Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အားလုံးတွန်းလျှင် ရွေ့နိုင်သည်

****************************************

ဆောင်းပါးကဏ္ဍ

အားလုံးတွန်းလျှင် ရွေ့နိုင်သည်

မိုးမြင့်ငြိမ်း

ပြည်သူများ၏ စိတ်ဝင်စားမှု

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သစ်မှာ လွတ်လပ်မှုပိုလာရုံသာမက စိတ်ဝင်စားစရာလည်း ကောင်းလာသည်။ မျှော်မှန်းမထားသော နိုင်ငံရေးအ ချိုးအကွေ့များသည် နိုင်ငံရေးအပေါ် ပြည်သူများ ပိုမို အလေးထားစေသည်။ လွှတ်တော်တွင် ပြောဆိုနေကြသည့် မူဝါရေးရာ အငြင်အခုံများ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ၈၈မျိုးဆက်ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုကို ပြည်သူများ ယခင်ကထက် စိတ်ဝင်တစား ရှိလာ သည်။ သတင်းဂျာနယ်များကို ဝယ်ဖတ်လေ့မရှိသူများပင် နိုင်ငံရေးအပြောင်းအလဲသတင်းများ၊ မူဝါဒအပြောင်းအလဲများကို သိချင်သောကြောင့် ဖတ်ရှု သည့်နှုန်း တိုးလာရာ သတင်းဂျာနယ်များမှာလည်း ကောင်းသထက်ကောင်းလာအောင် အပြိုင်အဆိုင်ကြိုးစားလာကြသည်။

အနည်းငယ်သောပညာရှင်များဖြင့်

ပညာရှင်ဦးရေ နည်းပါးလွန်းလှသော မြန်မာနိုင်ငံတွင် မူဝါဒရေးရာအလုပ်ရုံဆွေးနွေးပွဲများ လုပ်နိုင်အောင် အတော်ပင် ကြိုးစားယူရသည်။ ပညာရှင် ဦးရေနည်းပါးသလို ပညာရှင်မွေးမြူရေးအစီအစဉ်ကိုလည်း စနစ်တကျထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးပါ။ နိုင်ငံတည်ဆောက်ရေးတွင် တတ်သိပညာရှင်များ၏ အခန်းကဏ္ဍမှာ အထူးအရေးပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း စိတ်ချရသော လူသားအရင်းအမြစ် ရရှိ ရေးမှာ နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ် အရေးတကြီးဆောင်ရွက်သင့်သည့်အရာဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသွားခဲ့သည်။ တက္ကသိုလ်၊ ကောလိပ်များမှာလည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်အတန်းမရှိသည့်အတွက် နိုင်ငံအရေးတွင် အားထားလောက်သည့် လူသား အရင်းအမြစ်ကို မွေးမထုတ်နိုင်ပေ။ တက္ကသိုလ်၊ ကောလိပ်များတွင် ပြုလုပ်နေသော သုတေသနများမှာလည်း အစိုးရ၏ မူဝါဒရေးရာအဆိုပြချက်များ ဖြစ်လာဖို့ အတော်ပင်ကြိုးစားယူရဦးမည်။

အတူယှဉ်တွင်ဖြစ်ထွန်းမှု

အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့်အတူ အားကောင်းကောင်းဖြစ်ပေါ်နေသည်။ သို့ သော် အရပ်ဖက်လူ့အဖွဲ့အစည်းတွင်ပါဝင်သော အမြတ်မဟုတ်သည့် အဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင်ခွင့်ရရှိဖို့ ယခုအချိန်ထိ ခဲယဉ်းနေပါသေး သည်။ အရပ်ဖက် လူ့အဖွဲ့အစည်းများသည် တက္ကသိုလ်၊ ကော်လိပ်များမလုပ်နိုင်သည့် စနစ်သစ်နှင့်လျှော်ညီသည့် စွမ်းရည်ကို ဖြည့်တင်းပေးသည့် တာဝန်ကိုလည်း ယူရသည်။ ထို့အပြင် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းခြင်းကြောင့် လူမှုတရားမျှတမှု၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပေးသည့်အတွက် အသင်းအဖွဲ့ဖွဲ့စည်းခွင့်ကို များများပေးအပ်လေ နိုင်ငံဖွံ့ဖြိုးရေးလမ်းကြောင်းမှန်နှင့် နီးစပ်လေဖြစ်သည်။ အရပ်ဖက် လူ့အဖွဲ့အစည်းများသည် သမ္မတ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ပါဝင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို လည်း ဆောင်ကြဉ်းပေးနိုင်သည်။

သိမ်မွေ့သည့် စိန်ခေါ်မှုများ

အသေအချာစမ်းစစ်ကြည့်လျှင် အစိုးရသစ်သည် အလွန်သိမ်မွေ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်ဟု ဆိုရမည်။ နိုင်ငံရေးတွင် တည်တည်ငြိမ်ငြိမ်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ လွယ်ကူသည့် ကိစ္စရပ်တော့မဟုတ်ပါ။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ဆက်တိုက်ဆိုသလို ဆောင်ရွက်နိုင်မှုမှာလည်း အစိုးရ၏ ဂုဏ်ကျက်သရေကို မြင့်မားစေ သည်။ နောက်ထပ်တစ်ခု တရားနည်းလမ်းကျစွာလုပ်ပြဖို့ပဲ ကျန်တော့သည်။ ယင်းမှာ လာတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်သည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူအများစုထောက်ခံအားပေးသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များလည်း ပါဝင်မှာ ဖြစ်သောကြောင့် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်ခဲ့လျှင် ပြည်သူများ၏ မျှော်လင့်ချက်ရော၊ နိုင်ငံတကာ၏ ယုံကြည်မှုပါ တစ်ချီတည်း ပျောက် သွားနိုင်စရာ ရှိသည်။ ယင်းအချိုးအကွေ့ကို အမြော်အမြင်ရှိစွာ ဆောင်ရွက်စေချင်သည်။

၂၀၁၅ ခုနှစ်မတိုင်မီ

နောက်ထပ်စိန်ခေါ်မှုမှာ ပို၍ ကြီးမားသည်နှင့်အပြင် ပညာသားပါဝင်သည့် စီးပွားရေး အပြောင်းအလဲဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ တွင် ဖြစ်ထွန်းလာတော့မည့် အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။ ယင်းသဘောတူညီချက်အရ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရတော့မည်။ ရင်းနှီးမြုပ်နှံမှုဥပဒေတွေ ပြင်ရမည်၊ ကုန်သွယ်ရေး မဟာဗျူဟာအသစ်တွေကို တီတွင်ဖန်တီးမှုရှိစွာ ဆောင်ရွက်ရ မည်၊ စားသုံးသူအခွင့်အရေးဥပဒေတွေ ပြဋ္ဌာန်းရမည်၊ အသိဉာဏ်ပိုင်ဆိုင်ရာ ပိုင်ဆိုင်မှု ကာကွယ်ရေးဥပဒေတွေ ပြဋ္ဌာန်းရမည်၊ ထို့အပြင် နိုင်ငံစီးပွားရေး တိုးတက်မှုကို အဓိကဆောင်ရွက်ပေးသည့် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာအောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်၊ အရင်းအနှီး လွတ်လပ်စွာ စီးဆင်းနိုင်အောင် ဘဏ္ဍာရေးဈေးကွက်များကို အကောင်အထည်ဖော်ရမည်၊ ထိုအရာများ အားလုံး သည် ၂၀၁၅ ခုနှစ်မတိုင်မီ ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည်။ ယခုကျန်ရှိသည့် အစိုးရသက်တမ်း ၄နှစ်အတွင်း အထက်ပါ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်နိုင်၊ မလုပ်နိုင် ဆိုသည်မှာ အစိုးရသစ်၏ စိန်ခေါ်မှုဖြစ်သည်။ လုပ်နိုင်လျှင် အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး မလုပ်နိုင်လျှင်တော့ မပြိုင်နိုင်ဘဲ ရှုံးနိမ့်မည်သာဖြစ်သည်။ အခြားရွေးချယ်စရာ မရှိသည်ကို သတိကြီးကြီးထားသင့်သည်။

ပြည်သူများ၏ နိုင်ငံရေးရင့်ကျက်မှု

ခိုင်မာသည့် ဒီမိုကရေစီဖြစ်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဆောင်ရွက်နေမှု၊ နိုင်ငံရေး အသိုင်းအဝိုင်း၏ လှုပ်ရှားမှုများကိုချည်း ကြည့်နေ၍ မဖြစ်။ ပြည်သူများမှာလည်း ရင့်ကျက်သည့် ပြည်သူများ ဖြစ်ရမည်။ ရင့်ကျက်ဖို့ရန် အသိဉာဏ်လွတ်လပ်ဖို့ လိုသည်။ အသိဉာဏ်လွတ်လပ်ဖို့ ဆိုရာ၌လည်း သတ္တိရှိရှိ စဉ်းစား ဆောင်ရွက်နိုင်ရမည်။ ပြည်သူအများ သတ္တိရှိကျဖို့လည်း နိုင်ငံခေါင်းဆောင်များရော၊ အတိုက်အခံ ခေါင်းဆောင်များပါ တိုက်တွန်းနှိုးဆော်နေပြီ။ ပြည်သူများတွင် ဒီမိုကရေစီအလေ့အကျင့်များ စွဲမြဲလာပြီး နိုင်ငံရေးရင့်ကျက်မှုရှိလာမှသာ ခိုင်မာသည့် ဒီမိုကရေစီအဖြစ်သို့ ရောက်ရှိနိုင်မည်။ အားလုံးဝိုင်း၍ တွန်းဖို့ လိုသည်။ အားလုံးတွန်းလျှင် ရွေ့နိုင်သည်။ ဒီမိုကရေစီမှာ ပြည်သူများဖြင့်၊ ပြည်သူ့အတွက်၊ ပြည်သူများ၏ စနစ်ဆိုလျှင် ပြည်သူများအားလုံး ဝိုင်းဝန်း ကြမှဖြစ်မည်။

********************************************************************************

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment