Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၁၁.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သမ္မတစနစ်နှင့် လုပုဂ္ဂိုလ်၏အခန်းကဏ္ဍ

*****************************************

ဆောင်းပါးကဏ္ဍ

သမ္မတစနစ်နှင့် လုပုဂ္ဂိုလ်၏အခန်းကဏ္ဍ

အောင်မောင်း

သမ္မတကြီး ဦးသိန်းစိန်က အစိုးရသက်တမ်း တစ်နှစ်ပြည့်တွင် ပြည်သူလူထုသို့ တိုက်ရိုက်မိန့်ခွန်းပြောကြားခဲ့ပြီး အစိုးရသစ် စတင်ဖွဲ့စည်းစက ပြောကြားခဲ့သည့်မိန့်ခွန်းထက် ပိုမိုဆွဲဆောင်မှုရှိခဲ့သည်ကို အများပြည်သူက အသိအမှတ် ပြုခဲ့ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် အစိုးရအဖွဲ့အတွင်း အကွဲအပြဲမရှိဟူသော ဖြေရှင်းချက်နှင့်ပတ်သက်၍ စာရေးသူ တီးမိခေါက်မိသမျှ အနည်းငယ် တင်ပြလိုပါသည်။ သမ္မတကြီးက အစိုးရအဖွဲ့ထဲတွင် ခေါင်းမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ မရှိကြောင်းနှင့် ၎င်းအပါအဝင် အစိုးရအဖွဲ့တွင်းမှ ပုဂ္ဂိုလ်များသည် တစ်ဦးချင်း၏ ဗီဇ၊ စရိုက်နှင့် အမူအကျင့်တို့ အပေါ်မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားသည်မှလွဲ၍  အစိုးရ၏မူဝါဒကို အားလုံးက မမှိတ်မသုန် ယုံယုံကြည်ကြည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဤနေရာတွင် သမ္မတကြီး၏ဆိုလိုရင်းမှာ အစိုးရအဖွဲ့ဝင်အားလုံးသည် ကိုယ့်အတွေးနှင့် ကိုယ်အလုပ်လုပ်နေကြသည်ဟူ၍ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်များအနေဖြင့် ကိုယ့်အတွေးနှင့်ကိုယ် အလုပ် လုပ်နိုင်ခွင့်ရှိမရှိနှင့် ပါတ်သက်၍ စာရေးသူ၏ အမြင်များကို သုံးသပ်တင်ပြလိုပါသည်။

သမ္မတစနစ်( Presidential)

မြန်မာနိုင်ငံသည် သမ္မတစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ပါသည်။ သမ္မတ စနစ်ကို ကျင့်သုံးသည့် နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီးသုံးခုကို သီးခြားစီ လည်ပတ်စေသည်ကို တွေ့ရပါသည်။ သမ္မတစနစ်တွင် အုပ်ချုပ်ရေးကို သမ္မတက ဦးဆောင်ပြီး နိုင်ငံတော်၏ အထွဋ်အထိပ် ပုဂ္ဂိုလ်မှာ သမ္မတ ဖြစ်ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၃)ပုဒ်မ(၅၈)အရ “ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ် နေရာရရှိသည်” ဟူ၍ ပြဌာန်းထားပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အထွဋ်အထိပ်မှာ သမ္မတကြီး ဦးသိန်းစိန်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေး မဏ္ဍိုင်၏ ဦးဆောင်သူလည်းဖြစ်ပါသည်။  ထို့ပြင် နိုင်ငံတော်ကို ကိုယ်စားပြုသူ လည်းဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်၍ တင်ပြရလျှင် သမ္မတစနစ်ကို ပီပြင်စွာကျင့်သုံးသော အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏အခန်းကဏ္ဍကို အမြင့်ဆုံးနေရာတွင် ထားသည်ကိုတွေ့ရပြီး သမ္မတမှာ ကာကွယ်ရေး ဦးစီးချုပ်( Commander in Chief) လည်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်တွင် အမေရိကန် အစိုးရအဖွဲ့ဟူ၍ မရှိဘဲ သမ္မတ၏ အမည်ဖြင့်သာ အစွဲပြု၍ ရေဂင်အစိုးရ၊ ကလင်တန်အစိုးရ၊ ဘုရှ်အစိုးရနှင့် အိုဘားမားအစိုးရဟု ခေါ်ဝေါ်သုံးစွဲသည်ကို တွေ့ရပါသည်။

ထို့ပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပါလီမန်စနစ်မှာကဲ့သို့ Minister ဟူ၍ သုံးစွဲခြင်းမပြုဘဲ Secretary of the……ဟူ၍ ဖြစ်ပါသည်။ ဥပမာပေးရလျှင် လက်ရှိ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၏ရာထူးမှာ Secretary of the State ဖြစ်ပါသည်။ State ဆိုသည်မှာ အိုဘားမားကို ရည်ညွှန်းပြီး အိုဘားမား၏ နိုင်ငံခြားရေးဆိုင်ရာ အတွင်းရေးမှူးလက်ထောက်ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ဟီလာရီ ပြောဆိုသမျှ သည် အိုဘားမား၏ သဘောထားမူဝါဒ ဖြစ်ပါသည်။ တဖန် အမေရိကန်ပုံစံအရ ဘဏ္ဍာရေးဝန်ကြီးကိုလည်း Secretary of the Treasury ဟူ၍ခေါ်ပြီး အိုဘားမား၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူးလက်ထောက်ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်အစိုးရအဖွဲ့ဟူ၍ မရှိဘဲ သမ္မတကသာ တာဝန်ယူရ သည့် အားလျော်စွာ သမ္မတအမည်ကို အစွဲပြု၍ အစိုးရအဖွဲ့၏အမည်ကို သတ်မှတ်ပါသည်။ သမ္မတစနစ်တွင် သမ္မတအားလုံးမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို အမိန့်ပေးညွှန်ကြားရသည်ဖြစ်ရာ သမ္မတဆိုသူများမှာ လူစွမ်းကောင်းများ ဖြစ်လေ့ရှိကြပါသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာ သမ္မတ၏  အမိန့်ပေး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ဝန်ကြီးများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အိုင်ဒီယာများရှိ လျှင်လည်း သမ္မတထံ တင်ပြပြီး သမ္မတက သဘောတူမှသာ ဆောင်ရွက်ခွင့်ရှိပါသည်။ ဤသည်မှာ သမ္မတ စနစ်( Presidential) ၏ အနှစ်သာရ ဖြစ်ပါသည်။ ပါလီမန်စနစ်မှာကဲ့သို့ ဝန်ကြီးများတွင် လုပ်ပိုင်ခွင့်အာဏာရှိ သည့် ၊ လုပ်ပိုင်ခွင့်အာဏာပေးထားသည့် ကက်ဘိနက်ပုံစံမျိုးမဟုတ်ပေ။

လူနဲ့မူ

စာရေးသူတို့ နိုင်ငံမှာ စစ်တပ်မှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် နိုင်ငံရေးအပြောင်းအလဲကို ကြုံတွေ့နေရခြင်းဖြစ်ရာ ထိုကဲ့သို့ အသွင်ပြောင်းမှုကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံများနည်းတူ နိုင်ငံတော်၏ ဦးဆောင်အဆင့်များတွင် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေပါသည်။ သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးစနစ် အပြောင်းအလဲ၏ ထွက်ပေါက်ဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်ပင် အုပ်ချုပ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရများ ဖြစ်သည့် ရွေးကောက်တင်မြှောက်ခြင်း၊ ပါတီစုံ၊ အစိုးရအပြောင်းအလဲ စသည်တို့အတွက် လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများ တနည်းအားဖြင့် ဆိုရလျှင် Rules of Game များ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ထိုရွေးကောက်ပွဲက ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယူဆခဲ့ကြ၍ နိုင်ငံရေးစနစ်ကို ပြောင်းလဲခဲ့ ကြရခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံတစ်ခု မဟုတ်သော်လည်း ထိုစနစ်၏ ပေးထားချက် အတိုင်းလိုက်နာ ဆောင်ရွက်နိုင်လျှင်ပင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ အတိုင်းအတာတစ်ရပ်အထိ ခရီးရောက်နိုင်သည်ဖြစ်ရာ နိုင်ငံတော်သမ္မတမှအစ အောက်ခြေ ပြည်သူလူထုအထိ မိမိတို့ ရွေးချယ်ထားသော နိုင်ငံရေးစနစ်ကို တီးမိခေါက်မိ ရှိသင့်ပါသည်။ သို့မှသာ မိမိတို့ ဖြစ်ချင်သော အခြေအနေ၊ ဖြစ်နေသော အနေအထားနှင့် မိမိတို့ရောက်ရှိနေသည့် အခြေအနေတို့ကို သဘောပေါက်နိုင်မည်ဖြစ်ပြီး ရှေ့သို့ဆက်လက် ချီတက် နိုင်လိမ့်မည် ဖြစ်ပါသည်။

ကိုယ့်နေရာကိုယ်သိဖို့လို

သမ္မတကြီးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမွေပေးခဲ့သော အခင်းအကျင်းကြီးကို ထိန်းထိန်းသိမ်းသိမ်းလုပ် နေရသည်ဟု ထင်မိပါသည်။ ထို့ကြောင့်သာ ဒုသမ္မတအပါအဝင် သဘောထားတင်းမာပြီး အပြောင်းအလဲ မလိုလားသည့်အုပ်စုများကို ပြတ်သားစွာ ကိုင်တွယ်ခြင်းမပြုသေးဟု ယူဆမိပါသည်။ သို့ရာတွင် စနစ်၏ပေးထားချက်အရ သမ္မတကြီးသည်  အုပ်ချုပ်ရေး၏ အမြင့်ဆုံးတာဝန်ရှိသူဖြစ်ရာ အစိုးရအဖွဲ့အတွင်း ပါဝင်နေ သော ဝန်ကြီးများကို သမ္မတကြီး၏ စိတ်တိုင်းကျ အမိန့်ပေးညွှန်ကြားခွင့်ရှိပြီး ၎င်းတို့၏ ဗီဇ၊စရိုက်နှင့် အမူအကျင့်များကို ထည့်သွင်းစဉ်းစားရန် မလိုဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် သမ္မတကြီးအနေဖြင့် မိမိရောက်ရှိနေသည့်နေရာမှာ နိုင်ငံတော်သမ္မတဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်မျှ မိမိနှင့်တန်းတူ သော်လည်းကောင်း၊ အထက်တွင်သော်လည်းကောင်း ရှိသည်ဟု သဘောထားရန်မလိုဘဲ ပြတ်ပြတ်သားသား ဦးဆောင် ညွှန်ကြားနိုင်ရန်သာ လိုအပ်မည် ဖြစ်ပါသည်။

သမ္မတကြီးနှင့် လက်တွဲဆောင်ရွက်မည်ဆိုသည့် အတိုက်အခံများသည်လည်း မိမိတို့အနေဖြင့် အလွန်ဆုံးရောက်နိုင်သည်မှာ လွှတ်တော် အမတ်နေရာသာဖြစ်ပြီး အကယ်၍ ဝန်ကြီးနေရာရခဲ့လျှင်ပင် သမ္မတကြီး၏ ညွှန်ကြားချက်အောက်တွင်သာ လုပ်ဆောင်ရမည်ဖြစ်ရာ သမ္မတနှင့် လက်တွဲ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာမျိုးကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးမထားပါဟူ၍သာ ဆိုရမည် ဖြစ်ပါသည်။ ယင်းအစား သမ္မတကြီးနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဆိုသည့် စကားရပ်ကိုသာ သုံးသင့်သည်ဟုလည်း ယူဆမိပါသည်။

နိဂုံးချုပ်ဆိုရလျှင် မိမိတို့ရွေးချယ်ထားသည့်စနစ်မှာ သမ္မစနစ်ဖြစ်ရာ ထိုသမ္မတစနစ်၏ အနှစ်သာရကိုမသိဘဲ ထင်ရာမြင်ရာ ပြောဆိုနေကြ သည်များကို ရှောင်ရှားပြီး လူနှင့်မူအနက် မူဝါဒကို ပီပီပြင်ပြင်ဖြစ်စေခြင်းကသာ အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံကောင်းများ တည်ဆောက်ပြီး ဖြစ်ပါလိမ့်မည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment