ နမ်ဘီယာက မြန်မာနိုင်ငံ၌ ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲများသည် မနှစ်က အာဏာရလာသော အရပ်ဖက် အစိုးရသစ်အတွက် အရေးကြီးသော အကဲဖြတ် စမ်းသပ်မှု ဖြစ်လိမ့်မည်ဟု သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားသည်။

"ဒီရွေးကောက်ပွဲတွေကို ယုံကြည်စိတ်ချ လက်ခံပေးဖို့ ဆိုတာကတော့ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဒါကိုလည်း အားလုံးတွေ့မြင်ရဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ အတွက် ပါတီအားလုံး မျှမျှတတ ယှဉ်ပြိုင်နိုင်မယ့် ခွင်တစ်ခု ဖြစ်ရမယ်။ ကန့်ကွက် တိုင်ကြားမှုတွေကိုလည်း မြန်မြန်ဆန်ဆန် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရမယ်။ ဒီအချက်ကို ကျွန်တော်အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်နွယ်နေကြတဲ့ ကြားခံလူတွေ အားလုံးက ထုတ်ဖော် တင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် မှန်မှန်ကန်ကန် အကောင်အထည်ဖော် ကူးပြောင်းမယ်လို့ အစိုးရက ပေးထားတဲ့ ကတိကဝတ်ကို ဒီကြားဖြတ်ရွေးကောက်ပွဲက လက်တွေ့ကျကျ စမ်းသပ်ပါလိမ့်မယ်"  ဟု ဗီဂျေ နမ်ဘီယာက ရှင်းလင်းပြောဆိုသည်။

ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ လာမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် နည်းပညာအကူအညီ ပေးရန် တောင်းဆိုခံရခြင်း သို့မဟုတ် ကမ်းလှမ်းထားခြင်း မရှိပါဟု အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေးဖြစ်သော နမ်ဘီယာက ဆိုသည်။ သို့သော် အာဆီယံအဖွဲ့ကမူ အကဲခတ် လေ့လာ စောင့်ကြည့်သူများ စေလွှတ်ရန် ကမ်းလှမ်းထားသည်ဟု သိရသည်။

မစ္စတာနမ်ဘီယာက ဆက်လက်၍ အတိုက်အခံ နိုင်ငံရေးပါတီ NLD မှတ်ပုံတင်ခြင်း၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားလှယ် အမတ်လောင်းအဖြစ် မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးအကျဉ်းသား များစွာ လွတ်မြောက်လာခြင်း စသည်တို့ အပါအဝင် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ ပြောင်းလဲတိုးတက်မှုများကို ရည်ညွှန်း ချီးကျူးပြောဆိုခဲ့သော်လည်း ပြည်သူများအတွက် လက်ဆုပ်လက်ကိုင် ရလဒ်များနှင့် စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးရန် အစိုးရတွင် တာဝန်ရှိနေဆဲ ဖြစ်သည်ဟု သတိပေး ပြောကြားသည်။

အစိုးရအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ထုတ်ပြန် ကြေညာ ဖြည့်ဆည်းပေးရမည်ဟု ဆိုသော နမ်ဘီယာက ယခင် တပ်မတော်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်ညှဉ်းပန်းဖိနှိပ်မှုများအပေါ် အကြောင်းပြု ချမှတ်ထားသော စီးပွားရေးနှင့် ဘဏ္ဍာရေးပိတ်ဆို့ အရေးယူမှုများကိုလည်း ရုတ်သိမ်းပေးကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပြောကြားလိုက်သည်။

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂအစီအစဉ်တွေအပေါ် ချမှတ်ထားတဲ့ ဟန့်တားမှုတွေ ဖယ်ရှားပေးခြင်း အပါအဝင် မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အင်တိုက်အားတိုက် တုံ့ပြန် ဖြည့်ဆည်း ကူညီကြဖို့ လိုပါတယ်။ အခုအချိန်ဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ ကံကောင်းခြင်းအတွက် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမယ့် အခြေအနေတွေကို တည်ထောင်ကြရမယ့် အချိန်ပါ" ဟု နမ်ဘီယာက သုံးသပ် ပြောကြားသည်။ ထို့ပြင် ကုလသမဂ္ဂနှင့် ကဏ္ဍများစွာ တွေ့ထိဆက်ဆံနေသော မြန်မာအစိုးရကိုလည်း နမ်ဘီယာက ချီးကျူးပြောဆိုသွားခဲ့သည်။

**********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment