Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဂျပန်နှင့် အမေရိကန်က မြန်မာမှ ကြွေးမြီများ လျှော့ချရေးစဉ်းစား

(Alert.net မှ 7 March 2012 ရက်စွဲပါ Reuters ၏ Japan, U.S, mull debt reduction for Myanmar-Nikkei ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတွင် ကားထုတ်လုပ်မှု ပြန်စရန် ဆူဇူကီး ဆန္ဒရှိ

(Reuters မှ 9 March 2012 ရက်စွဲပါ Suzuki wants to restart production in Myanmar-Asahi ကို ဘာသာ ပြန်ဆိုသည်)

  1. မြောက်ကိုရီးယားသည် နောက်ထပ်မြန်မာနိုင်ငံကဲ့သို့ ဖြစ်လာမည်လော

(Foreign Policy မှ 7 March 2012 ရက်စွဲပါ Jennifer Lee ရေးသားသော Is North Korea the next Myanmar? Hold your judgment ကို ဘာသာပြန်ဆိုသည် )

*****************************************************************************************

ဂျပန်နှင့် အမေရိကန်က မြန်မာမှ ကြွေးမြီများ လျှော့ချရေးစဉ်းစား

(Alert.net မှ 7 March 2012 ရက်စွဲပါ Reuters ၏ Japan, U.S, mull debt reduction for Myanmar-Nikkei ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်၊ အမေရိကန်နှင့် အဓိက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် ဖြစ်နိုင်သမျှအစောဆုံးနှင့် ယခုလတွင် မြန်မာမှ ကြွေးမြီများ ပမာဏများများ လျှော့ချသွားရေးကို စတင်စကားပြောမည် ဖြစ်ကြောင်း Nikkei Business နေ့စဉ်က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မြန်မာက ဂျပန်အပေါ်တွင် တင်ရှိနေသော ယန်းဘီလျံရာချီသော ကြွေးမြီများကို ပယ်ဖျက်ပေးနိုင်မည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် နောက်ထပ်ခြေလှမ်းများ လှမ်းနိုင်ရေးအတွက် စီးပွားရေးအကူအညီများ ပေးနိုင်ရန် လမ်းခင်းပေးနိုင်မည် ဖြစ်သည်ဟု Nikkei က ဆိုသည်။

ဂျပန်နိုင်ငံသည် ၁၉၈၇ ခုနှစ်က ရပ်ဆိုင်းထားခဲ့သော မြန်မာနိုင်ငံအပေါ် ချေးငွေများ ပြန်ပေးခြင်းလုပ်ငန်းကို ပြန်လည် ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ဂျပန်သည် မြန်မာအပေါ် အကြီးဆုံး နိုင်ငံခြားအကူအညီပေးသော နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးမှုအကူအညီချေးငွေ အဖြစ် နောက်ကျမှ ပြန်ဆပ်ရန် ချေးငွေ ၄ဝဝ ဘီလျံယန်း (ဒေါ်လာ ၄.၉၅ ဘီလျံ) ထုတ်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဘဏ် နှင့်အခြားနိုင်ငံစုံငွေချေးသူများထံမှ ချေးငွေ ၁ဝဝ ဘီလျံယန်း အကြွေးရယူထားသည်။ နောက်ထပ် ချေးငွေရယူရေး အတွက် အဆိုပါချေးငွေများကို လျှော်ပစ်ရန် လိုအပ်နေသည်ဟု Nikkei က ပြောသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကူအညီပေးရေး ဆွေးနွေးမှုများ စတင်နိုင်ရန် အမေရိကန်၊ ဂျာမနီ၊ ကမ္ဘာ့ဘဏ်နှင့် အခြားပတ်သက်သူများနှင့် ညှိနှိုင်းလျက် ရှိသည်ဟုလည်း Nikkei က ဆိုသည်။ အဆိုပြုမှုတစ်ခုတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံမှ ကြွေးမြီများ အမြန်ပြန်လည် ပေးဆပ်နိုင်ရေး အတွက် ဂျပန်နိုင်ငံမှ ချေးငွေများ ချထားပေးရေး ဖြစ်သည်။

ပြီးခဲ့သည့်လက အမေရိကန်သည် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် အကူအညီပေးနိုင်ရန် ကန့်သတ်မှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတွင် စီးပွားရေး ဆိုင်ရာ အကဲဖြတ်မှုများ၊ နည်းပညာ အကူအညီ ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပါက အမေရိကန်နှင့် အီးယူတို့က အရေးယူမှုများကို စတင်ရုတ်သိမ်းလိမ့်မည်ဟု အချို့က မျှော်လင့်နေသည်။

*********************************************************************

မြန်မာတွင် ကားထုတ်လုပ်မှု ပြန်စရန် ဆူဇူကီး ဆန္ဒရှိ

(Reuters မှ 9 March 2012 ရက်စွဲပါ Suzuki wants to restart production in Myanmar-Asahi ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးကို ဦးတည်၍ သိသာထင်ရှားစွာ လုပ်ဆောင်မှုများကို စတင်ကာ အရပ်ဖက်အစိုးရအတွက် လမ်းဖွင့်ပေးခဲ့ပြီး နောက်တွင် ဂျပန်မှ Suzuki Motor က မြန်မာနိုင်ငံတွင်း၌ ထုတ်လုပ်မှု ပြန်လည်စတင်ရန် စီစဉ်နေပြီဟု အဆာဟိသတင်းစာက သတင်းဖော်ပြသည်။

ကားထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီဖြစ်သော Suzuki Motor သည် မြန်မာနိုင်ငံမှ ၂ဝ၁ဝ တွင် ဆုတ်ခွာခဲ့ပြီးနောက် ယခုအခါ ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် ဖက်စပ်ကုမ္ပဏီ ထူထောင်လုပ်ကိုင်ရန် အတွက် အစိုးရထံမှ လိုင်စင် ရရှိအောင် ကြိုးစားနေခြင်း ဖြစ်သည်။

ဆူဇူကီးသည် မြန်မာနိုင်ငံတွင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ တပ်ဆင် ထုတ်လုပ်ရန် စီစဉ်နေသည်ဟု အဆာဟိသတင်းက ရေးသားထားသော်လည်း သတင်းရင်းမြစ်ကိုမူ ဖော်ပြထားခြင်း မရှိပါ။

ယခင် တပ်မတော် အစိုးရက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် လတ်တလောတွင် အားလုံးက မျက်စိကျနေသော အာရှဈေးကွက်သစ် တစ်ခု ဖြစ်လာသည်။ လက်ရှိအရပ်ဖက်အစိုးရသည် အာဏာရစ ၃ လအတွင်း၌ အထနှေးခဲ့သော်လည်း နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများရှိနေကြောင်း မကြုံစဖူး ဝန်ခံကာ လွှတ်ပေးခဲ့ခြင်း၊ မီဒီယာဆင်ဆာနှင့် အင်တာနက် အတားအဆီးများကို ဖြေလျှော့ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ပြေငြိမ်းရန် စေ့စပ်ဆွေးနွေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်နေသောကြောင့် ပြည်တွင်းပြည်ပမှ အကဲခတ်လေ့လာသူများက ဝမ်းသာဝမ်းနည်းနှင့် ဒွိဟဖြစ်ကာ အံ့အားသင့်လျက် ရှိနေကြသည်။

သယံဇာတကြွယ်ဝ၍ စားသုံးသူ လူဦးရေး သန်း ၆ဝ ရှိသော မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှ ဒေသတို့အကြားတွင် မဟာဗျူဟာမြောက် တည်ရှိခြင်းကြောင့် ခေတ်သစ် ပထဝီနိုင်ငံရေးတွင် များစွာ အရေးပါနေခြင်း ဖြစ်သည်။

*********************************************************************

မြောက်ကိုရီးယားသည် နောက်ထပ်မြန်မာနိုင်ငံကဲ့သို့ ဖြစ်လာမည်လော

(Foreign Policy မှ 7 March 2012 ရက်စွဲပါ Jennifer Lee ရေးသားသော Is North Korea the next Myanmar? Hold your judgment ကို ဘာသာပြန်ဆိုသည် )

မြောက်ကိုရီးယား၏ နုနယ်သေးသော အစိုးရသစ်သည် ပြီးခဲ့သည့်အပတ်က ၎င်း၏နျူကလီယား အစီအစဉ်များကို အမေရိကန်၏ စားနပ်ရိက္ခာ (240000) တန် ပေးအပ်ခြင်းအတွက် အလဲအလှယ်အားဖြင့် ယာယီ ရပ်ဆိုင်းရန် သဘောတူခဲ့ခြင်းကို စောင့်ကြည့်လေ့လာသူများက အံ့အားသင့်ခဲ့ကြသည်။ ကင်ဂျုံအန် တက်လာပြီးနောက် မကြာမီ လုပ်ဆေင်ခဲ့ခြင်းဖြစ်သည်။ ငယ်ရွယ်သော ကင်ဂျုံအန်ထံမှ တရားဝင်အသိအမှတ်ပြုမှု တည်ဆောက်ရေး အတွက် ရန်စမှုများကိုသာ အများကမျှော့်လင့်ထားသော်လည်း အာဏာရှင်အစိုးရထံမှ အတိုင်းအတာ တစ်ခုထိ ပြေလည်လိုသည့် သဘောဖြင့် အလျှော့ပေးမှုကို ရရှိခဲ့ရာ ခေါင်းဆောင်သစ်၏ ဆုံးဖြတ်ချက်ချနိုင်သော အရည်အချင်းနှင့် အများ သဘောတူသည့် သဘောများကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ဖခင်ဖြစ်သူ ကင်ဂျုံအီ မသေမီက အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းမှုအပေါ် သားဖြစ်သူက ဆက်လက်လုပ်ဆောင်ခြင်းကို ပြသလိုက်ခြင်း ဖြစ်သည်။

ယခု သဘောတူညီချက်တွင် မြောက်ကိုရီးယား၏ ယူရေနီယမ်သန့်စင်မှုကို ရပ်ဆိုင်းထားခြင်း နျူကလီယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုများ ရပ်ဆိုင်းခြင်းနှင့် Yongbyon နျူကလီယားအဆောက်အဦးကို IAEA သို့ စစ်ဆေးခွင့် ပြုခြင်းများ ပါဝင်ရာ ယေဘူယျအားဖြင့် အကောင်း မြင်နိုင်သည်။ ထိုသို့ အကောင်းဖက်သို့ ခြေလှမ်းသော်လည်း မြောက်ကိုရီးယား၏ ရပ်တည်မှုနှင့် ပတ်သက်၍ နောက်ထပ်ပိုမို ပြောင်းလဲလာလေမလားဟု ယူဆ၍ မရနိုင်ပေ။

ယခု သဘောတူညီချက်သည် မြောက်ကိုရီးယားအား ၎င်း၏ လက်ငင်း စိုးရိမ်ရမှု (စီးပွားရေးအရ ပိတ်ဆို့ထားမှု) ကို ကိုင်တွယ်ရန် အခွင့် ရသွားစေပြီး တောင်ကိုရီးယား၏ ပြည်တွင်းနိုင်ငံရေးကိုလည်း သက်ရောက်မှုရှိစေသည်။ သို့သော် မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နျူကလီယား အစီအစဉ် ခလုတ်နှိပ်ပြီး ရန်စနိုင်ခြင်းကဲ့သို့သော အရည်အချင်းကိုမူ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ယခု မြောက်ကိုရီးယားက သဘောတူညီခဲ့မှုမှာ အမေရိကန်၏ စားနပ်ရိက္ခာအကူအညီကြောင့်ဟု အလွယ်တကူ ထင်နိုင်သော်လည်း၊ အမှန်တကယ်တွင်မူ ထိုသို့မဖြစ်နိုင်ပေ။ မြောက်ကိုရီးယားသည် ၎င်း၏ပြည်သူများ ငတ်မွတ်နေမှု အပေါ်တွင်သာ စိုးရိမ်ပူပန်နေလိမ့်မည် ဆိုသည်မှာ ဟုတ်မဟုတ် မည်သူမျှ မသိနိုင်ပေ။ (1990 ခုနှစ်များဆီက အစာရေစာ ငတ်မွတ် ခေါင်းပါးမှုကြောင့် လူတစ်သန်းခန့် သေဆုံးခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်) အစိုးရအာဏာရှင်များ၏ သဘာဝမှာ ထိုသို့သော ကိစ္စများအပေါ် အလွန်တရာစိုးရိမ်ခြင်း မရှိဟူ၍ ဖြစ်သည်။

မြောက်ကိုရီးယားသည် တိုင်းပြည်၏ စီးပွားရေးအခြေအနေနှင့် အရေးယူမှုများ၏ ရေရှည် သက်ရောက်မှုများနှင့် ပတ်သက်၍ ပို၍စိုးရိမ်ပူပန်မှု ရှိသည်။ (မြောက်ကိုရီးယား၏ ကျေညာချက်တွင် ခြောက်နိုင်ငံအစည်းအဝေး ပြန်လည် ကျင်းပပါက အရေးယူမှုများ ရုတ်သိမ်းရေးနှင့် အပေါ့စား ရေအား ဓာတ်ပေါင်းဖိုများ ကိစ္စဆွေးနွေးလိုသည်ဟု ဆိုသည်) လက်ရှိလုပ်ဆောင်မှုမှာ ခြောက်နိုင်ငံအစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန်နှင့် နျူကလီယား အစီအစဉ်များ မစွန့်လွှတ်ပဲ အရေးယူမှုများ ရုတ်သိမ်းနိုင်ရေးအတွက် ကနဦး လိုက်လျောမှုသာ ဖြစ်သည်။ ယခု သဘောတူညီမှုမှာ ပြုံယမ်းက တောင်ကိုရီးယား၏ လီမြောက်ဘက်အစိုးရကို မလိုလားကြောင်း ပြသခြင်းပင်ဖြစ်သည်။ လာမည့် ဒီဇင်ဘာ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲများတွင် လစ်ဘရယ်ပါတီများ ပို၍ အခွင့်အလမ်းရလာစေရန် ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ယခုနှစ်တွင် သမ္မတရွေးကောက်ပွဲများ ရှိသည်။ ယခု သဘောတူညီမှုမှာ မြောက်ကိုရီးယား၏ နည်းလမ်းအတိုင်း အချိန်ဆွဲသည့်သဘော၊ တစ်နှစ်ခန့်အချိန်ဆွဲခြင်း သဘောသာ ဖြစ်ဖွယ် ရှိသည်။ ထိုအချိန်အတွင်း Obama အစိုးရကလည်း ရွေးကောက်ပွဲကာလတွင် ပဋိပက္ခများ မဖြစ်လို၍ အလျော့ပေးမှုများ ရလေမလား။ ထိုအချိန်အတွင်း တောင်ကိုရီးယားကလည်း အစိုးရပြောင်းသွားမည်ကို စောင့်စားခြင်း ဖြစ်သည်။ အလားအလာကောင်းသော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ လုပ်နေစဉ်ကာလအတွင်း ယာယီ ရပ်ဆိုင်းထားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခု မြောက်ကိုရီးယားပေးထားသမျှ ကတိကဝတ်များသည် နောက်ပြန် လှည့်သွားနိုင်သည်။ ထိုသို့ လုပ်ဆောင်ခဲ့သည့် သာဓကများ ယခင်က ရှိခဲ့သည်။ ထိုထက်ပို၍ သဘောတူညီချက်သည် Yongbyun နျူကလီယား အဆောက်အဦးနှင့်သာ အကြုံးဝင်ပြီး၊ မြောက်ကိုရီးယားနိုင်ငံအနှံ ယခု သဘောတူညီချက်တွင် မပါဝင်သော နျူကလီယားလုပ်ဆောင်သည့် နေရာများရှိနေနိုင်ကြောင်း အများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်။

နောက်ထပ် မမေ့သင့်သော ကိစ္စတစ်ခုမှာ မြောက်ကိုရီးယား၏ နျူကလီယားစွမ်းရည်သည် ကင်ဂျုံအိ၏ အရေးအကြီးဆုံး အမွေအနှစ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ အတွင်းတွင် ချီးမြှောက်နေသော ကိစ္စတစ်ခု ဖြစ်သည်။ နျူကလီယားကိစ္စသည် မြောက်ကိုရီးယားအတွက် ကိုင်ထားနိုင်သော ပါဝါရှိသော တစ်ခုတည်းသော ဖဲချပ်ဖြစ်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့အပြင် ယခုကဲ့သို့ ငယ်ရွယ်သော ခေါင်းဆေင်သစ် အပြောင်းအလဲ၏ အသွင် ကူးပြောင်းရေး ကာလတွင် အဆိုပါ ဩဇာလွှမ်းမိုးနိုင်သော လက်နက်ကို စွန့်လွှတ်ရန် သိပ်မဖြစ်နိုင်ပေ။ ယခုလို လစ်ဗျားတွင် ကဒါဖီကို ဖယ်ရှားနိုင်ခဲ့သော NATO စစ်ဆင်ရေးများ ဖြစ်ပျက်ခဲ့သည်ကို ကြည့်၍ ပို၍ အခွင့်အလမ်း နည်းသည်။

သို့သော် ယခု သဘောတူညီမှုမှသည် အပေါင်းလက္ခဏာဆောင်သော ဦးတည်မှုသို့ ပြောင်းသွားနိုင်ပြီး အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး အဓွန့်ရှည်ခြင်း သို့မဟုတ် မြောက်ကိုရီးယား၏ အနာဂတ်အပြုအမူများ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်သည်။ ပြီးခဲ့သည့် အပတ်က သဘော တူညီမှုမှာ မြောက်ကိုရီးယား၏ အာဏာရှင် အစိုးရသည် ၎င်း၏အကျိုးစီးပွားအတွက် လက်တွေ့ကျသော ခြေလှမ်းအတွက် ဆုံးဖြတ်ချက် ချနိုင်စွမ်း ရှိသည်ဟု သရုပ်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယားလက်နက် စွန့်လွှတ်ရန်စဉ်းစားနေသည် သို့မဟုတ် ၎င်း၏ အမူအကျင့်ကို ပြောင်းလဲရန် လမ်းဆုံလမ်းခွ ရောက်နေပြီဟူသည့် သဘော မဟုတ်ဟု ဆိုရမည် ဖြစ်သည်။

********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment