Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဗီယက်နမ်ဆိပ်ကမ်းသို့ မြန်မာစစ်သင်္ဘောများ ဆိုက်ကပ်

(Thanh Nien News မှ 12 March 2012 ရက်စွဲပါ Myanmar warships dock in central Vietnam ကို ဘာသာ ပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲရေး အစိုးရက လစ်လျူရှုနေဆဲ ရပိုင်ခွင့်များ

(The New York Times မှ 15 March 2012 ရက်စွဲပါ Matthew F. Smith ရေးသားသော Where Myanmar keeps trampling rights ကို ဘာသာ ပြန်ဆိုသည်)

************************************************************************

ဗီယက်နမ်ဆိပ်ကမ်းသို့ မြန်မာစစ်သင်္ဘောများ ဆိုက်ကပ်

(Thanh Nien News မှ 12 March 2012 ရက်စွဲပါ Myanmar warships dock in central Vietnam ကို ဘာသာ ပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံသို့ ၃ ရက်ကြာ တရားဝင်ခရီးစဉ် လာရောက် လည်ပတ်သော မြန်မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောနှစ်စီးသည် ဗီယက်နမ်နိုင်ငံ အလယပိုင်း ဒါနန်းမြို့တော် တီယန်ဆာ ဆိပ်ကမ်းသို့ တနင်္လာနေ့က ဆိုက်ကပ် ရောက်ရှိခဲ့သည်ဟု သိရသည်။

မဟာဗန္ဓုလ (F-21) နှင့် မဟာသီဟသူရ (F-23) ဖရီးဂိတ် စစ်သင်္ဘောနှစ်စီးစလုံးသည် ၁ဝ၃.၂ မီတာ ရှည်လျား၍ အကျယ် ၁ဝ.၈ မီတာ ရှိသည်ဟု ဆိုသည်။ တစ်စီးလျှင် တပ်ဖွဲ့ဝင် ၁၂၃ ဦးစီ အသီးသီး လိုက်ပါလာသော ရေတပ်အရာရှိများနှင့် ရေတပ်သင်္ဘောသာများသည် ဒါနန်းမြို့တော် ပြည်သူ့ ကော်မတီ ခေါင်းဆောင်များနှင့်လည်းကောင်း၊ အမှတ် ၃ ဒေသ ရေတပ်ကွပ်ကဲမှု ဌာနချုပ်သို့ လည်းကောင်း သွားရောက် တွေ့ဆုံ နှုတ်ဆက်ကြမည်ဟု သိရသည်။ ထို့အပြင် ဒါနန်းမြို့တော်အနီး ကွမ်နန်ခရိုင်မှ နာမည်ကျော် ဟွိုင်အန်မြို့ကိုလည်း သွားရောက်လည်ပတ်ကြမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသို့ မြန်မာစစ်သင်္ဘောများ လာရောက်လည်ပတ်မှုသည် ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး ဒါနန်းဆိပ်ကမ်းသို့ ယခုနှစ်တွင် ပထမဆုံး ရောက်ရှိ ဆိုက်ကပ်သော စစ်သင်္ဘောများလည်း ဖြစ်သည်ဟု ဆိုသည်။

***********************************************************

ပြုပြင်ပြောင်းလဲရေး အစိုးရက လစ်လျူရှုနေဆဲ ရပိုင်ခွင့်များ

(The New York Times မှ 15 March 2012 ရက်စွဲပါ Matthew F. Smith ရေးသားသော Where Myanmar keeps trampling rights ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာက မြန်မာအပေါ် အကောင်းမြင်မှုအရှိန်အဟုန်မှာ အမြင့်ဆုံးသို့ ရောက်လျက်ရှိသည်။ အစိုးရသည် မကြာမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်သို့ ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း လမ်းပေါ်ထွက်လာနိုင်ပြီး မီဒီယာဆင်ဆာများကိုလည်း ဖြေလျော့ပေးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် မူဝါဒချမှတ်သူများသည် အမှန်တကယ် လေးစားလျက်ရှိသည်။

သို့သော်မြန်မာအစိုးရသည် လူ့အခွင့်အရေးကို မည်မျှအထိ တိုးတက်အောင် လုပ်ဆောင်နိုင်မည်နည်း။ ဝေးလံခေါင်းပါးသော မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်သည် ပြီးခဲ့သည့်ဇွန်လကစ၍ ကချင်စစ်တပ် KIA နှင့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှုအား ချိုးဖောက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲများ ဖြစ်ရာတွင် မြန်မာစစ်တပ်သည် ကချင်အရပ်သားများနှင့် ရွာသားများအပေါ် ပြင်းထန်သော ပြစ်မှုများ ကျူးလွန်ခဲ့သည်။

စာရေးသူသည် အဆိုပါ ပဋိပက္ခ ဖြစ်နေသော ဒေသများသို့ နှစ်ကြိမ်တိုင် သွားရောက်ကာ ရက်သတ္တပတ် ခြောက်ပတ်ခန့် အချိန်ယူ၍ လူတစ်ရာကျော်အား အင်တာဗျူးများ ပြုလုပ်ခဲ့သည်။ မြန်မာစစ်သားများသည် ကချင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ အရပ်သားများကို နှိပ်စက်ခြင်း၊ ရှေ့တန်းတွင် အတင်းအဓမ္မ လုပ်အားပေးစေခြင်း နှင့် မော်တာများ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရွာများကို မီးရှို့ခြင်းများကြောင့် ထောင်ပေါင်း များစွာသော လူများအား ထွက်ပြေးစေခြင်းများ ဖြစ်စေခဲ့သည်။ "ဒါတွေကို တမင်ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ" ဟု မြန်မာစစ်တပ်မှ ထွက်ပြေးလာသူ တစ်ဦးက ပြောသည်။ ယင်းက စစ်တပ်သည် ရွာတစ်ရွာအား ပစ်ခတ်၍ ရွာသားများထွက်ပြေးအောင် လုပ်ခဲ့ပုံကို ပြောပြသည်။ အသက် ၁၆ နှစ်ရှိ ကချင်လူငယ် တစ်ဦးကမူ အသက် ၁၄ နှစ်အရွယ် ညီဖြစ်သူနှင့်အတူ မြန်မာစစ်တပ်မှ KIA သတင်းရရှိရန် နှိပ်စက်ခဲ့ကြောင်း၊ ထို့နောက် ယင်းတို့အား ရှေ့တန်းတွင် ပေါ်တာအဖြစ် အသုံးပြုကြောင်း ဆိုသည်။

"သူတို့က ကျွန်တော့်ဗိုက်ကို ဓားနဲ့ထောက်တယ်။ ညီလေးရဲ့ လည်ပင်းကို ဓားနဲ့ ထောက်တယ်။ ပြီးတော့ KIA ဘယ်မှာလဲ။ လက်နက်တွေ ဘယ်မှာ ဖွက်ထားလဲလို့ မေးတယ်။ နောက်စစ်သားက မင်းတို့မပြောရင် သတ်ပစ်မယ်။ လက်ကို ဖြတ်ပစ်မယ်လို့ ပြောတယ်" ဟု ပြောသည်။ ယခု ပဋိပက္ခများနှင့် နှိပ်စက်မှုများကြောင့် ပြီးခဲ့သည့်ဇွန်လမှစ၍ ခန့်မှန်းခြေ ကချင်လူမျိုး ခုနှစ်သောင်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည်ဟု အားလုံးက ဆိုသည်။ သို့သော် ကမ္ဘာတစ်ဝှမ်းက စစ်မြေပြင်ကို မကြည့်ဘဲ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကိုသာ ချီးကျူးနေကြသည်။ အိုးမဲ့အိမ်မဲ့ဖြစ်ရသူများတွင် လေးသောင်းခွဲခန့်သည် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် KIA ထိန်းချုပ်ထားသော နယ်မြေများတွင် ယာယီတဲစခန်း ၃ဝ ခန့်တွင် နေထိုင်လျက် ရှိသည်။ ယင်းတို့အား နိုင်ငံတကာ လူသားချင်း စာနာသော အကူအညီများ ပေးရန် အာဏာပိုင်များက ငြင်းဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ဒီဇင်ဘာက တစ်ကြိမ်သာ ကုလသမဂ္ဂ အေဂျင်စီများအား ထိုဒေသတွင် အကူအညီများ သွားရောက်ပေးအပ်ရန် ခွင့်ပြုခဲ့သည်။ အောက်ခြေလူတန်းစား အဖွဲ့အစည်းများက လက်ရှိတွင် အကူအညီများ ပေးလျက်ရှိသော်လည်း နိုင်ငံတကာ အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်များနှင့် အနွေးထည်ကဲ့သို့သော ပစ္စည်းများ လိုအပ်လျက်လည်း ရှိသည်။

KIA ကလည်း ကလေးစစ်သားများ အသုံးပြုခြင်းနှင့် မိုင်းများထောင်ခြင်း စသည့် စိုးရိမ်ဖွယ် ကျူးလွန်မှုများတွင် ပါဝင် ပတ်သက်လျက် ရှိသည်။ ပြဿနာများ ပြီးဆုံးသွားသော တစ်နေ့တွင် အရပ်သားများ ရွာသို့ ပြန်လာပါက အဆိုပါမိုင်းများသည် ဒုက္ခပေးလိမ့်မည် ဖြစ်သည်။ ကလေးငယ်များ၊ လူ့အသက်များ၊ ခြေလက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရပြီး ဖြစ်သည်။

အဆိုပါ အခြေအနေများသည် ယနေ့ မြန်မာနိုင်ငံအကြောင်း ပြောဆိုနေမှုများနှင့် များစွာ ခြားနားနေသည်။ မြန်မာနိုင်ငံမှ လူအများစုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်နေကြပြီး ဦးသိန်းစိန်ကလည်း တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရေးကို လူသိရှင်ကြား ကတိပေးထားသည်။ ထို့အပြင် သေနတ်ကိုင်နေသော တိုင်းရင်းသားလူငယ်များကို Laptop ကိုင်နိုင်ရန ကူညီလိုကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

မည်သို့ပင် ဆိုစေ ကချင်ပြည်နယ်ရှိ အခြေအနေသည် လွန်ခဲ့သည် ဆယ်စုနှစ်နှစ်ခုကထပ် ပိုမို ဆိုးရွားနေသည်။ ဦးသိန်းစိန်အစိုးရသည် ကချင်များ၏ ရပိုင်ခွင့်များကို အကာအကွယ်မပေးနိုင်ရုံမက ဒုက္ခပင် ပေးလျက် ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး သမားများနှင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထောက်ခံ ရပ်တည်ပေးသင့်နေသည်။ ထိုသို့ရပ်တည်ရာတွင် နိုင်ငံတကာ ယန္တရားသည် တိုင်းပြည် တစ်ဝှမ်းနှင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသင့်ပေသည်။ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးကို မြန်မာ နိုင်ငံတွင် ဖွင့်လှစ်၍ ကျူးလွန်မှုများကို စောင့်ကြည့်စစ်ဆေးခြင်းကို စတင် ပြုလုပ်သည်မှာ အကောင်းဆုံးဟု ယူဆပါသည်။

ဘက်လိုက်မှုကင်းသော စုံစမ်းစစ်ဆေးမှုများကို မြန်မာအစိုးရသည် ယခုသော်လည်းကောင်း၊ နောင်တွင် လည်းကောင်း လုပ်ဆောင်လာလိမ့်မည် မဟုတ်ပေ။ စစ်တပ်သည် ဥပဒေအရ အရေးကြီးသော နိုင်ငံရေးအာဏာ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး တည်ထောင်ကာစ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကလည်း လွတ်လပ်မှု မရှိသေးဘဲ ကန့်သတ်မှုများ ရှိနေဆဲဖြစ်သည်။ လွတ်လပ်သော တရားစီရင်ရေးစနစ်မှာလည်း ခိုင်မာစေရန် နှစ်များစွာ ကြာဦးမည် ဖြစ်ပြီး အခန့်မသင့်ပါက ဆယ်စုနှစ်များ ကြာသွားနိုင်ပါသည်။

တစ်ချိန်တည်းမှာပင် လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများ ပဋိပက္ခဒေသများ အပါအဝင် ပြည်တွင်းမှ အိုးမဲ့အိမ်မဲ့လူများကို အကန့်အသတ် အထိန်းအချုပ်မရှိ ထိတွေ့နိုင်ရေး အတွက် အစိုးရအား ဖိအားပေးသင့်ပါသည်။

ယခုအချိန်သည် မြန်မာတိုင်းရင်းသားများအတွက် အရေးကြီးသော အချိန်ရောက်ရှိနေပြီ ဖြစ်သည်။ ပြုပြင် ပြောင်းလဲမှုများ ခက်ခဲမည်ကို စိုးရိမ်နေသောကြောင့် ယင်းတို့၏ အခြေအနေဆိုးများကို လစ်လျူရှုခြင်းသည် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကို အဟန့်အတား ဖြစ်စေသည်။

(ရေးသားသူ Matthew F. Smith သည် Human Rights Watch မှ အကြံပေးတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်အတွင်း ကျူးလွန်မှုများအတွက် အဖွဲ့၏ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦး ဖြစ်သည်)

***********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment