Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၈.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကာတာလေကြောင်း ပျံသန်းမှု ကွန်ရက်တိုးချဲ့ရာတွင် မြန်မာပါဝင်

(Gulf Times မှ 8 March 2012 ရက်စွဲပါ Airline expands route network ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ သတင်းစာဆရာများ အသက်ရှုပေါက် ချောင်လာသော်လည်း ခက်ခဲနေဆဲ

(Deutsche Welle မှ 6 March 2012 ရက်စွဲပါ Myanmar’s journalists breathe more freely but it’s a long haul ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တစ်ဆစ်ချိုး

(Project syndicate မှ 6 March 2012 ရက်စွဲပါ Burma's Turn ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************************

ကာတာလေကြောင်း ပျံသန်းမှု ကွန်ရက်တိုးချဲ့ရာတွင် မြန်မာပါဝင်

(Gulf Times မှ 8 March 2012 ရက်စွဲပါ Airline expands route network ကို ဘာသာ ပြန်ဆိုသည်)

ကာတာလေကြောင်းသည် ခရီးသည်ပို့ဆောင်ရေး လမ်းကြောင်းသစ် ၅ ခုနှင့်အတူ ကုန်စည်ပို့ဆောင်မှုများ အပါအဝင် နိုင်ငံတကာကွန်ရက်ကို ဆက်လက် တိုးချဲ့သွားမည်ဟု ယမန်နေ့က ကြေညာခြင်းဖြင့် လေကြောင်းလိုင်း အခြေစိုက်ရာ ဒိုဟာမှ တိုက်ရိုက် ပျံသန်းမှုများကို တိုးမြှင့်လျက် ရှိသည်။

မေလတွင် စတင်မည့် ခရီးစဉ် တိုးချဲ့မှုအစီအစဉ်တွင် အီရတ်၊ တန်ဇန်နီးယား၊ ဆားဗီးယားနှင့် မြန်မာနိုင်ငံများသို့ ၆ လအတွင်း ခရီးစဉ်တိုးချဲ့ ပျံသန်းမည် ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဂျာမန်မြို့တော်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်း ပြပွဲ ITB Berlin က ဖွင့်ပွဲနေ့တွင် ကာတာ လေကြောင်းလိုင်း အကြီးအကဲ အက္ကဘာ အယ်လ် ဘေကာက လေကြောင်းလိုင်း တိုးချဲ့မှု အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

************************************************************

မြန်မာ သတင်းစာဆရာများ အသက်ရှုပေါက် ချောင်လာသော်လည်း ခက်ခဲနေဆဲ

(Deutsche Welle မှ 6 March 2012 ရက်စွဲပါ Myanmar’s journalists breathe more freely but it’s a long haul ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ မီဒီယာဝန်းကျင်တွင် ပြောင်းလဲမှုဒီရေ မြင့်တက်လာမှုကို ခံစားလာရသည်။ အချို့လွတ်လပ်သော သတင်းစာဆရာများက သံသယ ရှိနေဆဲ ဖြစ်သော်လည်း၊ လွှတ်တော်၌ စာပေစိစစ်ရေး ဖျက်သိမ်းမှုပါဝင်သော ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိရာ၊ စာပေစိစစ်ရေးမှာ ဖျက်သိမ်းခြင်း မရှိသော်လည်း ဖြေလျော့ပေးလျက် ရှိသည်။

အားမာန်သည် 7-Days အပတ်စဉ်ဂျာနယ်မှ အယ်ဒီတာချုပ်ဖြစ်ပြီး၊ ၎င်းက သူရေးသားသော မကြာသေးမီက ဆောင်းပါးအား စာပေစိစစ်ရေးမှ သဘောမကျကြောင်း ရှင်းပြသည်။ “ကျွန်တော်ရေးခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးတွေမှာ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်လို့ ပြည်သူတွေက ပြောကြတာကို ရေးလိုက်တာပါ။ သူတို့က ခပ်ဖော့ဖော့ ရေးဖို့ တောင်းဆိုကြတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ခြုံ၍ပြောရလျှင် အတိုက်အခံခေါင်းဆောင်အကြောင်းရေးရသည်မှာ ပြဿနာမဟုတ်တော့ဟု ၎င်းက ပြောသည်။ သို့သော် နေ့စဉ်ထုတ် သတင်းစာတွင်မူ သူမ၏ ပုံများကို ဖော်ပြခြင်း မပြုပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီးကတည်းက ပြောင်းလဲမှုများ သိသိသာသာ ဖြစ်လာသည်ဟု အားမာန်က ရှင်းပြသည်။ “အဲဒီမတိုင်မီက သူမပုံကို မျက်နှာဖုံးမှာတင်ဖို့ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ အတွင်းမှာသာ တစ်ခါတစ်ရံ ဖော်ပြခွင့် ပြုခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

အားမာန်က ပြောကြားရာတွင် ၎င်းတို့၏ စာစောင်သည် ပြီးခဲ့သည့် ဧပြီလပြီးကတည်းက စောင်ရေ ရုတ်ခြည်းတက်လာသည်ဟု ဆိုသည်။ ယခုအခါ အပတ်စဉ် စောင်ရေ (140000) ရှိကြောင်း ပြောသည်။ “သတင်းတွေက ရုတ်တရက် အရေးပါလာပါတယ်။ လူတွေကလည်း ကျွန်တော်တို့ ပြောတာကို ယုံကြည်လာကြတယ်” ဟု ၎င်းက ဆိုသည်။

စောင်ရေ (85000) ရှိသော အပတ်စဉ်ထုတ် The Voice မှ ဒုအယ်ဒီတာချုပ် ဇေယျသူက ပြောကြားရာတွင် သတင်းများအချိန်နှင့် တပြေးညီ ဖော်ပြနိုင်လာခြင်းမှာလည်း အကြောင်းတစ်ခုဖြစ်ကြောင်း ရှင်းပြသည်။ “စာပေစိစစ်ရေးမှာ တင်ရတဲ့အချိန်က တစ်ပတ်လောက်ယူရတယ်” ဟုလည်း ပြောသည်။

မည်သို့ပင်ဆိုစေ မဖော်ပြရန်တားမြစ်ထားသည့် အကြောင်းအရာများမှာ ရှိနေဆဲဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ သိမ့်မွေ့သော ကိစ္စဖြစ်သည်။ တိုက်ပွဲများ အကြောင်းပြောခွင့် မရှိပေ။ တိုင်းရင်းသားများ အထူးသဖြင့် ကချင်တို့၏ ကျေညာချက်များကို ဖော်ပြခွင့် မရှိပေ။

သို့သော် ကိုယ့်ကိုယ်ကိုမူ ဆင်ဆာမထားကြောင်း ဇေယျသူ က ပြောသည်။ “အရင်ကဆို နိုင်ငံရေးအကျဉ်းသား ကိစ္စတို့ လူ့အခွင့်အရေးကိစ္စတို့ကို ကျွန်တော်တို့ ရေးခွင့်မရှိပါဘူး။ အခုဆို ရေးခွင့်ရလာပါပြီ။ ကျွန်တော်ကတော့ ရေးချင်တာရေးမှာပဲ ဆင်ဆာက သူဘာသူဖြတ်လိမ့်မှာပေါ့” ဟု ဆက်လက် ရှင်းပြသည်။

ပြည်သူလွတ်တော်သည် ယခုအခါ မီဒီယာဥပဒေသစ်ကို ရေးဆွဲလျက်ရှိရာ စာပေစီစစ်ရေးအား ဖျက်သိမ်းဖွယ် ရှိပြီး၊ နေ့စဉ်ထုတ်သတင်းစာလည်း ခွင့်ပြုမည် ဖြစ်သည်။ လက်ရှိအားဖြင့်မူ နေ့စဉ်ထုတ်သတင်းစာကို နိုင်ငံတော်ကသာ ထုတ်ဝေနေသည်။

အစိုးရသည် မီဒီယာဥပဒေကြမ်းကို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့မှ ဥပဒေများကို လေ့လာကာ အခြေခံထားသည်။ အချို့က အဆိုပါ နိုင်ငံများမှ ဥပဒေအပေါ် စိုးရိမ်မှုသံသယများ ရှိသည်။ စောင်ရေ (20000) ရှိသည့် လွန်ခဲ့သော နှစ်နှစ်ခန့်က စတင်ထုတ်ဝေခဲ့သော Myanmar Post မှ ဦးအောင်မြင့် ကမူ ယခုထိလုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို စိတ်ကျေနပ်မှုမရှိသးဟု ဆိုသည်။ “လွန်ခဲ့တဲ့ 14 လ အတွင်း ပြောင်းလဲမှုတွေ ရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါနဲ့တင် မလုံလောက်သေးပါဘူး” ဟု ၎င်းက ပြောသည်။ “စာပေစိစစ်ရေးက ဖြေလျော့မှုတွေ လုပ်ပေးနေတယ် ဆိုပေမယ့်၊ ဖျက်သိမ်းခြင်း မရှိသေးပါဘူး။ ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ အတည်ပြုချက် ယူနေတုန်းပဲ။ ဒါဟာ စာပေလွတ်လပ်ခွင့် မဟုတ်သေးပါဘူး” ဟု ဆက်လက်ပြောသည်။

၎င်းက ရှင်းပြရာတွင် မကြာမီက ၎င်းသည် NLD မှ ဦးသိန်းဦးနှင့် အနာဂတ်နှင့်စစ်တပ်၏ အရေးပါမှုနဲ့ ပတ်သက်၍ အင်တာဗျူး ပြုလုပ်ခဲ့ရာ စာပေစိစစ်ရေးမှ ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ ၎င်း၏ လုပ်ဖောင်ကိုင်ဖက်ဖြစ်သူ ထက်ထက်ခိုင်ကလည်း “ကျွန်မ နာမည်ကြီးမင်းသား တစ်ဦးနဲ့ ရုပ်ရှင် ဆင်ဆာ ကိစ္စ အင်တာဗျူးကို စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး” ဟု ဆိုသည်။

သို့သော် The Voice မှ ဇေယျသူကမူ အကောင်းမြင်မှုကို ပို၍နှစ်သက်သည်။ အရာရာတိုင်း ပြောင်းလဲနေသည် ဆိုသည်မှာ ထင်ရှားကြောင်း ၎င်းက ဆိုသည်။

**********************************************************************

မြန်မာ့တစ်ဆစ်ချိုး

(Project syndicate မှ 6 March 2012 ရက်စွဲပါ Burma's Turn ကို ဘာသာ ပြန်ဆိုသည်)

(ကိုလံဘီယာ တက္ကသိုလ်မှ ကမ္ဘာကျော် စီးပွားရေး ပါမောက္ခ ဂျိုးဇက် စတစ်ဂလစ် ရေးသားသော ဆောင်းပါး ဖြစ်သည်)

နှစ်ပေါင်း ၅ဝ ခန့် နိုင်ငံရေး အပြောင်းအလဲ ဆိတ်သုဉ်းလုနီးပါး နှေးကွေးခဲ့ပြီးနောက် ယခုနောက်ဆုံး အာဏာရ အစိုးရသစ်က အချိန်တိုအတွင်း မြန်ဆန်စွာ ပြောင်းလဲရေးကို အားထုတ် ကြိုးပမ်းနေသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ချေသည်။

လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ စီးပွားရေး ပြောင်းလဲမှု စတင်ခြင်း တို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပစ်မှတ်ထား ဆွဲဆောင်လျက် ရှိသည်။

ယခင် မြန်မာအာဏာရှင် အစိုးရဟောင်းအပေါ် အရေးယူမှုများ ကာလကြာရှည်စွာ ပြုလုပ်ထားခဲ့ကြသော နိုင်ငံတကာ အသိုင်းအဝိုင်းက သတိ ကြီးစွာ ထားကာ စောင့်ကြည့်နေကြရခြင်းကို နားလည်ပေးနိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများ အထနှေးနေရာမှ ရုတ်တရက် မြန်ဆန်စွာ စတင် ဖြစ်ပေါ်လာချိန်တွင် နာမည်ကျော် ပညာရှင် ဆိုသူများပင်လျှင် မသေမချာ ဇဝေဇဝါ ဖြစ်ကုန်ကြလေသည်။

သို့သော် မြန်မာ့သမိုင်း၏ လက်ရှိအချိန်ကာလသည် သေချာသော အပြောင်းအလဲအတွက် အခွင့်အလမ်းစစ်စစ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်လည်း လက်လွတ်ခံ၍ မရသော အခွင့်အလမ်းတစ်ရပ်ကို ကမ်းလှမ်းနေသည်ဟူသော အချက်မှာ ထင်ရှားနေပေသည်။ ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံ အစီအစဉ်ကို ရှေ့တိုး ဆောင်ရွက်ကြရမည့် အချိန် ဖြစ်နေပြီး အကူအညီပေးရန် ကမ်းလှမ်းရုံမျှဖြင့် မလုံလောက်ပါ။ ယခုအခါ အသွင် ကူးပြောင်းမှုတွင် အဟန့်အတားဖြစ်နေသည့် အရေးယူမှုများကိုပါ ဖယ်ရှားပေးကြရမည် ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲများအပြီး စတင်ခဲ့သော အသွင်ကူးပြောင်းမှုသည် ယခုအချိန်ထိ အံ့အားသင့်စရာ ကောင်းနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း အာဏာကို လက်မလွှတ်ခဲ့သော တပ်မတော်က ယခုအခါ လွှတ်တော် အမတ်နေရာ ၂၅% ကိုပါ ကြိုတင်ရယူထားသည့်အတွက် ရွေးကောက်ပွဲများမှာ အတုသာ ဖြစ်လိမ့်မည်ဟု အများစုက တွေးထင် စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့သော် အာဏာရလာသော အစိုးရသစ်သည် မြန်မာနိုင်ငံသား တို့၏ အခြေခံ လိုအပ်ချက်များကို မျှော်မှန်းထားသည်ထက် များစွာ တုံ့ပြန်ဆောင်ရွက်လျက် ရှိသည်။

သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုအောက်တွင် လက်ရှိအစိုးရလည်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရန်၊ တံခါးဖွင့်ရန် တောင်းဆိုမှုများကို အပြုသဘော တုံ့ပြန်ဆောင်ရွက်ပေးလျက် ရှိသည်။ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် အမြစ်တွယ်ခဲ့ပြီး လွတ်လပ်ရေးခေတ်လွန် ခေါင်းဆောင်များ နှစ်ပေါင်း ၆ဝ ခန့် မွေးမြူ ထိန်းသိမ်းခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တိုးတက်မှုများ ရရှိနေသည်။ နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာရုံသာမက လာမည့် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စီးပွားရေးမျက်နှာစာတွင်လည်း ဘတ်ဂျတ်ရေးဆွဲရေး လုပ်ငန်းစဉ်၌ မကြုံစဖူး ပွင့်လင်း မြင်သာမှုများကို မိတ်ဆက်ပေးလျက် ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်များမှာ နည်းပါးလွန်းသော်လည်း ယခင်ထက် နှစ်ဆ တိုးလာသည်။ အဓိကကျသော နယ်ပယ်အချို့တွင် လိုင်စင် ပိတ်ပင်ထားမှုများကိုလည်း ဖြေလျှော့ပေးနေသည်။ အစိုးရသည် ရှုပ်ထွေးသော ငွေလဲနှုန်းစနစ်ကို ပြုပြင်ရန်လည်း ဆောင်ရွက်တော့မည် ဖြစ်ကြောင့် ကတိပေးထားပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှင်သန်နေသည်ကို တွေ့ထိမြင်သာသော်လည်း မြန်မာအာဏာရှင် အစိုးရအဆက်ဆက်၏ လျှော့ချည် တင်းချည် ဗျူဟာများကို ယခင်က တွေ့ဖူး ကြုံဖူးသူ သက်ကြီးပိုင်း လူကြီးများကမူ သတိကြီးစွာ ထားနေကြဆဲပင် ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အချို့က မြန်မာအစိုးရအား ပစ်ပယ်ထားခြင်းကို ဖြေလျှော့ ရုပ်သိမ်းရန် အလားတူ နှောင့်နှေးနေကြခြင်း ဖြစ်သည်။ သို့သော် မြန်မာ အများစုကမူ ယခု အပြောင်းအလဲများကို ကောင်းစွာ စီမံခန့်ခွဲနိုင်မည် ဆိုပါက နောက်ပြန်လှည့်၍ မရသော လမ်းကြောင်းပေါ်တွင် ဒီမိုကရေစီ ခရီးကို စတင်နိုင်လိမ့်မည်ဟု ရှုမြင်လျက် ရှိသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း၌ ရန်ကုန်နှင့် နေပြည်တော်တို့တွင် မြန်မာနာမည်ကျော် စီးပွားရေးပညာရှင် ဦးမြင့် စီစဉ်ကျင်းပသော ဆွေးနွေးပွဲများကို စာရေးသူ တက်ရောက်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲများတွင် ပရိသတ်များ တက်ကြွများပြားစွာ တက်ရောက်ကြခြင်း၊ စဉ်းစား တွေးခေါ်စရာများ ပေးခြင်း၊ ၁၉၆၈ ခုနှစ်များတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး နှစ်ပေါင်း ၄ဝ ကြာမှ ပထမဆုံး ပြန်ရောက်လာကြသော ကမ္ဘာကျော် မြန်မာ စီးပွားရေး ပညာရှင်နှစ်ဦးက ဆွေးနွေးတင်ပြကြခြင်းတို့ကြောင့် များစွာ အရေးပါ အရာရောက်ခဲ့သည်။

ယင်းတို့နှစ်ဦးအနက်မှ London School of Economics တွင် ပါမောက္ခဖြစ်ခဲ့သူ အသက်(၉၁)အရွယ် ဦးလှမြင့်သည် အမြဲတမ်းမရိုးနိုင်အောင် ကြံဆနေကြရသော အအောင်မြင်ဆုံး ဖွံ့ဖြိုးရေး မဟာဗျူဟာတစ်ခု ဖြစ်သည့် တံခါးဖွင့် စီးပွားရေးနှင့် ပို့ကုန်အားပြု ဖွံ့ဖြိုးရေး မဟာဗျူဟာ၏ ဖခင်တစ်ဦး ဖြစ်သည်ဟု စာရေးသူ၏ လုပ်ဖော်ကိုင်ဖက် ကိုလံဘီယာတက္ကသိုလ်မှ ရော်နယ် ဖိုင်ဒလေက ထောက်ပြသည်။ ယင်းစီးပွားရေးမူဝါဒကို လက်ရှိ ဆယ်စုနှစ်များ အတွင်း အာရှတလွှား၌ အသုံးပြုခဲ့ကြပြီး အထူးသဖြင့် တရုတ်နိုင်ငံတွင် အသိသာဆုံး ဖြစ်သည်။ ယင်းမူဝါဒသည် နောက်ဆုံးတွင် အိမ်သို့ ပြန်လာပြီဟု ဆိုရပေလိမ့်မည်။

၂ဝဝ၉ ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ စာရေးသူ လာရောက် ဟောပြောခဲ့ဖူးသည်။ ထိုအချိန်က နိုင်ငံ၏ အမြစ်တွယ်နေသော ပြဿနာများ ဖြစ်သည့် ဆင်းရဲမွဲတေမှု၊ ကျေးလက် ထုတ်လုပ်စွမ်းအား မရှိမှု၊ ကျွမ်းကျင်လုပ်သား နည်းပါးမှု စသည်တို့ကို ဆွေးနွေးခဲ့သည့်တိုင်အောင် အစိုးရ၏ အထိမခံတတ်သော သဘာဝကို များစွာ သတိထားခဲ့ရသည်။ ယခုတစ်ကြိမ်တွင် အစားထိုး နေရာယူလိုက်သည့် သတိထားစရာမှာ ယင်းပြဿနာများနှင့် အခြားစိန်ခေါ်မှုများကို အရေးပေါ် ဖြေရှင်းရတော့မည့် အသိ၊ နည်းပညာနှင့် အခြား အကူအညီပုံစံ များစွာ လိုအပ်နေကြောင်း နားလည်သွားသည့် အသိတို့ပင် ဖြစ်သည်။ (မြန်မာနိုင်ငံသည် လူဦးရေနှင့် ဝင်ငွေအရ ရရှိရမည့် နိုင်ငံတကာ အကူအညီကို အနည်းဆုံး ရနေသော နိုင်ငံဖြစ်သည်)

အစိုးရ၏ လက်ရှိအပြောင်းအလဲ ကမန်းကတန်းနိုင်မှုကို ရှင်းပြရာတွင် ငြင်းခုံစရာများစွာ ရှိနေသည်။ တစ်ချိန်တစ်ခါက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ နိုင်ငံသည် ယခုအခါ အိမ်နီးချင်းများ၏ နောက်တွင် အဝေးဆုံး၌ ပြတ်ကျန်ရစ်ကာ ဆင်းရဲသွားပြီ ဟူသည့်အဖြစ်မှန်ကို နိုင်ငံခေါင်းဆောင်များ သိရှိသွားခြင်းသည် ဖြစ်နိုင်စရာ အချက်တစ်ခုဟု ဆိုနိုင်သည်။ နောက်ထပ် ဖြစ်နိုင်စရာ အချက်များမှာ အာရပ်ကမ္ဘာ နွေဦး (သို့) တော်လှန်ရေး ပြောင်းလဲမှု သတင်းများကို ကြားသိရခြင်း၊ ပြည်ပရောက် မြန်မာ ၃ သန်းခန့် ရှိနေသော မြန်မာနိုင်ငံကို ကမ္ဘာကြီးနှင့် အဆက်ဖြတ်ထားရန်နှင့် အိမ်နီးချင်းများထံမှ စိမ့်ဝင်လာသော အိုင်ဒီယာသစ်များကို တားဆီးရန် မဖြစ်နိုင်တော့ကြောင်း အလွယ်တကူ သဘောပေါက်သွားခြင်း တို့ပင် ဖြစ်သည်။ အကြောင်းရင်းများ မည်သို့ပင် ရှိစေကာမူ အပြောင်းအလဲသည် အမှန်တကယ်ပင် ဖြစ်ပေါ်နေပြီး အပြောင်းအလဲနှင့်အတူ ထွက်ပေါ်လာနေသော အခွင့်အလမ်းများကိုလည်း မရှိဟု ငြင်းကွယ်၍ မရနိုင်တော့ပါ။

နိုင်ငံတကာအရေးယူပိတ်ဆို့မှုများသည် ယခင် မည်သည့်အယူအဆဖြင့် ရပ်တည်ခဲ့စေကာမူ ယခုအခါ ဆန့်ကျင်ဖက်ရလဒ် ထွက်ပေါ် စေခဲ့သည်ဟု ရှုမြင်နေကြပြီ ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာကြီးနှင့် ပေါင်းစည်းထားသော ပွင့်လင်း၊ ခေတ်မီသည့် ငွေကြေးစနစ် ဖြစ်ပေါ်တိုးတက်ရေးကို ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများက ဟန့်တား နှောင့်ယှက်နေခြင်းပင် ဖြစ်သည်။ ယင်းအတွက် ရလဒ်အဖြစ် အသုံးပြုနေသော ငွေစက္ကူအခြေပြု စီးပွားရေးစနစ်သည် အကျင့်ပျက် အဂတိလိုက်စားမှုများကို လက်ယပ် ဖိတ်ခေါ်လျက် ရှိသည်။

ထိုနည်းတူစွာပင် စက်မှုဖွံ့ဖြိုးသော နိုင်ငံများမှ လူမှုတာဝန်ယူတတ်သော သိက္ခာရှိကုမ္ပဏီများ မြန်မာနိုင်ငံ၌ စီးပွားရေးမလုပ်နိုင်အောင် တားမြစ်ထားသော ဥပဒေများသည် ကျင့်ဝတ်သိက္ခာနည်းသော ကုမ္ပဏီများကို တံခါးဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာ့ အသွင်ကူးပြောင်းမှုတွင် နိုင်ငံတကာ ငွေကြေးအဖွဲ့များနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်တို့ ပါဝင်နိုင်သော ကဏ္ဍကို ဆက်လက် ကန့်သတ်နေမည့်အစား ယင်းအဖွဲ့အစည်းများထံမှ လမ်းညွှန်မှုနှင့် အကြံဉာဏ် ရယူလိုသော မြန်မာနိုင်ငံ၏ ဆန္ဒကို လက်ကမ်းကြိုဆိုရမည် ဖြစ်သည်။

အနောက်နိုင်ငံများ အနေဖြင့် အကူအညီများကို ကန့်သတ်ကာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့်အချိန်တွင် ယင်းဒုက္ခများကို ခါးစည်းကာ ခံနေရသူများ အကြောင်းကို အသေအချာ ဂရုတစိုက် စဉ်းစားရန် လိုအပ်ပါသည်။ လယ်ယာထွက်ကုန်နှင့် အထည်အလိပ် ကုန်သွယ်မှုကို တံခါးဖွင့်ပေးခြင်း၊ အခြား ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများအပေါ် ကူညီနေကျ အခွင့်ထူးများ ပေးခြင်းတို့ဖြင့် မြန်မာလူဦးရေ၏ ၇ဝ% ခန့်ရှိသော သနားစဖွယ် ကျေးလက် တောင်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့်အပြင် အလုပ်အကိုင်သစ်များကိုလည်း ဖန်တီးပေးနိုင်ပါလိမ့်မည်။ နိုင်ငံတကာ အပယ်ခံဘဝ၏ ဆိုးကျိုးသက်ရောက်မှုများကို အာဏာနှင့် ငွေရှိသော လူ့မလိုင်များက ရှောင်ကွင်းသွားနိုင်သော်လည်း သာမန်ပြည်သူများအနေဖြင့် အလွယ်တကူ ကျော်လွှား လွတ်မြောက်နိုင်ခြင်း မရှိကြပါ။

အာရပ်နွေဦးသည် အချို့နိုင်ငံ အနည်းငယ်တွင် နှောင့်နှေးကြန့်ကြာနေပြီး အခြားနိုင်ငံများတွင်လည်း သီးပွင့်လာမည်လား ဆိုသည်မှာ မသေချာသေးပါ။ မြန်မာတို့၏ အသွင်ပြောင်းခြင်းမှာမူ Twitter နှင့် Facebook တို့၏ သိုင်းဝိုင်းအားပေးမှု မပါဝင်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်ပေါ်လာသော်လည်း အတုအယောင် မဟုတ်သည့်အပြင် ဝိုင်းဝန်း ကူညီအားပေးမှုနှင့် များစွာ ထိုက်တန်နေသည်ဟု သုံးသပ် တင်ပြလိုက်ပါသည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment