Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အစိုးရနှင့် ကချင်လက်နက်ကိုင်တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးရန် ထပ်မံအဆင်မပြေဖြစ်

(Monsters and Critics မှ 12 March 2012 ရက်စွဲပါ Myanmar Government fails to sign peace pact with Kachin rebels ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရဟု ဆို

(CNA သတင်းဌာနမှ 10 March 2012 ရက်စွဲပါ Suu Kyi says Myanmar officials censored speech ကို ဘာသာ ပြန်ဆိုသည်)

  1. အလုပ်သမားဥပဒေတွင် သမဂ္ဂဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့်ရရှိ

(Washing Post မှ 10 March 2012 ရက်စွဲပါ AP သတင်းဌာန၏ Myanmar law allowing labour unions and strikes comes into effect ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ရေနံဓာတ်ငွေ့ရှာဖွေရေး ကန်ထရိုက်စာချုပ် မြန်မာလက်မှတ်ထိုး

(Associated Press မှ 11 March 2012 ရက်စွဲပါ Myanmar signs oil and gas exploration contract with Chinese joint venture ကို ဘာသာ ပြန်ဆိုသည်)

  1. ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာငွေကြေးဖြစ်လာစေရန် တရုတ်လှုပ်ရှား

(Financial Times မှ 7 March 2012 ရက်စွဲပါ China moves to globalize currency ကို ဘာသာပြန်ဆိုသည်)

********************************************************************************

အစိုးရနှင့် ကချင်လက်နက်ကိုင်တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးရန် ထပ်မံအဆင်မပြေဖြစ်

(Monsters and Critics မှ 12 March 2012 ရက်စွဲပါ Myanmar Government fails to sign peace pact with Kachin rebels ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် ကချင်သူပုန်များနှင့် ၃ ရက်ကြာ ဆွေးနွေးပြီးနောက် သဘောတူညီမှု မရဘဲ ပြီးဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့က ပြောကြားခဲ့သည်။ ယင်းဆွေးနွေးမှုသည် ဇန်နဝါရီလကုန်ပိုင်း ဆွေးနွေးမှုတွင်လည်း အောင်မြင်မှုမရခဲ့ပေ။ "သဘောတူညီမှုမရတဲ့ အကြောင်းကတော့ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ လိုနေပါသေးတယ်။ ခိုင်မာတဲ့ အဆင့်တစ်ခုကို မရောက်သေးပါဘူး" ဟု KIO မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဆွမ်လွတ်ဂမ်က တရုတ်နယ်စပ်မြို့ ရွှေလီတွင် ပြောကြားခဲ့သည်။ "ဒါပေမဲ့ တစ်နေ့မှာတော့ ငြိမ်းချမ်းရေးသဘောတူညီမှု ရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ယင်းက ပြောသည်။ မြန်မာစစ်တပ်သည် ၂ဝ၁၁ နှစ်လယ်ကပင် KIO တပ်များကို တိုက်ခိုက်လာခဲ့ရာ လူပေါင်း လေးသောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။

စစ်တပ်နောက်ခံပြု အစိုးရသည် ယခုနှစ်တွင် ကရင်၊ ရှမ်း၊ ချင်းနှင့် မွန်သူပုန် အုပ်စုများနှင့် ယာယီ ငြိမ်းချမ်းရေး သဘောတူညီမှုများ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ "ကျွန်တော်တို့ ဒီတစ်ကြိမ် မရခဲ့ရင် နောက်ထပ် ဒုတိယ၊ တတိယ၊ စတုတ္ထ စသဖြင့် ထပ်ကြိုးစားရမှာပေါ့" ဟု အစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။ "တိုင်းရင်းသား အုပ်စုတွေနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးသားပါ" ဟု ယင်းက ဆိုသည်။ သဘောတူညီမှု မရသည့် အဓိက အတားအဆီးတစ်ခုမှာ KIO သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးမီ ရေရှည်နိုင်ငံရေးအရ အဖြေ ရရှိရေးကို ဆွေးနွေးလိုခြင်းပင် ဖြစ်သည်ဟု သတင်းများက ဆိုသည်။

အစိုးရကမူ နိုင်ငံတကာ ထုံးစံအရ အပစ်အခတ်ရပ်စဲမှုကို ဦးစွာ လက်မှတ်ရေးထိုးရမည်ဟု ဆိုသည်။ ရှေ့ဆက်ဆွေးနွေးရေးအတွက် သဘောတူကြောင်း ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။

KIO ၏စစ်တပ်ဖြစ်သော KIA သည် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသည့် တစ်ခုတည်းသော အဓိက သူပုန်အုပ်စု ဖြစ်သည်။ တိုင်းရင်းသားကိစ္စကို အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြုလုပ်ရန် သတ်မှတ်ထားသော အဓိကသတ်မှတ်ချက်များတွင် ထည့်သွင်းထားသည်။

************************************************************

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရဟု ဆို

(CNA သတင်းဌာနမှ 10 March 2012 ရက်စွဲပါ Suu Kyi says Myanmar officials censored speech ကို ဘာသာ ပြန်ဆိုသည်)

လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ပြောဆိုသော အဓိကမိန့်ခွန်းများကို မြန်မာ အစိုးရ အာဏာပိုင်များက ဆင်ဆာ တည်းဖြတ်ခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ ထိုသို့ မဲဆွယ်ရာ၌ ယခင်စစ်အစိုးရအပေါ် ဝေဖန် ပြောဆိုချက်များကို အာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

လွတ်လပ်သော အာရှအသံ(Radia Free Asia-RFA) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က "ပြန်ကြားရေးဝန်ကြီးဌာနမှ အစိုးရ အရာရှိကြီးများသည် နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ထုတ်လွှင့်မည့် မဲဆွယ်စည်းရုံးမှု အစီအစဉ်အတွက် NLD ကိုယ်စား သူမပြောဆိုမည့် စကားများထဲမှ စာပိုဒ် အချို့ကို ဖယ်ရှားပစ်ကြောင်း" ပြောကြားသည်။ “အစီအစဉ်မလုပ်မီ ကျွန်မပြောဆိုမယ့် စာသားတွေကို သူတို့ကိုတင်ပြရတယ်။ စာပိုဒ်တစ်ခု အဖြတ်ခံရတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “အဖြတ် ခံရတာကတော့ တရားဥပဒေစိုးမိုးမှု မရှိခဲ့တဲ့ကိစ္စရယ်၊ ယခင်စစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ ဥပဒေကို ထပ်ခါတလဲလဲ ကျင့်သုံးခဲ့တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု ၎င်း၏ ပြောဆိုချက်ကို RFA က ကိုးကား ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၂ နှစ်တာမျှနေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသော်လည်း ယခုအခါ သူမနှင့်အတူ NLD ပါတီအား မြန်မာ့နိုင်ငံရေးစီးကြောင်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရန် စစ်တပ် ကျောထောက်နောက်ခံ အစိုးရက လမ်းဖွင့်ပေးထားသည်။ သူမနှင့် NLD တို့သည် ပါလီမန်လွှတ်တော်တွင် လစ်လပ်နေသည့် ကိုယ်စားလှယ် ၄၈ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယခုလို မိန့်ခွန်းဆင်ဆာ တည်းဖြတ်ခံရမှုမှာ NLD ပါတီအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုမဟုတ်သည့်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာမူ မြန်မာအစိုးရတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး သဘောထား ရှိ၊မရှိ ဟူသော အချက်ကို ဆန်းစစ်လိမ့်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၈ ရက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် မဲပေးမည့်သူများ စာရင်းတွင် သေဆုံးသွားသူများ၏ အမည်များပါဝင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါကိစ္စကို ဖြေရှင်းပေးရန် အသိပေးထားကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲကာလက နေအိမ် အကျယ်ချုပ် ကျခံနေခဲ့ရသည်။

မြန်မာစစ်အစိုးရအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရရှိစေလိုသည့် ဆန္ဒရှိကြောင်း၊ သို့မှသာ ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ တရားဝင်မည်ဖြစ်သလို အနောက်နိုင်ငံများ ကလည်း ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးမည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

**********************************************************************

အလုပ်သမားဥပဒေတွင် သမဂ္ဂဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့်ရရှိ

(Washing Post မှ 10 March 2012 ရက်စွဲပါ AP သတင်းဌာန၏ Myanmar law allowing labour unions and strikes comes into effect ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဥပဒေသစ်အရ အလုပ်သမားများသည် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ရပြီး ဆန္ဒပြခွင့်များ ရရှိလာပြီ ဖြစ်သည်။ နိုင်ငံပိုင် New Light of Myanmar သတင်းစာတွင် စနေနေ့က ကြေညာရာ၌ ဥပဒေသစ်သည် သောကြာနေ့တွင် စတင် အသက်ဝင်ပြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြီးကြပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သည့်အနေဖြင့် အဆိုပါဥပဒေကို ပြီးခဲ့သည့် အောက်တိုဘာက လက်မှတ် ရေးထိုးခဲ့သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် ပြန်လည်ပေါင်းစည်းရေး၊ အနောက်နိုင်ငံများ၏ အရေးယူမှုများ ရုတ်သိမ်းရေးတို့အတွက် တွန်းအားများ ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အရေးယူမှုများ ရုတ်သိမ်းသွားခြင်းကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အားပေးပြီး လုပ်သား အင်အားများများ သုံးရသော စက်မှုကဏ္ဍ လျင်မြန်စွာ တိုးတက်ကြီးထွားရန် အထောက်အကူပြုသည်။

ဥပဒေတွင် အနည်းဆုံးအဖွဲ့ဝင် ၃ဝ ဖြင့် သမဂ္ဂများ ဖွဲ့စည်းခွင့် ရှိပြီး အလုပ်သမား မည်မျှနှင့် မည်မျှကြာအောင် ဆန္ဒပြမည်၊ မည်သည့်ကိစ္စ အတွက် ဆန္ဒပြမည်တို့ကို ၁၄ ရက်ကြိုတင် ခွင့်ပြုချက် တောင်း၍ ဆန္ဒပြခွင့်ရမည် ဖြစ်သည်။

ဆန္ဒပြသည့် အလုပ်သမား သို့မဟုတ် သမဂ္ဂမှ အလုပ်သမားများအား ဆန္ဒပြသည့်အတွက် အလုပ်ရှင်က အလုပ်ထုတ်ပါက အလုပ်ရှင်ကို ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်းကျခံရန်နှင့် ဥပဒေကို ချိုးဖောက်၍ ဆန္ဒပြသော အလုပ်သမားမှာ ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေ ကျပ်သုံးသောင်း ကျခံရန် ဥပဒေက ဖော်ပြထားသည်။

*************************************************************

တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ရေနံဓာတ်ငွေ့ရှာဖွေရေး ကန်ထရိုက်စာချုပ် မြန်မာလက်မှတ်ထိုး

(Associated Press မှ 11 March 2012 ရက်စွဲပါ Myanmar signs oil and gas exploration contract with Chinese joint venture ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ရေနံ၊ ဓာတ်ငွေ့ ရှာဖွေရန် ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးလိုက်ပြီဟု သိရသည်။

နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် တရုတ် EPI Holding Ltd နှင့်အတူ ဖက်စပ် ထူထောင်ထားသော အေးမြင့်ခိုင် ပုဂ္ဂလိကကုမ္ပဏီနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးဒေသတွင် ကုန်းတွင်းရေနံဓာတ်ငွေ့ ရှာဖွေရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် ကြေးမုံသတင်းစာက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

သောကြာနေ့က လက်မှတ် ရေးထိုးကြသော ရေနံဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်သည် မနှစ်က မြန်မာအစိုးရသစ် အာဏာ ရလာပြီးနောက်ပိုင်း နိုင်ငံခြား ရေနံကုမ္ပဏီတစ်ခုနှင့် ပထမဦးဆုံး အကြိမ် ကုန်းတွင်း လုပ်ကွက် ရှာဖွေရန် လက်မှတ် ရေးထိုးခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် ကမ်းလွန်လုပ်ကွက် ၂၆ နေရာနှင့် ကုန်းတွင်းလုပ်ကွက် ၄၉ နေရာတို့တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့်အတူ ရေနံဓာတ်ငွေ့ ရှာဖွေလျက် ရှိသည်။ အကြီးစားကမ်းလွန် ဓာတ်ငွေ့သိုက် ၂ ခုမှ ထွက်ရှိနေသော သဘာဝဓာတ်ငွေ့သည် မြန်မာအတွက် အဓိက ပို့ကုန်ဝင်ငွေကို ရှာဖွေပေးနေသည်ဟု သိရှိရသည်။

**************************************************************

ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာငွေကြေးဖြစ်လာစေရန် တရုတ်လှုပ်ရှား

(Financial Times မှ 7 March 2012 ရက်စွဲပါ China moves to globalize currency ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းသုံးငွေကြေးအား နိုင်ငံတကာသုံးငွေကြေးအဖြစ် ပြောင်းလဲရန်အလို့ငှာ Brics နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံအား ယွမ်ငွေချေးငွေပေးရန် ဦးတည်ချက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဖွံ့ဖြိုးရေးဘဏ်(CDB) အနေဖြင့် လာမည့် မတ်လ ၂၉ နေ့တွင် နယူးဒေလီမြို့၌ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိက နိုင်ငံများမှ ဖွံ့ဖြိုးရေးဘဏ်များနှင့် တွေ့ဆုံဆွေးနွေးကာ နားလည်မှုစာချွန်လွှာ(MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။ အဆိုပါ MoU အရ CDB အနေဖြင့် ယွမ်ငွေများထုတ်ချေးသွားမည်ဖြစ်ပြီး Brics နိုင်ငံများမှ ဖွံ့ဖြိုးရေးဘဏ်များကလည်း ၎င်းတို့ နိုင်ငံသုံးငွေကြေးစနစ်များတွင် ချေးငွေတန်ဖိုးများ ပြင်ဆင် သတ်မှတ်သွားမည် ဖြစ်သည်။

ယခုကဲ့သို့လုပ်ဆောင်ရသည့် ဦးတည်ချက်မှာ တရုတ်နှင့် အဆိုပါနိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် အမေရိကန် ဒေါ်လာထက် ယွမ်ငွေအသုံးပြုမှု ပိုမိုများပြားလာစေရန် ဖြစ်ပြီး ယွမ်ငွေကို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ငွေချေးငှားမှုများ ပြုလုပ်ရာတွင် တွင်ကျယ်စွာ အသုံးပြုလာရန်လည်း ဖြစ်သည်။ အာရှနှင့် တရုတ်ကုန်သွယ်မှုများ၏ ၁၃ ရာခိုင်နှုန်းမှာ ယွမ်ငွေနှင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း Morgan Stanly မှ ဘောဂဗေဒပညာရှင် Helen Qiao က ပြောကြားသည်။

HSBC ၏ခန့်မှန်းချက်အရ ဒေသတွင်းကုန်သွယ်ရေးတွင် ယွမ်ငွေရှယ်ယာပါဝင်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။ ဘရာဇီးဖွံ့ဖြိုးရေးဘဏ် BNDES ၏ ကြွေးစာရင်းမှာ ကမ္ဘာ့ဘဏ်၏ ကြွေးစာရင်းထက် လေးဆခန့်ရှိသည်။ တောင်အာဖရိက ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ၎င်းတို့အနေဖြင့် ငွေချေးငှားမှု ကတိကဝတ်ပါဝင်မည့် မဟာသဘောတူညီချက်တစ်ရပ်ကို နယူးဒေလီတွင် လက်မှတ် ရေးထိုး နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်းပြောကြားသည်။

“အဖွဲ့ဝင်နိုင်ငံတွေအကြား ငွေလွှဲပြောင်းပေးမှုနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုတွေ ကြီးမားလာစေရေး အတွက် ပြည်တွင်းသုံးငွေချေးမှု ပြုလုပ်နိုင်မယ့် နည်းစနစ်ကောင်းတွေထုတ်ဖော်ရေးကို ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု BNDES ကဆိုသည်။ တရုတ်ဖွံ့ဖြိုးရေး ဘဏ်ကမူ အဆိုပါကိစ္စအပေါ် ထင်မြင်သုံးသပ်ချက် မပေးပေ။ အိန္ဒိယ ထုတ်ကုန်၊ သွင်းကုန်ဘဏ်နှင့် တောင်အာဖရိကဖွံ့ဖြိုးရေးဘဏ်အပါအဝင် ရုရှား Vnesheconom ဘဏ်တို့လည်း သဘောတူလက်မှတ် ရေးထိုးကြမည်ဖြစ်သည်။ အဆိုပါ ငါးနိုင်ငံမှ ကိုယ်စားလှယ်များအနေဖြင့် လာမည့် ဧပြီလတွင် တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်

ကြီးမားကျယ်ပြန့်သော နိုင်ငံတကာ ငွေကြေးစနစ်တစ်ရပ် ပေါ်ထွန်းရန် တောင်းဆိုထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် အမေရိကန် ဒေါ်လာမှာ ခိုင်မာမှုအားကောင်းလျက်ရှိပြီး ရေရှည်ကာလတွင်မူ အားနည်းသွားလိမ့်မည် ဖြစ်သည်ဟု အစိုးရအတော်များများက ခန့်မှန်းထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခြားအော်လတာနေးတစ် ငွေကြေးတစ်မျိုးထွက်ပေါ်လာရန် ဆန္ဒရှိကြသည်။

*******************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment