Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. လူ့အခွင့်အရေး ကာကွယ်ရာတွင် စိတ်ပါလက်ပါ ဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလကိုယ်စားလှယ် တိုက်တွန်း

(UN News Center မှ 12 March 2012 ရက်စွဲပါ UN experts calls on Myanmar to take active approach to protect human rights ကို ဘာသာ ပြန်ဆိုသည်)

  1. သီရိလင်္ကာ ကူးသန်းရောင်းဝယ်ရေးဘဏ် အာရှဒေသတွင် တိုးချဲ့ဖွင့်လှစ်မည်

(Colombopage.com မှ 12 March 2012 ရက်စွဲပါ Sri Lanka's Commercial Bank to expand into Asian region ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်တို့ ရှားပါးသတ္တုမြေများ တင်ပို့မှုကန့်သတ်ခြင်းအပေါ် အမေရိကန်တို့ စိန်ခေါ်

(BBC news မှ 12 March 2012 ရက်စွဲပါ US set to challenge China rare earth export restriction ကို ဘာသာ ပြန်ဆိုသည်)

  1. အစိုးရ၏ပြောင်းလဲမှုသည် အစစ်အမှန်ဖြစ်သည်

(New Strait Times မှ 12 Mar 2012 ရက်စွဲပါ Myanmar transition is for real သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**********************************************************************

လူ့အခွင့်အရေး ကာကွယ်ရာတွင် စိတ်ပါလက်ပါ ဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလကိုယ်စားလှယ် တိုက်တွန်း

(UN News Center မှ 12 March 2012 ရက်စွဲပါ UN experts calls on Myanmar to take active approach to protect human rights ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးနှင့် ကြာရှည်ခံ ငြိမ်းချမ်းရေး၊ ပြန်လည် သင့်မြတ်ရေးတို့ကို ဖြစ်ပေါ်စေမည့် ပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော်ခြင်းကို စိတ်ပါလက်ပါ အင်တိုက်အားတိုက် လုပ်ဆောင်ရန် လွတ်လပ်သော ကုလသမဂ္ဂ ကိုယ်စားလှယ်က အစိုးရကို တိုက်တွန်းလိုက်သည်။

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာ တင်သွင်းလိုက်သာ အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားက "မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးကို ကာကွယ်ပေးမည့် မူဝါဒများ ချမှတ်ရန် မြန်မာအစိုးရက အပြုသဘောဆောင်ရွက်နေသော အဆင့်များကို ကြိုဆို ထောက်ခံသည်" ဟု ပြောကြားခဲ့သော်လည်း ဥပဒေပြုမူဝါဒများ၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုများ၊ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးရေး ကိစ္စများ၊ တိုင်းရင်းသားအုပ်စုများ စသော စိုးရိမ်စရာ လူ့အခွင့်အရေး ပြဿနာများကို ဖြေရှင်းရန် ကျန်ရှိနေဆဲ ဖြစ်သည်ဟု သတိပေး ပြောဆိုခဲ့သည်။

ကုလသမဂ္ဂက ခန့်အပ်ထားသော မြန်မာလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနားသည် နိုင်ငံရေအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့သူ ဖြစ်သည်။ မစ္စတာကင်တားနားက ယင်းအနေဖြင့် အစိုးရက ၄ ကြိမ် ခွဲခြားထုတ်ပြန်သော လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှုများကို ကြိုဆိုသော်လည်း ကျန်ရှိ နိုင်ငံရေး အကျဉ်းသားအရေအတွက် ကွဲလွဲနေမှုအပေါ် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်းနှင့် ထို့အတွက် တိကျသော အရေအတွက်ကို ဆုံးဖြတ်ရန် စွပ်စွဲခံမှတ်တမ်းများကို ဖြေရှင်းရန် ကျယ်ကျယ်ပြန့်ပြန့် စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ဖို့ တိုက်တွန်းပါသည်ဟု လူ့အခွင့်အရေး ကောင်စီသို့ ပြောကြားခဲ့သည်။

ကုလအထူး ကိုယ်စားလှယ်က ယင်း၏ သုံးသပ်ချက်အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်းမှ ဆင်းရဲမွဲတေမှုနှင့် ဘေးကင်းလုံခြုံမှု ကိစ္စများကိုအဓိက ဦးတည် တင်ပြထားပြီး အထူးသဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို နေရာ အနည်းငယ်၌ ကွက်၍ ဆောင်ရွက်နေခြင်းထက် တောင်တန်း နယ်ခြားဒေသများ အပါအဝင် လူ့အဖွဲ့အစည်း အားလုံး သေချာပေါက် ပါဝင်လုပ်ဆောင်ခွင့် ရှိရန် မရှိမဖြစ် အရေးတကြီး လိုအပ်သည်ဟု အလေးအနက် ထုတ်ဖော် တင်ပြထားသည်။မစ္စတာကင်တားနားက ဆက်လက် တင်ပြရာတွင် နိုင်ငံတွင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စီမံချက်ကို တိုးမြှင့်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများ၏ ဆိုးကျိုးပေးမှုကို ခံရသော အပိုင်းများ၊ လယ်ပိုင်ရှင်များနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို အကာအကွယ်ပေးမည့် သင့်လျော်သော စီမံချက်များ နောက်ဆက်တွဲ လိုက်ပါလာရန် လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် နာတာရှည်အမြစ်တွယ်နေသော တိုင်းရင်းသား ပဋိပက္ခ ပြဿနာကို ဖြေရှင်းရန် တရားဝင် တွေ့ဆုံ ဆွေးနွေးသည့် အစီအစဉ်ကို တိုးတက်မှု ရှိအောင် ပြုလုပ်ရန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပြီး ဤကိစ္စသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး၊ လူမှုရေး ရေရှည် တည်ငြိမ်မှု အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အစီအစဉ် ဖြစ်သည်ဟု ကင်တားနားက ပြောသည်။

ဧပြီ ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် မည်ရွေ့မည်မျှ တိုးတက်မှု ရှိသည်ကို အဓိက စမ်းသပ်မည် ဖြစ်သောကြောင့် လွတ်လပ်၊ မျှတ၊ ပွင့်လင်း မြင်သာ၊ ကျယ်ပြန့်မှု ရှိရန် မရှိမဖြစ် လိုအပ်သည်ဟုလည်း ကင်တားနားက ဆိုသည်။ ကုလကိုယ်စားလှယ်က ဆက်လက် သုံးသပ်ပြောကြားရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းမှ မြန်မာပြည်သူများကို ထောက်ခံ အားပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း တာဝန်ရှိကြောင်း ထောက်ပြ ပြောဆိုလိုက်ပြီး မြန်မာအစိုးရကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးရုံး UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ လမ်းညွှန်မှုကို ခံယူရန် တိုက်တွန်း ပြောကြားသွားခဲ့သည်။

************************************************************

သီရိလင်္ကာ ကူးသန်းရောင်းဝယ်ရေးဘဏ် အာရှဒေသတွင် တိုးချဲ့ဖွင့်လှစ်မည်

(Colombopage.com မှ 12 March 2012 ရက်စွဲပါ Sri Lanka's Commercial Bank to expand into Asian region ကို ဘာသာ ပြန်ဆိုသည်)

သီရိလင်္ကာ ကူးသန်းရောင်းဝယ်ရေးဘဏ် ဖြစ်သော Dinesh Weerakkoly သည် အနာဂတ်၌ နီပေါ၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့တွင် ဈေးကွက်ချဲ့ထွင်သော အနေဖြင့် တိုးချဲ့ဖွင့်လှစ်မည်ဟု အဆိုပါ ဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဥက္ကဋ္ဌသည် ယင်းကိစ္စကို ဘဏ်၏ ၂ဝ၁၁ နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ သီရိလင်္ကာ ကူးသန်း ရောင်းဝယ်ရေးဘဏ်သည် ဘင်္ဂလားဒေ့ရှ်တွင် ငွေထုတ်ပေးရာဌာန ၁၇ ခုဖြင့် ဖွင့်လှစ်ထားသည်။ ယင်းဘဏ်သည် ပြီးခဲ့သည့်နှစ်က အမြတ်ခွန်ပေးပြီး အမြတ်ငွေ ရူပီး ၈ ဘီလျံ ရရှိခဲ့ကာ ဒေသတွင်း အရေးပါသော ပလေယာတစ်ဦး ဖြစ်ရန် ရည်မှန်းထားလျက် ရှိသည်။

************************************************************

တရုတ်တို့ ရှားပါးသတ္တုမြေများ တင်ပို့မှုကန့်သတ်ခြင်းအပေါ် အမေရိကန်တို့ စိန်ခေါ်

(BBC news မှ 12 March 2012 ရက်စွဲပါ US set to challenge China rare earth export restriction ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်သည် တရုတ်က ရှားပါးသတ္တုပါသော မြေများ (rare earth)များ တင်ပို့ခြင်းကို ကန့်သတ်ထားခြင်းအား စိန်ခေါ်သည့်အနေဖြင့် ကမ္ဘာ့ ကုန်သွယ်မှုအဖွဲ့ (WTO) တွင် တရုတ်အား အမှုဖွင့်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အီးယူနှင့် ဂျပန်တို့ကလည်း အဆိုပါ အမှုကိစ္စတွင် အမေရိကန်အား ထောက်ခံလိမ့်မည်ဟု မျှော်လင့်ရသည်။

ဘေဂျင်းသည် အဆိုပါရှားပါးသတ္တုမြေများ တင်ပို့ခြင်းကို အရေအတွက် ကန့်သတ်ထားသည်။ ယင်းသတ္တုများသည် အဆင့်မြင့် နည်းပညာသုံး ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသည်။ တရုတ်သည် မြေကြီးများတင်ပို့မှုကို ကန့်သတ်ပြီး ဈေးတင်ရန် ကြိုးစားနေသည်ဟု အမေရိကန်က ဆိုသည်။ တရုတ်သည် ကမ္ဘာပေါ်တွင် ရှားပါးမြေ အများဆုံးတင်ပို့သော နိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးက ထွက်ရှိသော ရှားပါးမြေ၏ ၉၅% ကျော် ထုတ်လုပ်လျက်ရှိသည်။ ယင်းမြေများ တင်ပို့ခြင်းအတွက် တရုတ်မှ ကန့်သတ်လိုက်ခြင်းသည် ကမ္ဘာ့ဈေးတက်စေရန် သက်ရောက်မှုများ ရှိစေမည်ဖြစ်သည်။ တရုတ်သည် ရှားပါးမြေ ပို့ကုန်တင်ပို့မှုကို ကန့်သတ်ခြင်းကြောင့် တရုတ်ပြည်တွင်း၌ ဈေးပေါနေမည်ဖြစ်ရာ ထုတ်လုပ်သူများက မတရားသဖြင့် အသာစီး ရယူနိုင်ကြောင်း ဝေဖန်သူများက စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။

သို့ရာတွင် တရုတ်ကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အဆက်မပြတ် တူးဖော်မှုကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်သောကြောင့် အရေအတွက် ကန့်သတ်ရခြင်း ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်အစိုးရသည် အဆိုပါကိစ္စကို WTO သို့ အင်္ဂါနေ့တွင် တင်ပြမည် ဖြစ်ကြောင်း Reuters၊ AFP နှင့် AP သတင်းဌာနတို့ အဆိုအရ သိရသည်။

*************************************************************

အစိုးရ၏ပြောင်းလဲမှုသည် အစစ်အမှန်ဖြစ်သည်

(New Strait Times မှ 12 Mar 2012 ရက်စွဲပါ Myanmar transition is for real သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အာရှနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ တည်ငြိမ်မှု၊ ကြီးပွားမှုတို့ အတွက် မြန်မာနိုင်ငံက ဖော်ထုတ်ပြသနေသော အခွင့်အလမ်းကို အတိုင်းထက်အလွန်ဟု ဆိုချင်ပါသည်။

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီကူးပြောင်းရေး ကနဦး အဆင့်များကို ဖြတ်ကျော်လျက် ရှိသည်။ သယံဇာတကြွယ်ဝသော်လည်း ဆင်းရဲတွင်းနက်နေသော နိုင်ငံ သည် အတိတ်မှ နာကျင်မှုများ၊ ခါးသီးမှုများကို စတင်ကုစားလျက် ရှိသည်။

ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်အတူ ခရီးဆက်နေသည့် ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှ ရှိရင်းစွဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှ ရှိရင်းစွဲ ဖြောင့်မတ်သော ဆက်ဆံရေးကို ဆက်လက် အရှိန်မြင့်ပေးပါလိမ့်မည်။

အမှန်စင်စစ် ငြိမ်းချမ်ရေးကို ဦးတည်ရာလမ်းသည် ဆူးခင်းလမ်းတစ်ခုသာ ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၆၀ ပြည်တွင်းစစ် အလွန်တွင် ဆန့်ကျင်ဖက် အုပ်စုများအားလုံး ပျော့ပြောင်း လိုက်လျောမှုများကို ပြသလာကြသည်။ ကျိုးလွယ် ပဲ့လွယ် အသွင်ကူးပြောင်းမှုကို ဂရုတစိုက် ပြုစု ပျိုးထောင်ပေးကာ အားပေးပံ့ပိုးကြရပါလိမ့် မည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးစွာကြိုးပမ်းခြင်းသည် အရေးကြီးဆုံးလိုအပ်ချက်တစ်ခု ဖြစ်ပြီး ပြည်တွင်းဒီမိုကရေစီ လမ်းကြောင်း ပေါ်ထွက်လာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးရေးစသည်တို့ မှာလည်း စောစောစီးစီး လုပ်ဆောင်ကြရမည့် ကိစ္စများဖြစ်သည်။ ငြိမ်းချမ်းမှု မရှိပါက မဖွံ့ဖြိုးနိုင်သကဲ့သို့၊ ဖွံ့ဖြိုးမှု မရှိပါကလည်း ငြိမ်းချမ်းမည် မဟုတ်ပေ။

မကြာသေးမီကအထိ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရန်ပင်ခက်ခဲခဲ့ကြသည်။ ခေါင်းဆောင်များသည် ယခုအခါ အပြန်အလှန် ဆွေးနွေးစကား ဆိုနေကြလေပြီ၊ မြန်မာနိုင်ငံ၏ အနာဂတ်ကို အုတ်မြစ်ချ၊ ပျိုးကြဲမည့် ခက်ခဲ ကြာရှည်သော လုပ်ငန်းစဉ်ကို သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ကောင်းစွာ လုပ်ဆောင်နေကြသည့် လက္ခဏာ ရှိသည်။

မြန်မာနိုင်ငံ၏ ရှေ့ခရီးမှာ စိန်ခေါ်မှုများ ပြည့်နေသော်လည်း ယခုအချိန်ထိ မြင်တွေ့နေရသော အလုပ်သမား သမဂ္ဂ ဥပဒေ၊ ဆန္ဒပြခွင့်၊ ပိုမို လွတ်လပ်လာသော မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်းများ ပေါ်ထွက်လာမှု၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမှု၊ လက်နက်ကိုင်အုပ်စုများနှင့် စေ့စပ်ညှိနှိုင်းမှု စသော ပြောင်းလဲ တိုးတက်မှုများမှာ အားကျ အထင်ကြီးစရာ ကောင်းနေပေသည်။ ဤကိစ္စများအားလုံးသည် နိုင်ငံရေးနှင့် ပတ်သက်၍ ပြုစု ပျိုးထောင်မှုများပင် ဖြစ်သည်။

ပြည်တွင်းရေးကို ပြည်တွင်း၌သာ ရှင်းနိုင်မည့် လမ်းကြောင်းမှာလည်း တံခါးဖွင့်နေပြီဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင်းမှ သက်ဆိုင်ရာ အင်အားစုများကို အားပေးတိုက်တွန်းကာ တွန်းရွှေ့ သွားကြမည်ရမည် ဖြစ်ပြီး မြန်မာတို့သူ့ကိုယ်သူ ယုံကြည်မှုရှိလာအောင် လှုံ့ဆော်အား ပေးကြရမည်။ အပြောင်းအလဲအတွက် စတင်မှုအရှိန်အဟုန်ခွန်းအားသည် အတွင်းမှသာ(ပြည်တွင်းမှသာ) ထွက်ပေါ်လာရမည်ဖြစ်သည်။

ကွင်းအပြင်မှ အသိုင်းအဝိုင်း(ပြည်ပအသိုင်းအဝိုင်း)အနေဖြင့် ကွင်းထဲမှ လူများအတူတကွ လိုက်လျော ညှိနှိုင်း ရပ်တည်နိုင်ကြအောင် အားပေး တိုက်တွန်းကြရပါမည်။ ဤလမ်းကြောင်းသည် လမ်းဟောင်းကို ကျောခိုင်းကာ တောက်ပသော အနာဂတ်ဂါတ်ကို လှမ်းမျှော်လိုကြသည့် ပြည်သူများနှင့် အဖွဲ့အစည်းများ အတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။

အသွင်ကွင်းပြောင်းမှု ဆိုသည်မှာ အလွန်တရာ ကျယ်ပြန့်ခက်ခဲသော ကိစ္စရပ်တစ်ခုဖြစ်၍ လက်များစွာ ပါဝင်ကြရန်၊ အထူးသဖြင့် မြန်မာတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရန် လိုအပ်ပါသည်။ ကွင်းအပြင်မှ လူများအနေ ဖြင့် မြန်မာတို့၏ ပြည်တွင်းရေးပြောင်းလဲမှုကို မလိုအပ်ပဲ မစွက်ဖက်သင့်ပေ။ နိုင်ငံတွင်း အုပ်စုအားလုံး၏ တာဝန် မှာ အတူတကွ ဆောင်ရွက်ကြရန်နှင့် ကမန်းကတန်းဖြစ်နေမှုကို အရှိန်လျော့ပေးရန်ပင်ဖြစ်သည်။ အသွင်းကူး ပြောင်းမှုကို ချောမွေ့စွာ ကိုင်တွယ် ဆောင်ရွက်ခြင်းသည် မြန်မာပြည်သူတိုင်း၏ အကျိုးစီးပွားဖြစ်ပေသည်။

ထို့အပြင် ဘေးလူများအနေဖြင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆိုင်ရာဆိုင်ရာ မဟာဗျူဟာမြောက် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆိုင်ရာဆိုင်ရာ မဟာဗျူဟာမြောက် အကျိုးစီးပွားများ၊ အစီအစဉ်များအပေါ် အလွန်အကျွံ ဖိအားပေးမှုများ မပြုလုပ်ကြရန် လိုပါသည်။ ယခုအခါသူတို့နှစ်ဦး အတူတကွ စတင်ဆောင်ရွက်နေကြပြီ ဖြစ်ရာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နောက်တစ်လှမ်းဆုတ်ပေး၍ စောင့်ကြည့်ရမည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံလို အပယ်ခံ အာဏာရှင်နိုင်ငံ၏ ပေကတ်ကတ်ဖြင့် စတင်ပြောင်းလဲမှုကို နိုင်ငံတကာစံနှုန်းဖြင့် တသမတ်တည်း တိုင်းတာနေကြသော ဘေးလူများ(ကွင်းအပြင်မှလူများ)၏ လုပ်ရပ်မှာ အတွေးအခေါ်နည်းရာ ရောက်ပေသည်။

နိုင်ငံတစ်ခုကို ကိုယ်စားပြုသော အစိုးရသည် သူ့နိုင်ငံ၏ ကိုယ်ပိုင်ဟန်ကိုသာ ထင်ဟပ်ပြသသင့်သည့် အခြားနိုင်ငံများ၊ အစိုးရများနှင့်တူစရာမလိုပါ။ “သူတို့နိုင်ငံ အတွက်၊ သူတို့လမ်းကြောင်းအတွက် ခင်ဗျားကိုယ်တိုင်စနစ်တကျဝင်လုပ်ပေးတာထက် သူတို့ ကိုယ်တိုင် မသေမသပ် လုပ်ခွင့်ရတာက ပိုပြီးကောင်းပါတယ်။ ခင်ဗျားက ခဏတစ်ဖြုတ်ပဲ ဝင်ပါနိုင်မှာပါ”ဟု TE.Lawrence က ဆိုသည်။ မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံး ဆိုင်ရာ အသွင်ကူးပြောင်းမှုသည် မြန်မာပြည်သူများ ကိုယ်တိုင်နှင့်သာ ပတ်သက်သည်။ နိုင်ငံတည်ဆောက်ခြင်း ကိစ္စများ၊ အုပ်ချုပ်စီမံမှု ကိစ္စများအားလုံး အချိန်ယူဖို့လိုသည် အချိန်ပေးရန် လိုသည်။

မည်သည့်နိုင်ငံမဆို မိမိတို့၏ ဒီမိုကရေစီပုံစံကို ပုံတူကူးရန် မြန်မာနိုင်ငံအပေါ်ဖိအားပေးကြိုးစားခြင်း မပြုသင့်ပါ။ ဤကိစ္စသည် ကိုယ်ပိုင် ခြံထွက်ပစ္စည်း တစ်ခုသာဖြစ်၍ မြန်မာတို့၏ ခြံထွက်ကြိုးပမ်းအားထုတ်မှု ရလဒ်များကိုသာ နိုင်ငံတကာ အသိုင်းအဝိုင်းက အားပေးတိုက်တွန်းသင့်ပါသည်။ ဤနည်းသည် အောင်မြင်မှုနှင့် ဂုဏ်သိက္ခာအတွက် တခုတည်းသော နည်းလမ်းဖြစ်သည်။

တစ်ချိန်တည်းတွင် မြန်မာအစိုးရအပေါ် ဒဏ်ခတ်ထားသော Sanctions များကို ဖယ်ရှားပေးကြရမည့် ပြင်ပနိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စီးပွားရေးဆက်ဆံမှုများ၊ ထောက်ပံ့ကူညီမှုများ၊ အခြေခံ အဆောက်အဦးနှင့် ပညာရေး အစီအစဉ်များကို အားကောင်းအောင် တိုးမြှင့်ခြင်းဖြင့် မြန်မာတို့၏ အမျိုးသား ပြန်လည်သင့်မြတ်သူများနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံသည် မြန်မာတို့နှင့် အံဝင်ခွင်ကျရှိပြီး၊ အခြားသူများထက်ပို၍ မညံ့သောဒီမိုကရေစီကိုယ်ပိုင်း ဟန်တစ်မျိုးကို ဖော်ထုတ်မည့် လက္ခဏာ ရှိသည်။ လတ်တလောမြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် ထိလွယ် ခိုက်လွယ်၊ ကျိုးလွယ်ပဲ့လွယ်အကဲခတ်သည့် လက္ခဏာရှိနေပါသည်။ မည်သို့ပင် ဖြစ်စေ မြန်မာ့ဒီမိုကရေစီ အပင်ပေါက်ကလေး ရှင်သန်ဖွံ့ဖြိုးကာ ပန်းများ ပွင့်လာလိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်ပါသည်။ နောက်ထပ် ဆယ်စုတစ်စု ကျော်လျှင် မြန်မာသည် အာဆီယံ၌ အရေးပါသော ပလေယာတစ်ဦး ဖြစ်လာဖွယ် ရှိသည်။

********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment