Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြစ်ဆုံတမံ ပြန်စရန် မြန်မာကို တရုတ်တိုက်တွန်း

(China Daily မှ 11 Mar 2012 ရက်စွဲပါ “Restart the hydro plant, Myanmar gout urged” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြောက်ကိုရီးယား၏ စားနပ်ရိက္ခာသဘောတူညီချက်အပေါ် ဟီလာရီကလင်တန် သတိကြီးစွာဖြင့် ချီးမွမ်း

(CNN သတင်းဌာနမှ 10 March 2012 ရက်စွဲပါ Clinton cautiously hails North Korea food aid deal ကို ဘာသာပြန်ဆိုသည်)

  1. သူပုန်များနှင့် တိုက်ပွဲဖြစ်နေသော်လည်း ပိုက်လိုင်းအတွက် လုံခြုံကြောင်း တရုတ်ပြော

(Reuters မှ 10 March 2012 ရက်စွဲပါ Ben Blanchard ရေးသားသော China says pipeline safe despite Myanmar fighting ကို ဘာသာ ပြန်ဆိုသည် )

****************************************************************

မြစ်ဆုံတမံ ပြန်စရန် မြန်မာကို တရုတ်တိုက်တွန်း

(China Daily မှ 11 Mar 2012 ရက်စွဲပါ “Restart the hydro plant, Myanmar gout urged” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်အကြီးတန်း နိုင်ငံရေး တာဝန်ရှိသူတစ်ဦးက မြန်မာအစိုးရအား ရပ်ဆိုင်းထားသော မြစ်ဆုံတမံစီမံကိန်း ပြန်လည် စတင်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းစီမံကိန်းသည် ဒေသခံများအပါအဝင် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများနှင့် ပတ်သက်နေသော တရားဝင်စီမံကိန်း ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

လက်ရှိပြုလုပ်နေသော မျက်နှာစုံညီဆွေးနွေးပွဲများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ယခင်အမျိုးသားစွမ်းအင် အာဏာပိုင် အဖွဲ့အကြီးအကဲ ကျန်းဂူဘိုက “နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူ လက်မှတ် ရေးထိုးပြီးနောက် မြန်မာနိုင်ငံ၏ ဖိတ်ခေါ်မှုကြောင့် မြစ်ဆုံတမံ စီမံကိန်းကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်နေခြင်း ဖြစ်သည်” ဟု ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးအတိုင်ပင်ခံကော်မတီဝင်ဖြစ်သူ ကျန်းဂူဘိုက မြစ်ဆုံတမံစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို လျှော့ပါးစေမည့်အပြင် စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း တွန်းအားပေးနိုင်သည်ဟု ဆက်လက် ပြောဆိုသည်။ လူဦးရေ သန်း ၄၀ ကျော်သော မြန်မာနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ကီလိုဝပ် ၃ သန်း မျှသာ ရှိသည်ဟုလည်း ကျန်းဂူဘိုက ဆိုသည်။ တပ်ဆင်စွမ်းအား မဂ္ဂါဝပ် ၆၀၀၀ ရှိသော ဒေါ်လာ ၃.၆ ဘီလျံ စီမံကိန်းသည် ၂၀၁၉ တွင် ပြီးစီးရန် မျှော်မှန်းထားပြီး တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၂၉၄၀၀ ထုတ်လုပ်နိုင်သည်ဟုလည်း သိရှိရသည်။

မြစ်ဆုံတမံသည် ဒေသခံများ၏ ဘဝကို တိုးတက်ကောင်းမွန်စေသည့် စီမံကိန်းကောင်းတစ်ခုဖြစ်သောကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာတို့၏ ဆုံးဖြတ်ချက်ကို လေးစားပြီးဖြစ်သော်ငြားလည်း စီမံကိန်း ပြန်လည်စတင်ရေးအတွက် ဆက်လက် ဆွေးနွေးမှုများပြုလုပ်ရန် တရုတ် အာဏာပိုင်က တိုက်တွန်းပြောကြားသည်။

တရုတ် China Power Investment Group နှင့် မြန်မာအမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့၏ ဖက်စပ်စီမံကိန်း ဖြစ်သော မြစ်ဆုံတမံကို မြန်မာပြည်သူများနှင့် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ပြီးခဲ့သော စက်တင်ဘာတွင် မြန်မာအစိုးရက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြန်မာ အစိုးရဘက်က စီမံကိန်းပြန်လည်စတင်ရန် ရက်ကို လုံးဝ ပြောဆိုခြင်းမရှိပေ။

China Power Investment သည် ၂၀၀၉ ခုနှစ်လုပ်ငန်းမစတင်မှီ တရားဝင်လုပ်ထုံးလုပ်နည်းများနှင့် စီမံကိန်း ဘေးကင်းစိတ်ချရမှု အတွက် ကြိုတင်စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုလည်း ကုမ္ပဏီအကြီးအကဲ လူကီရှိုက ပြောကြားသည်။

"မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်လို့ စီမံကိန်းကို ဖြစ်နိုင်သမျှ မြန်မြန်ပြန်စလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသူ လူကီရှိုသည် CPPCC အမျိုးသားကော်မတီဝင်တစ်ဦး ဖြစ်သည်။

တရုတ်ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ထွက်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်း ပြောကြားသည့် လူကီရှိုက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအနက် တွက်ခြေအကိုက်ဆုံး ဖြစ်သော ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံက ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြောကြားသည်။ သို့သော် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို ရှောင်ရှားရန် ဒေသခံများ ဘေးကင်းစေရန် နေစဉ်ဘဝကို မထိခိုက်စေရန် အတွက် မိမိတို့ကုမ္ပဏီက တက်နိုင်သမျှအရာရာကို လုပ်ဆောင်ပေးမည်ဟုလည်း လူကီရှို က ပြောကြားသည်။

တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်လွှား နေရာတကာမှ ရေအားလျှပ်စစ်တမံများသည် ယင်းတို့၏ ပတ်ဝန်းကျင်ဆိုးကျိုး သက်ရောက်နိုင်မှုကြောင့် ပညာရှင်များ ဒေသခံများ၏ ကန့်ကွက်မှုကို ခံရမြဲဖြစ်သည်။ လူကီရှို က “စီစဉ်ပြီး ရေလှောင်တမံများကို ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်ပြီး ပြဿနာအားလုံးကို စီမံကိန်း ဒီဇိုင်းများဖြင့် ဖြေရှင်းသွားမည်” ဟု ဆိုသည်။

*****************************************************************

မြောက်ကိုရီးယား၏ စားနပ်ရိက္ခာသဘောတူညီချက်အပေါ် ဟီလာရီကလင်တန် သတိကြီးစွာဖြင့် ချီးမွမ်း

(CNN သတင်းဌာနမှ 10 March 2012 ရက်စွဲပါ Clinton cautiously hails North Korea food aid deal ကို ဘာသာပြန်ဆိုသည်)

နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ရပ်ဆိုင်းရန်နှင့် နျူကလီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့များအား ဝင်ရောက်ခွင့် ပြုခြင်းသည် မြောက်ကိုရီးယား နိုင်ငံအတွက် "မှန်ကန်သည့်လမ်းကြောင်းပေါ်မှ သင့်တင့်လျောက်ပတ်သော လုပ်ရပ်တစ်ခု" ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မတ်လ ၉ ရက်နေ့တွင် ထုတ်ဖော်ချီးမွမ်းလိုက်သည်။

သို့သော် မြောက်ကိုရီးယား ခေါင်းဆောင်များအား ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် မူတည်၍ အကဲဖြတ် လေ့လာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မစ္စဟီလာရီကလင်တန်က ဆိုသည်။ ပြုံယမ်းအစိုးရက ၎င်းတို့အနေဖြင့်

ယူရေနီယံ သန့်စင်မှုအစီအစဉ်များ အပါအဝင် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ပေးပို့သော ရိက္ခာတန်ချိန် နှစ်သိန်းလေးသောင်းနှင့် အလဲအလှယ်ပြုသည့် အနေဖြင့် ကုလသမဂ္ဂ နျူကလီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဝင်ရောက်စစ်ဆေးခွင့်ပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြေညာသည်။

မြောက်ကိုရီးယားသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း တိုင်းပြည်စီးပွားရေးစနစ်ညံ့ဖျင်းမှုနှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် အစာအာဟာရပြတ်လပ်မှုကြီး ဖြစ်ပေါ် ခံစားခဲ့ရသည်။ အခြားသောနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မြောက်ကိုရီးယား၏ ဘေးဒုက္ခကို အကူအညီ ပေးသည့် အနေဖြင့် စားနပ်ရိက္ခာများ အဆက်မပြတ် ထောက်ပံ့ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ မြောက်ကိုရီးယားသို့ ရိက္ခာ ထောက်ပံ့ပေးမှုများကို ရပ်ဆိုင်းပစ်ခဲ့သည်။ အကြောင်းမှာ နျူကလီးယားဆိုင်ရာ တင်းမာမှုများနှင့် ပေးပို့သည့် ရိက္ခာများ အမှန်တကယ် လိုအပ်သူများ၏ လက်ဝယ်သို့ ရောက်ရှိနိုင်ခြင်းမရှိဟု ယူဆသောကြောင့်ဖြစ်သည်။

ဟီလာရီကလင်တန်က ဝါရှင်တန်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kim Sung-hwan နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း မြောက်ကိုရီးယားနှင့် ပတ်သက်၍ မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။ မစ္စတာ Kim Sung-hwan ကမူ မြောက်ကိုရီးယား၏ သဘော တူညီချက်သည် နျူကလီးယား အရေးကိစ္စကို ဆက်လက် ဖြေရှင်းသွားနိုင်ရေးအတွက် "အဓိပ္ပာယ်ပြည့်ဝသော ပထမ အဆင့်" ဖြစ်သည်ဟု မှတ်ချက်ပေး ပြောဆိုသည်။

ထို့ပြင် ၎င်းက "မြောက်ကိုရီးယားဘက်က သဘောတူညီလိုက်မှုသည် ယုံကြည်စိတ်ချရသော လုပ်ကိုင် ဆောင်ရွက်မှုဖြစ်ပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် အရေးကိစ္စအတွက် အရေးကြီးကြောင်း" ပြောဆိုသည်။ မြောက်ကိုရီးယားသို့ မည်သည့်အချိန်ကာလတွင် ရိက္ခာများပေးပို့မည် ဟူသော အချက်မှာ ရှင်းလင်းတိကျစွာ မသိရသေးပေ။

မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန် Robert King က စီမံဆောင်ရွက်ရမည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြီး ဖြစ်သော်လည်း အစိုးရအရာရှိကြီးများအနေနှင့် လုပ်ဆောင်ရန် အရေးကိစ္စအချို့ ကျန်ရှိနေသေးကြောင်း ပြောဆိုသည်။ ၎င်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြုံယမ်းမှ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ပေးပို့မည့် ရိက္ခာများအနေဖြင့် မြောက်ကိုရီးယားတွင် အမှန်တကယ် လိုအပ်နေသူများ လက်ဝယ်သို့ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း အကောင်းမြင်သည့်သဘောဖြင့် သုံးသပ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကွယ်လွန်သွားပြီးနောက် ရပ်ဆိုင်းထားခဲ့သည့် နှစ်နိုင်ငံ (ဝါရှင်တန်နှင့် ပြုံယမ်း) တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ရာမှ ရိက္ခာအကူအညီ ပေးပို့မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်သော ဆွေးနွေးပွဲတွင် ရိက္ခာများ တင်ဆောင်လာမည့် သင်္ဘောများဆိုက်ကပ်မည့် ဆိပ်ကမ်းကိစ္စ၊ ရိက္ခာထောက်ပံ့မှု အစီအစဉ်ကို စီမံစောင့်ကြပ်မည့် အရေးကိစ္စ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ပတ်သက်မည့်ကိစ္စ အစရှိသည် တို့ကို နှစ်ဖက်စလုံးက အဓိကထား ဆွေးနွေးခဲ့ကြသည်။

အမေရိကန်အစိုးရ အရာရှိကြီးများက မြောက်ကိုရီးယားနှင့် ရရှိလိုက်သည့် သဘောတူညီချက်အပေါ် သတိကြီးစွာဖြင့် အကောင်းမြင်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ကာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက်ဦးတည်သော နိုင်ငံစုံ ဆွေးနွေးပွဲကြီး ပြန်လည် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိကြသည်။ သို့သော် ပြုံယမ်းအစိုးရက ကင်ဂျုံအီလ်၏ သားဖြစ်သူ ကင်ဂျွန်အန် ခေါင်းဆောင်ရာထူး ရယူလိုက်သည့် အချိန်မှစ၍ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်အပေါ် ဆန့်ကျင် ပြောဆိုမှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း တောင်ကိုရီးယား ကျွန်းဘက်သို့ ဦးတည်သည့် စစ်ရေးလေ့ကျင့်မှုများနှင့် ပစ်ခတ် စမ်းသပ်မှုများကို မြောက်ကိုရီးယားစစ်တပ်က ပြုလုပ်ခဲ့သည်။

နှစ်နိုင်ငံ ပဋိပက္ခဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် ဒေသအနီး မြောက်ကိုရီးယားစစ်တပ်မှ တင့်ကားများနှင့် တိုက်ခိုက်ရေး ပစ္စည်းများ ပြင်ဆင်လျက် ရှိပုံကို နိုင်ငံပိုင်မီဒီယာက ပြသခဲ့သည်။

*****************************************************************

သူပုန်များနှင့် တိုက်ပွဲဖြစ်နေသော်လည်း ပိုက်လိုင်းအတွက် လုံခြုံကြောင်း တရုတ်ပြော

(Reuters မှ 10 March 2012 ရက်စွဲပါ Ben Blanchard ရေးသားသော China says pipeline safe despite Myanmar fighting ကို ဘာသာ ပြန်ဆိုသည် )

မြန်မာနိုင်ငံကို ဖြတ်၍ဖောက်လုပ်နေသော တရုတ်ရေနံပိုက်လိုင်းသည် မြန်မာတပ်များနှင့် သူပုန်များကြား တိုက်ပွဲများ ဖြစ်ခြင်းကြောင့် ထိခိုက်မှု မရှိကြောင်း၊ တရုတ်အနေဖြင့်လည်း အဆိုပါ ပဋိပက္ခများ၏ အဖြေရရှိရေးအတွက် ကူညီ ရှာဖွေပေးသွားမည် ဖြစ်ကြောင်း တရုတ်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် (17) နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှုသည် ပြီးခဲ့သည့် ဇွန်လက ပျက်ပြယ်သွားခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တရုတ်နယ်စပ်သို့ ဒုက္ခသည်များ ထွက်ပြေးခဲ့ကြရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပြီး၊ ၎င်း၏ အနောက်တောင် ပြည်နယ်သို့ စွမ်းအင်များ ရောက်ရှိရေးတွင် ကြားခံသယ်ယူရေးအတွက် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် သက်ရောက်မှုများ ရှိနေသည်။

ဘင်္ဂလားပင်လယ်အော်မှ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုသည် ကချင်ကိုဖြတ်၍ ယူနန်ပြည်နယ်သို့ ဆက်သွယ်ရန် ဆောက်လုပ်လျက် ရှိသည့် အပြင် တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အားတင်ပို့မည့် ရေအားလျှပ်စစ် စီမံကိန်းအချို့လည်း ကချင်ပြည်နယ်တွင်ရှိသည်။

“တရုတ်ကုမ္ပဏီအများကြီးဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ အထူးသဖြင့် ကချင်ဒေသကို ဖြတ်သွားတဲ့ ရေနံပိုက်လိုင်းမှာ ရင်းနှီးမြှုပ်နှံ ထားပါတယ်။” ဟု ယူနန်လုံခြုံရေးအကြီးအကဲ Meng Sutie က တရုတ်ပါလီမန် နှစ်ပတ်လည်အစည်းအဝေး လာရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံက ဗဟိုအစိုးရရော ကချင်ပြည်နယ်အစိုးရကပါ ပိုက်လိုင်းကိစ္စမှာ အပေါင်းလက္ခဏာ ဆောင်ပြီး ကူညီတဲ့စိတ်ရှိကြပါတယ်” ဟု ၎င်းက ပြောသည်။ “လက်ရှိအခြေအနေမှာတော့ ပိုက်လိုင်း ဆောက်လုပ်ရေးဟာ ချောမွေ့နေပြီး ထူးထူးခြားခြား ပြဿနာ မရှိပါဘူး။ ကချင်အစိုးရကရော ဗဟိုအစိုးရကပါ ကျွန်တော်တို့နဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

KIA သည် ယခုအပတ်တွင် တရုတ်နယ်စပ်မြို့ဖြစ်သော ရွှေလီတွင် တိုက်ပွဲများရပ်ဆိုင်းရေးအတွက် သတ်မှတ်ချက်များ သဘောတူညီမှုရရေး ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့စေလွတ်ခဲ့သည်။

“ယူနန်အစိုးရဟာ တရုတ်ဗဟိုအစိုးရအဖွဲ့ရဲ့ တွန်းအားပေးမှုနဲ့အညီ နှစ်ဖက်စလုံးကို ပြဿနာအတွက် ငြိမ်းချမ်းတဲ့ အဖြေရရှိရေးကို တက်တက်ကြွကြွ တွန်းအားပေးနေပါတယ်။ ကြားထဲကနေဝင်ပြီး ညှိပေးနေပါတယ်” ဟု Meng က ပြောသည်။ “နှစ်ဖက်စလုံး အဆက်အသွယ် မပြတ်တာကို တွေ့ရတာ ကျွန်တော်တို့ ဝမ်းသားပါတယ်။ ကျွန်တော်တို့ လုပ်ပေးနိုင်တာ အကုန်လုံးဖြည့်ဆီးပေးနေပါတယ်။ တိုးတက်မှုရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကချင်ပြဿနာက ကြာနေပြီဖြစ်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်လက တရုတ်သည် မြန်မာနိုင်ငံအား နယ်စပ်တွင် ပိုမိုလုံခြုံမှုရှိရေးအား ပြောကြားခဲ့သည်။ သို့သော် နယ်စပ်တွင် ဒုက္ခသည်များ ရှိနေခြင်းကို မလိုလားဟု ပြောခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အနောက်နိုင်ငံများ၏ အရေးယူမှု ကြုံနေရချိန်တွင် နံဘေးမှရပ်တည်ပေးခဲ့ပြီး၊ ဒုက္ခသည်များ ကိစ္စသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးတွင် စိတ်ပျက်ဖွယ်ဖြစ်သည်။

သို့သော် ယူနန်အစိုးရသည် ဒုက္ခသည်များအား လူသားချင်းစာနာသော အကူအညီများ ပေးလျက်ရှိကြောင်း Meng က ပြောသည်။ “ကျွန်တော် ယုံကြည်တာကတော့ တရုတ်နဲ့မြန်မာအစိုးရတွေရဲ့ သဘောတူညီမှုကိုအခြေခံပြီး၊ ကျွန်တော်တို့ ဒေသဆိုင်ရာ အစိုးရနဲ့ ကချင်အဖွဲ့အစည်းကြားမှာ ဒုက္ခသည်တွေ ဝင်လာနေတဲ့ကိစ္စကို သင့်တင့် လျှောက်ပတ်စွာ ညှိနှိုင်းနိုင်လိမ့်မယ်လို့ ယုံပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။ Meng က ပြောကြားရာတွင် တရုတ်ပြည်၌ ကချင်ဒုက္ခသည် (3000) ခန့် ရောက်ရှိနေသည်ဟု ဆိုသော်လည်း ကချင်အုပ်စုများ အဆိုအရ ဒုက္ခသည် ဦးရေ (10000) ခန့် ရှိသည်ဟု ဆိုသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့သည် တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုအား အရေးယူမှုများ ရုတ်သိမ်းပေးရေး အတွက် သတ်မှတ်ထားသော အခြေအနေသတ်မှတ်ချက်များတွင် ထည့်သွင်းထားသည်။ အချို့သူပုန်အုပ်စုများသည် ဗြိတိသျှမှ လွတ်လပ်ရေးရရှိသော 1948 ခုနှစ်မှစ၍ စတင်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

*********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment