Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပန်းပြားပင် နိုင်ငံရေး

****************************************

(ဘေးမှရပ်ကြည့်သူ၏ ထင်မြင်ချက်များ)

ကျော်ဝင်း

အဖွင့်

ယခုစာစာကို ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်)မှ သံဝဝေဂစကားတစ်ရပ်ဖြင့် ဖွင့်လိုသည်။ သံဝေဂစကား မြွတ်ကြွားခဲ့သူကား ပုဂံခေတ် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်။ ဇတ်ရည်လည်စေရန် အဆိုပါ သံဝေဂစကားလေး ဗျူပ္ပတ်ကို ဆိုပါမည်။ တစ်ခါသော် အမတ်ကြီး မင်းမျက်သင့်၍ တလ(ဒလ)သို့ နယ်နှင်ခံရသည်။ လမ်းခရီးတွင် လေပြင်းလာသဖြင့် သစ်ပင်ကြီးများကျိုးပဲ့သည်ကိုမြင်သောအခါ အမတ်ကြီးက ယခုလိုသံဝေဂယူ၍ ဆိုသည်ဟူ၏။ “ငါသည် ရေပန်းပြားပင်ခန့်မျှမလိမ္မာချေ။ သစ်ပင်ကြီးကဲ့သို့ကျင့်၍ ဤသို့ပျက်စီးရချေသည်…”

ငါ့ဒိန်ခဲဘယ်သူရွှေ့

ယနေ့ မြန်မာ့ နိုင်ငံရေးအလှည့်အပြောင်းကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတော်တော်များများ သိမှတ် လက်ခံလာကြပြီ ထင်ပါသည်။ သို့နှင့်တိုင် ‘ငါ့ဒိန်ခဲဘယ်သူရွှေ့’ ဆိုသောပုစ္ဆာနှင့် ပတ်သက်လျှင်မူ တစ်ကျောင်းတစ်ဂါထာ ရှိနေဆဲကိုသာ တွေ့ရသည်။ အချို့က “ငါရွှေ့တာ” ဟု ပြောသည်။ အချို့က “သူရွှေ့တာ” ဟုဆိုသည်။ ‘နိုင်ငံတကာ’ကို အမှတ်ပေးကြသည်များလည်း ရှိသည်။ နာမည်ကြီး နိုင်ငံရေးဂျာနယ်တစ်ခုမှ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးကမူ အဆိုပါ အရွှေ့သုံးခုစလုံးကို စာရင်းတင်သည့်တိုင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တွန်းအားမပါဟု ခပ်တင်း တင်းရေးသည်။ ထားတော့……။

အမှန်စင်စစ် ၂၀၀၉ ခုနှစ်လောက်ကပင် ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်းနှောင်းပိုင်းတွင် ပေါ်ထွက်လာတန်ရသည့် အပြောင်းအလဲ ပုံစံ တစ်ရပ်ကို ပညာအသိုင်းအဝိုင်းမှ ဖော်ထုတ်ညွှန်းဆိုပြီး ဖြစ်ပါသည်။ အီတလီ ဖလော့ရင့်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖိလစ်ပီရှမစ်တာက အဆိုပါ အပြောင်းအလဲ ပုံစံကို သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ (Imposed Transition)ဟု အမည်ပေးသည်။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို သိမြင်နားလည်သော တည်ဆဲ အီလစ်များကိုယ်တိုင်က အခြေအနေတစ်ရပ်သတ်မှတ်ပြီး ဦးဆောင်ပုံဖော်သည်ဖြစ်၍ အပေါ်မှလာသောအပြောင်းအလဲ (Eliteled change)ဟု ဖွင့်ဆိုသည်။ ဤပုံစံမှာ ခက်ခဲသိမ်မွေ့သည်နှင့်အမျှ အချိန်မရွေး နောက်ကြောင်းပြန်နိုင်သည်ဖြစ်၍ တဖြည်းဖြည်း ပြောင်းဖို့လိုလိမ့်မည် (Gradual Change)ဟု မှတ်ချက် ပြုသည်။ ပဒေသာစုံအင်အားစုများ အတူလက်တွဲ ကြိုးပမ်းရသည်ဖြစ်၍ ဘုံတူညီချက် (Common Ground) ရှာဖွေသွားနိုင်ဖို့ အထူးအရေးကြီးလိမ့်မည်ဟု အကြံပြုသည်။ ကြုံတွေ့လာနိုင်ဖွယ်ရာရှိသော ရယ်ဒီကယ် အန္တရာယ်နှင့် ရှော့(ခ်)ရိုက်ကုထုံး ဘေးထွက်ဆိုးကျိုးများကိုလည်း သတိပေးသည်။

စာရေးသူက ပါမောက္ခရှမစ်တာ၏ ဆိုခဲ့ပါအနုမာနကို မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်သည်။ ယနေ့ အပြောင်းအလဲမှာ ယခင် တပ်မတော်အစိုးရ ကြီးမှူးကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည်ဟု မြင်သည်။ တပ်မတော်က စဖွင့်လိုက်သော ဤအရွေ့တွင် ဒီမိုကရက်တစ်အင် အားစုများ ပူးပေါင်းပါဝင်လာရာမှ မြန်မာပြည်ဒိန်ခဲကြီး ရွေ့လာခြင်းဖြစ်သည်ဟု သဘောရသည်။ သို့နှင့်အမျှ ပါမောက္ခရှမစ်တာ၏ အကြံပြုချက်နှင့် သတိ ပေးစကားများကို နှလုံးသွင်းပြီး မြန်မာ့နိုင်ငံရေးအရွေ့ကိုစောင့်ကြည့်နေမိသည်။

စောင့်ရဲတဲ့သတ္တိ

ယခုတစ်လော စာရေးသူ အထူးဂရုဓမ္မထား၍ စောင့်ကြည့်နေရသော ဖြစ်ထွန်းမှုနှစ်ရပ် ရှိပါသည်။ ပို၍ပို၍ အသက်ဝင်လာသော ကြားဖြတ်ရွေးကောက်ပွဲ အကြို မဲဆွယ်လှုပ်ရှာမှုများ (Election Campaign) တို့ဖြစ်သည်။ အမှန်စင်စစ် အသက်ဝင်လာသော ဒီဘိတ်နှင့် ပြိုင်ဆိုင်သော မဲဆွယ်လှုပ်ရှားမှုများမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်၏ အခြေခံလက္ခဏာများပင် ဖြစ်လေရာ သဘာဝကျကျပေါ်ထွက်လာသော ဖြစ်ထွန်းမှုနှစ်ရပ်ဟု အသေအချာဆိုနိုင်ပါသည်။ ဤ ဖြစ်ထွန်းမှုနှစ်ရပ်မှ ပေါ်ထွက်လာသော ပဒေသာစုံအမြင်များမှာလည်း ဒီမိုကရေစီ၏အလှဟု ဆိုရမည်သာ ဖြစ်ပါသည်။ သို့တစေ ဘက်ပေါင်းစုံ နုနယ်သိမ်မွေ့ဆဲ ရှိသော လက်ရှိအခြေအနေတွင် ဘုံလမ်းကြောင်းတစ်ရပ် မျက်ခြေပြတ်မသွားစေရေးကိုလည်း မမေ့မလျော့ သတိပြုကြဖို့ လိုမည်ထင်သည်။ စာရေးသူအနေနှင့် ‘ဒိုင်ဗာစတီ’ ဘရိတ်ပေါက်ပြီး ‘ယူနတီ’ ပျောက်သွားမှာ စိုးရိမ်မိသည်။

အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများမှ ထွက်ပေါ်လာသောအသံတစ်သံနှင့် ပတ်သက်၍လည်း ဘေးမှရပ်ကြည့်သူတစ်ဦး၏ စိုးရိမ်မကင်း ဖြစ်ရသည်များကို ဖော်ပြခွင့်ပြုစေလိုသည်။ ‘အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသောအသံ ဖြစ်ပါသည်။ ဒီမိုကရက်တစ် နှုန်းစံများဘက်မှကြည့်လျှင် ဖြစ်သင့် ဖြစ်ထိုက်သည့်တိုင် ပကတိအရှိ၏ အသိမ်အမွေ့နှင့် ချိန်ထိုးစဉ်းစားဖို့ လိုလိမ့်မည်ထင်သည်။ စာရေးသူ အမြင်အရ ၂၀၀၈ အခြေခံဥပဒေမှာ ‘စံကိုက်ဒီမိုက ရေစီ’ မဟုတ်သေးသည့်တိုင် အလုပ်ထောင့်မှကြည့်လျှင် လက်တွေ့ အလုပ်လုပ်၍ ရနိုင်သော ‘ကြားအဖြေတစ်ခု’ဟု ဆိုချင်သည်။ ဤသို့ဆိုသည်နှင့် ကြားအဖြေကို အသေဖက်တွယ်ထားရမည်ဟု မဆိုလိုပါ။ အလုပ်ဖြစ်ရေးရှုထောင့် (တနည်း- မဟာဗျူဟာသဘော)အရ အဆင့်နှစ်ဆင့်ခွဲသွားဖို့ လိုမည်လား စဉ်းစားမိသည်။ ပထမ အဆင့်- လက်ရှိ အခြေခံဥပဒေ ပုံမှန်လည်ပတ်စေရေး၊ ပြီးမှ ဒုတိယ လိုအပ်သလိုပြင်ဆင်ရေး။ နိုင်ငံရေးတွင် အချိန်စောင့်ဖို့ လိုလိမ့်မည်ဟု သဘောရသည်။ စိတ်လိုက်မာန်ပါ လုပ်ကြ သည်ထက် ‘စောင့်ရဲတဲ့သတ္တိ’ ရှိဖို့လိုမည်လားစဉ်းစားမိသည်။

‘လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော်ပြင်ပနိုင်ငံရေး’ဆိုသော အပြောအဆိုများကိုလည်း ယခုတစ်လော ခပ်စိပ်စိပ်ကြားနေရသည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် လွှတ်တော်တွင်း နိုင်ငံရေးသည်သာပင် မရေစီဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်အောင် အရပ်ဘက်အဖွဲ့အစည်းများ၏ ‘အား’လည်း လိုသည်ဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးရသည်များလည်းရှိသည်။ လွှတ်တော်တွင်းဖြစ်စေ လွှတ်တော်ပြင်ပဖြစ်စေ အားလုံး၏ တူရူချက်မှာ ခေတ်မှီ ဒီမိုကရက်တစ်နိုင်ငံတော် ထူထောင်ရေးပင်ဖြစ်သည်။ ဖြစ်သင့်သည်။ ဤနေရာတွင် သတိပြုကြဖို့လိုသည်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးအနေနှင့် ဥပဒေ အပြင်ဘက် မြေအောက်နိုင်ငံရေးထဲ လိမ့်ကျမသွားဖို့ ဖြစ်မည်ထင်ပါသည်။ ‘အတွင်းအပြင် ညှပ်တိုက်ရေး’ ဆိုသော အလုပ်မဖြစ်ခဲ့သည့် တစ်ခါက လက်ဝဲ ဗျူဟာတွေထဲ ပိတ်မိသွားမှာစိုးရိမ်မိသည်။ စာရေးသူက သမိုင်းကို သူရဲကောင်းပုံပြင်အဖြစ်ထက် လမ်းပြမြေပုံအဖြစ် ကြည့်မြင်စေချင်သည်။ အမှားကျော့ သံသရာတွေ ထပ်မလည်စေချင်။

ဖတ်ညွှန်း

စကားအလျဉ်းသင့်လာ၍ ယခုရက်ပိုင်းဖတ်ဖြစ်လိုက်သော စာတစ်ပုဒ်ကိုညွှန်းလိုသည်။ ၂၀၁၂ ဖေဖော်ဝါရိ ၂၀-၂၆ နေ့ထုတ် The Voice ဂျာနယ်ပါ ဒေါက်တာမင်းဇော်ဦး၏ ဆောင်းပါးဖြစ်သည်။ ‘ကမ္ဘာ့ဒီမိုကရေစီရေစီးကြောင်းနှင့်ယှဉ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဘယ်လို လက်တွေ့ကျကျ သုံးသပ်မလဲ’ ဆိုသောဆောင်းပါး။ မြန်မာ့ဒီမိုကရေစီရေးအတွက် အလေးထား စဉ်းစားဖွယ်ရာများပါသည်ထင်၍ အကျဉ်းမျှ ညွန်းလိုက်ရပါသည်။ ဒေါက်တာမင်းဇော်ဦး၏ အလိုအရ ၁၉၅၅ နောက်ပိုင်း ဒီမိုကရေစီအပြောင်းအလဲများမှ ရလဒ်လေးမျိုးထွက်ပေါ်လာသည်ဟုဆိုသည်။ ဤသည်တို့မှာ-

(၁) ရင့်ကျက်ခိုင်မာသော ဒီမိ