Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၂.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၃)

  1. ကိုယ်ရည်ကိုယ်သွေး ရှိသည့် ခေါင်းဆောင်များ မွေးထုတ်ရမည့် ပြဿနာ

(Foreign Policy မှ 7 March 2012 ရက်စွဲပါ Christian Caryl ရေးသားသော The Personality Problem ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************

ကိုယ်ရည်ကိုယ်သွေး ရှိသည့် ခေါင်းဆောင်များ မွေးထုတ်ရမည့် ပြဿနာ

(Foreign Policy မှ 7 March 2012 ရက်စွဲပါ Christian Caryl ရေးသားသော The Personality Problem ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် လူဦးရေ သန်း ၆ဝ ရှိသော နိုင်ငံကြီးတစ်ခု ဖြစ်ပြီး အိန္ဒိယနှင့် တရုတ်ကြားတွင် တည်ရှိသည်။ အဆိုပါ အင်အားကြီးနိုင်ငံ နှစ်ခုသည် ၂၁ ရာစု၏ ကမ္ဘာ့နိုင်ငံရေးကို ပြဋ္ဌာန်းမည့်နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသည် မိမိကိုယ်မိမိ ထိန်းကျောင်း ပြောင်းလဲနိုင်စွမ်းပေါ် မူတည်၍ အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံကြား တံတားသဖွယ် ဖြစ်လာမည်လော သို့မဟုတ် စစ်တလင်း ဖြစ်လာမည်လော ဆိုသည်ကို အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဤမျှ အရေးပါသော နိုင်ငံတစ်ခု၏ ကံကြမ္မာသည် လူနှစ်ဦး၏ ပခုံးပေါ်တွင် ကြီးမားစွာ တည်မှီနေသည်ဟု သဘောပေါက်သော အချိန်တွင် တုန်လှုပ်မှုခံစားရလိမ့်မည် ဖြစ်သည်။ တစ်ဦးမှာ မြန်မာနိုင်ငံအား သတိထား၍ ပိုမိုတံခါးဖွင့်ပေးနေသူ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် ဖြစ်သည်။ တိုင်းသူပြည်သားများကမူ သမ္မတသည် အလေးအနက်ထား လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။ တစ်ချိန်က အာဏာ ရှိခဲ့သော စစ်ဗိုလ်ချုပ်များကမူ ဦးသိန်းစိန်၏ လက်ရှိလုပ်ဆောင်မှုများကြောင့် ယင်းတို့၏ စည်းစိမ်များကို မလွှဲမရှောင်သာ ခြိမ်းခြောက်လာနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်နေကြသည်။

နောက်တစ်ဦးမှာ စစ်အစိုးရအား ကာလကြာရှည် ဆန့်ကျင်ခဲ့မှုကြောင့် ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းကပါ သူရဲကောင်းအဖြစ် လက်ခံလာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက သူမသည် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီး ဆင်းခဲ့သည်။ သူမသာ အနိုင်ရခဲ့ပါက သူမ၏ပြောင်းလဲမှုနှင့် ပတ်သက်သော သတင်းစကားများအတွက် အားကောင်းသော ပလက်ဖောင်းတစ်နေရာ ရရှိလိမ့်မည် ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးကို ကြီးစွာ သက်ရောက်စေမည် ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးတွင် သိသာစွာ ခြားနားသော အကျင့်စရိုက်များ ရှိနေသည်။ တူညီသော အချက်တစ်ခုကား နှစ်ဦးစလုံး အသက် ၆၆ နှစ်စီ ရှိနေခြင်း ဖြစ်သည်။ ယင်းတို့သည် ၁၉၄၅ ခုနှစ်တွင် မွေးဖွားပြီး နှစ်လကြီး နှစ်လငယ်များ ဖြစ်ကြသည်။ ထို့ကြောင့် နှစ်ဦးစလုံး၏ ကျန်းမာရေးအပေါ် အများက ဝိုင်းဝန်း မေးခွန်း ထုတ်နေကြသည်မှာလည်း တူညီသည့်အချက်တစ်ခု ဖြစ်သည်။

ဦးသိန်းစိန်တွင် နှလုံးရောဂါရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မူးဝေလာမှုကြောင့် မကြာမီက စည်းရုံးရေးခရီးတစ်ခုတွင် အခမ်းအနားကို အလျင်အမြန် အပြီးသတ်ခဲ့ရသည်။ ၂ဝဝ၉ ခုနှစ်က သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကလည်း သူမ၏ ကျန်းမာရေးအတွက် အထူး ပူပန်ခဲ့ရသည်။ ထိုစဉ်က ဆရာဝန်များက ရေဓာတ် ခမ်းခြောက်မှုနှင့် ကိုယ်အလေးချိန် လျော့နည်းမှုကို သတိပေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြသင့်သော အကြောင်းတစ်ခုမှာ မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ကြမ်းတမ်း ရက်စက်သော သမိုင်းကြောင်း ရှိခဲ့သည် ဆိုသည့် အကြောင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ နိုင်ငံလွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် ခြိမ်းခြောက်မှုများစွာ ခံခဲ့ရပြီး တစ်ကြိမ်တစ်ခါ လုပ်ကြံခံရသည့်အဖြစ်အပျက် ရှိခဲ့သည့် သာဓကလည်း ရှိသည်။ ဦးသိန်းစိန်အတွက်မူ အစ်ကိုတော်အရာရှိများသည် နှစ်ပေါင်းများစွာ အာဏာလွန်ဆွဲပွဲအတွင်း ပုံစံအမျိုးမျိုးနှင့် လွင့်စင် သွားသည်ချည်း ဖြစ်သည်။

အကယ်၍ သမတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားပါက မြန်မာနိုင်ငံသည် မည်သို့ ဖြစ်သွားနိုင်သနည်း ဆိုသည်ကို စာရေးသူအနေဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ခေတ်သစ်နိုင်ငံရေးတွင် ကိုယ်ရည်ကိုယ်သွေး၏ အင်အား (Power of Personality) သည် တန်ဖိုးဖြတ် သတ်မှတ်၍ မရနိုင်သော ဖဲချပ်ကဲ့သို့ ရှိချေ၏ဟုသာ ဆိုရတော့မည် ဖြစ်သည်။

ယခုအခါ စာရေးသူသည် ကာလရှည်ကြာကပင် ယုံကြည်မှုမရှိကြတော့သည့် Thomas Caryle ၏ သမိုင်း၏ မဟာလူသား သီအိုရီ (Great Man Theory of History) ကို ထပ်ဆင့်ဖြန့်ဝေခြင်း မပြုလိုတော့ပါ။ အရာရာတိုင်းသည် လူတစ်ဦးချင်းပေါ်တွင် မူတည်ခြင်း မရှိပေ။ ယင်းတို့၏ အရေးပါမှုကို ငြင်းချက်ထုတ်ခြင်းသည် အခြားအရာဝတ္ထုများကို မှေးမှိန်အောင် ပြုလုပ်ခြင်းလည်း မဟုတ်။ စာရေးသူ ယုံကြည်လာသောအချက်မှာ ဥပဒေများ၊ စီးပွားရေးများနှင့် ယဉ်ကျေးမှုတ္ထိုများကို မှေးမှိန်အောင် ပြုလုပ်ခြင်းလည်း မဟုတ်။ စာရေးသူ ယုံကြည်လာသောအချက်မှာ ဥပဒေများ၊ စီးပွားရေးများနှင့် ယဉ်ကျေးမှုတို့သည် လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးမှုအတွက် ကြီးစွာသော သက်ရောက်မှုများ ရှိသည်ဆိုသော အချက် ဖြစ်သည်။ သို့သော် လူသား၏ အခန်းကဏ္ဍကိုလည်း ဘယ်သောအခါမျှ လစ်လျူမရှုသင့်ပေ။

အမှန်တကယ်ပင် သမိုင်းထဲမှ ဖြစ်ရပ်တိုင်းတွင် ပိုကောင်းသော ဖြစ်စဉ်ဖြစ်စေ၊ ပိုဆိုးသွားသော ဖြစ်စဉ်၌ ဖြစ်စေ အဆိုပါအမှုအတွက် ဥပမာများစွာ တွေ့ရသည်။ ဗလာဒီမာပူတင်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယင်းကဲ့သို့သော စိတ်ဓာတ်ရှိသော KGB အရာရှိဟောင်းသည် ယနေ့ခေတ်သစ် ရုရှားအပေါ်တွင် တစ်ကိုယ်တော် လုပ်ဆောင်ချက်များ တံဆိပ်ရိုက်နှိပ်ထားသကဲ့သို့ ကျန်ရစ်သည်ကို ငြင်းပယ်ရန် လုံးဝခက်ခဲလိမ့်မည် ဖြစ်သည်။

ထိုနည်းတူပင် ယနေ့အရင်းရှင် ကွန်မြူနစ် တရုတ်သည် အဆိုပါလမ်းကြောင်းပေါ်တွင် ရှိနေရန် တစိုက်မတ်မတ် လုပ်ဆောင်တတ်သော လက်တွေ့ဝါဒီ တိန်ရှောက်ဖိန်က အသေးစိတ် စီမံခဲ့ခြင်းဖြစ်သည်။ ယနေ့ချိန်ခါတွင် ၁၉၇ဝ နှောင်းပိုင်းများဆီက တရုတ်နိုင်ငံတွင် လှေနံဓားထစ် မော်စီတုန်းဝါဒ လမ်းကြောင်းပေါ်တွင်သာ နေလိုပြီး ခေါင်းမာသော အထီးကျန်နေရေးနှင့် ဗဟိုကသာ စီမံသော ဝါဒကိုသာ ဖက်တွယ်ထားလိုသူ အလွယ်တကူ မေ့ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဝါဒကို ယင်းတို့ အဘယ်ကြောင့် ဖက်တွယ်ထားလိုသနည်း ဟူသည် ရေရာသော အကြောင်းပြချက် ရှိမည် မဟုတ်ပေ။ ယခု မြောက်ကိုရီးယားကိုသာ ကြည့်ပါ။ တိန်ရှောက်ဖိန်သည် အသာစီးရခဲ့ပြီး တရုတ်ကို လိုက်လျောညီထွေ အသွင်ပြောင်းနိုင်ခဲ့သည်။

ကျူးဘားကို ကက်စထရိုမပါဘဲ သို့မဟုတ် ဇင်ဘာဘွေကို မူဂါဘီမပါဘဲ စဉ်းစားကြည့်လိုက်ပါ။ အရိုးရှင်းဆုံး ပြောမည်ဆိုလျှင် ယင်းတို့နှစ်ဦး မရှိခဲ့လျှင် ယင်းတို့၏ နိုင်ငံသားများ ချမ်းချမ်းသာသာ နေနိုင်ခဲ့ကြမည် ဖြစ်သည်။ အတိတ်က ဝန်ထုတ်ဝန်ပိုးများ ကြီးမားစွာ ထမ်းထားရသော တိုင်းပြည်များတွင် ဒီမိုကရေစီသည် လွယ်လွယ်နှင့် မဖြစ်ပေါ်နိုင်ပေ။ သို့သော် အလွန်တရာ ဩဇာကြီးမားသော အဆိုပါခေါင်းဆောင် နှစ်ယောက် မရှိလျှင် အဆိုပါ နှစ်နိုင်ငံကို ယနေ့ မည်သို့ ရှိမည်ဆိုသည်ကို စိတ်ကူး ပုံဖော်ရန်ပင် ခဲယဉ်းလိမ့်မည် ဖြစ်သည်။

ပြောင်းပြန်ဖြစ်ရပ်များကလည်း မှန်ကန်သည်ကို တွေ့ရသည်။ အာရပ်နွေဦး၏ ထူးခြားသော လက္ခဏာတစ်ခုမှာ ဆန့်ကျင်ရေး အင်အားစုများအတွက် အားထားရာ ဩဇာလွှမ်းမိုးနိုင်သည့် တော်လှန်ရေး ခေါင်းဆောင်များ မရှိခြင်းပင် ဖြစ်သည်။ ထိုသို့ မရှိရခြင်းမှာ ထိုဒေသတွင် နှစ်ပေါင်းများစွာ အာဏာရှင် အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ကဒါဖီများနှင့် မူဘာရတ်များသည် အစွမ်းအစရှိသော အစိုးရ ဆန့်ကျင်သူများကို ကနဦးကတည်းက နှိပ်ကွပ်ရာတွင် ကြီးမားသော လုံ့လနှင့် ငွေကြေးကို ပုံအော အသုံးပြုခဲ့သည်။ အာရပ် အာဏာရှင်စနစ်ကို တော်လှန်ခဲ့သူ အများစု၏ အမည်များကို မသိနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အများစုမှာ မြေအောက် အချုပ်ခန်းထဲတွင်ပင် အသတ် ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။

ဆီးရီးယားမှ ပြုပြင်ပြောင်းလဲလွယ်သော အတိုက်အခံများမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်။ အတိုက်အခံတွင် အလွန်တော်သော လူ့အခွင့်အရေး လှုပ်ရှားသူများ ပါဝင်သော်လည်း အများစုသည် ပြည်ပတွင်သာ နေထိုင်ကြသည်။ ထို့ကြောင်း ယင်းတို့သည် အစိုးရတပ်များ၏ လက်ရှိ ဖိနှိပ်မှုကို ခံစားရသော ပြည်သူများ၏ စကားသံကို မကြားနိုင်ပေ။ အသစ်ထွက်ပေါ်လာသော တိုင်းပြည်တွင်းမှ လှုပ်ရှားသူများတွင် အတွေ့အကြုံနည်းပြီး လူသိနည်းပါးသည်။

တော်လှန်ရေးနှင့် ဆိုင်သော အခြေအနေသည် အဓိပ္ပာယ်ဖွင့်ဆိုမှု အရ ချွင်းချက်များ ရှိသည်။ ရုတ်တရက် ပြောင်းလဲမှုများမှ ထွက်ပေါ်လာသော ရှုပ်ထွေးမှုများသည် ရက်ဒီကယ်သမားများကို အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ ဖြစ်သည်။ ရက်ဒီကယ်သမားများသည် ယင်းတို့၏ တစ်ကိုယ်ရည် ဆွဲဆောင် နိုင်စွမ်းအားဖြင့် ဘဝနှင့် နီးစပ်သော ကိစ္စများသော်လည်းကောင်း၊ စိတ်ခံစားမှုမှ ဖြစ်ပေါ်သော ကိစ္စရပ်များကိုသော်လည်းကောင်း အခြေအနေကို အခွင့်ကောင်းယူကာ လူထုကို ဆွဲဆောင်နိုင်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ အစွမ်း စသည့် အသွင် ကူးပြောင်းရေး အခြေအနေတွင် အထူး အရေးပါသည်ဟု ငြင်းချက် ထုတ်မည် ဆိုပါက ထုတ်နိုင်သည်။ ဥပဒေများ၊ အဖွဲ့အစည်းများအားနည်းသည့်အခါ အာဏာပိုင်များလည်း မရေရာသည့်အချိန်နှင့် အများလက်ခံသော စံများ ပျက်ပြားနေချိန်များတွင် ပုဂ္ဂိုလ်ရေးအစွမ်းအစ လိုအပ်ပါသည်။

အဆိုပါ အခြေအနေများတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးသည် အကျိုးများစေနိုင်သော ကဏ္ဍမှ ပါဝင်လှုပ်ရှားနိုင်သည်။ ယခုအပတ် အစောပိုင်း တစ်ညနေတွင် စာရေးသူသည် တောင်အာရိက သမ္မတဟောင်း F.W.de Klerk ၏ ပြောပြမှုအား နားထောင်ခဲ့သည်။ ယင်းက ၁၉၉ဝ နှစ်များ အစောပိုင်းကာလများက တောင်အာဖရိက၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှ ယင်း၏ ကိုယ်ပိုင် အတွေ့အကြုံများကို စဉ်းစားမိပုံအား ပြောပြခဲ့သည်။ ထိုစဉ်က de Klerk သည် အာဏာရ နေရှင်နယ်ပါတီနှင့် တောင်အာဖရိက အစိုးရအဖွဲ့ အကြီးအကဲဖြစ်ရာ ယင်းသည် နိုင်ငံရေး စနစ်သစ်တွင် အနည်းစုသော လူဖြူများ၏ ချုပ်ကိုင်ထားမှုကို စွန့်၍ အများစုဖြစ်သော လူမည်းများ အုပ်ချုပ်နိုင်အောင် လမ်းခင်းပေးရန် မဟာဗျူဟာကျသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

de Klerk သည် ပုဂ္ဂိုလ်ရေးပါဝါဖြင့် ထိုမျှ အရေးပါသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ခဲ့ခြင်းကို မအံ့ဩသင့်လှပေ။ အဆိုးကို ရှာကြံ မြင်တတ်သူများက သေချာပေါက် ပြောပေလိမ့်မည်။ ယင်းသည် အသားရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွင် ယင်း၏ကဏ္ဍကိုသာ ပြောရန် စိတ်ဝင်စားသူဟု ဆိုကြပေလိမ့်မည်။ သမိုင်းအရ သေချာသော အင်အားစုများက အသားရောင် ခွဲခြားမှုကို တိုက်ဖျက်တော့မည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် လူမှန် နေရာမှန် ရောက်နေသော de Klerk အဖို့ အားလုံး၏ လက်ခံမှုရအောင် မလုပ်သင့်ပေဘူးလော ဟု မေးခွန်း ထုတ်စရာ ရှိသည်။

ထိုစဉ်က တောင်အာဖရိက နိုင်ငံ၏ အခြေအနေသည် မည်သည့် လမ်းကြောင်း သွားမည်ဟု ကြိုတင် စီမံထားသည့် လမ်းမရှိဟု ဆိုရမည် ဖြစ်သည်ကို ယနေ့ ဆယ်စုနှစ်များစွာ ကြာသောအခါ အလွယ်တကူ မေ့သွားနိုင်ပေသည်။ ထိုစဉ်က ရက်စက်ကြမ်းကြုတ်သော မင်းမဲ့စရိုက်များ ရှိခဲ့သည်။ ပြည်တွင်းစစ်များ ရှိခဲ့သည်။ ကျောက်နံရံများ ကာပြီး နေထိုင်ကြသော ခေါင်းမာသည့် လူဖြူ လူနည်းစု ရှိသည်။ ထိုလမ်းကြောင်းများကဲ့သို့ ဖြစ်ပျက်သွားနိုင်ခဲ့သော အခြေအနေများလည်း ရှိခဲ့သည်။

ထိုအဖြစ်အပျက်တွင် de Klerk က ပြောခဲ့သည်မှာ ပြည်သူများအတွင်း အချင်းချင်း ဆက်ဆံရေး မကောင်းခဲ့ခြင်းမှာ ညှိနှိုင်းမှုများ မအောင်မြင်အောင် အဓိက အတားအဆီး ဖြစ်ပြီး ရှေ့ဆက်သွားမည့် တည်ဆောက်ရေးအတွက် အများသဘောတူညီချက်ယူရေး လုပ်ငန်းစဉ်တွင် အနုတ်လက္ခဏာ ဆောင်ကြောင်း ပြောခဲ့သည်။ ယင်းပြောခဲ့သည်မှာ မှန်ကန်သည်ဟု စာရေးသူ ယုံကြည်သည်။ (ထိုနေရာတွင် ယင်းက ၁၉၉၅ ခုနှစ်တွင် အစ္စရေး ဝန်ကြီးချုပ် ယစ်ဇတ်ရာဘင် အသတ်ခံရမှုကို စိတ်မကောင်းကြောင်း၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ကြောင်း ဖော်ပြခဲ့သည်) စွမ်းအားရှိသော ပုဂ္ဂိုလ်၏ တန်ဖိုးကို သိသူအား ပြပါဆိုလျှင် de Klerk ကိုသာ ပြရမည်ဖြစ်သည်။ ယင်းသည် မင်ဒဲလား အကြောင်းကို လေးစားမှုအပြည့်ဖြင့် ပြောပြနေနိုင်သေးသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထက်က ဆိုခဲ့သော မူများအတိုင်း ဖြစ်ပျက်နေသည်ကို မိမိတို့ တွေ့မြင်နိုင်ပါသည်။ ဦးသိန်းစိန်သည် ယခင်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ်များစွာ အပုပ်ချခဲ့သလို မပြုမူဘဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ရန် ကြိုးစားပြီး တိုးတက်မှုအတွက် အရေးကြီးသော ကြိုတင် သတ်မှတ်ချက်များ ရယူနိုင်ခဲ့သည်။ အရာရသည် ချောမွေ့စွာ ဖြစ်ပျက်လိမ့်မည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။ သို့သော် အနည်းဆုံးအနေဖြင့် မျှော်လင့်ချက်အတွက် အခြေခံကောင်းများ ရရှိခဲ့သည်။

အာရပ်နွေဦး တိုင်းပြည်များမှ ပြသော ပုံရိပ်သည် ယင်းတို့အနေဖြင့် မျှော်လင့်ချက်များ ပျောက်ဆုံးနေရသည့် သဘောကို ပြသနေသည်။ de Klerk က "ခေါင်းဆောင်တွေဆိုတာ စက်ရုံက ထုတ်သလို ထုတ်လို့မရဘူး။ အင်တာနက်မှာ အော်ဒါမှာလို့ မရနိုင်ပါဘူး" ဟု ဆိုသည်။ ပြောဆိုချက် မှန်ကန်လှပေသည်။ အနာဂတ် မျိုးဆက်များ အကျိုးအတွက် ပြောရမည် ဆိုလျှင် ယခုအချိန်သည် ခေါင်းဆောင်သစ်များ မည်သို့ မွေးထုတ်မည် ဆိုသည်ကို စတင် စဉ်းစားရမည့် အချိန်ပင် ဖြစ်သည်။

*****************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment