Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံအခြေခံနှင့် ဒီမိုကရက်တိုက်ဇေးရှင်းကို နားလည်ခြင်း

****************************************

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံအခြေခံနှင့် ဒီမိုကရက်တိုက်ဇေးရှင်းကို နားလည်ခြင်း

ဘုန်းထက်ဝင်း

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဟောင်း ချုပ်ငြိမ်းကာ နိုင်ငံရေးဖြစ်စဉ်သစ် အသွင်ကူးပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ပင်မရေးစီးကြောင်းနိုင်ငံရေးဖြစ်လာသော နိုင်ငံရေးဖြစ်စဉ်သစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် Rule of the game ကို ပီပီပြင်ပြင် သရုပ်ဖော်ထားသည့် ပဋိဉာဉ် ဖြစ်သည်။ အစိုးရသစ်၏ နိုင်ငံရေးအခြေခံမူ ဖြစ်သော အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်မှာ ယခု စတင်၍ ရုပ်လုံးပေါ် လာပြီဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အကြွင်းသုံညထွက်သော ဂိမ်းတစ်ခုဖြစ်သည်။ နိုင်သူလည်းရှိသလို ရှုံးသူလည်းရှိမည်။ ဒီမိုကရေစီနိုင်ငံစနစ်ကို လက်တွေ့အလုပ်ဖြစ်အောင် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံရေးကစားပွဲတစ်လျှောက် အမြဲတမ်းနိုင်သူ၊ အမြဲတမ်းရှုံးသူဟု ရှိနိုင်ဖို့ ခဲယဉ်းမည်။ အမြဲတမ်း နိုင်သူတွင် ပြည်သူများ ဖြစ်ခဲ့သည်ရှိသော် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး Rule of the game ကို ပြဋ္ဌာန်းထားသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံကို အသေအချာ သဘောပေါက် နားလည်မှ သာလျှင် နိုင်ငံရေးအောင်ပွဲ ဆင်နိုင်မှာဖြစ်သည်။ ယင်းဖွဲ့စည်းပုံအုပ်ချုပ်ပုံဥပဒေ  အခြေခံကျောရိုးကို ရေးသားခဲ့သူမှာ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် ဒေါက်တာမောင်မောင် ဖြစ်သည်။ အိမ်စောင့်အစိုးရ လက်ထက်တွင် နိုင်ငံတော်တရားသူကြီးချုပ်ဖြစ်ခဲ့ဖူးသော ဒေါက်တာ မောင်မောင်သည် မြန်မာနိုင်ငံရေးသမားတို့၏ စရိုက်သဘာဝကို သိသည့်အားလျှော်စွာ ဖွဲ့စည်းပုံအခြေခံကို ယခင်ပထစခေတ်တွင် ကျင့်သုံးခဲ့သော ပါလီမန်စနစ်နှင့် ကွဲပြားစွာ သမ္မတစနစ်ကို ကျင့်သုံးအောင် ရေးသားခဲ့သည်။ ပါလီမန်စနစ်တွင် လွှတ်တော်နှင့် အစိုးရမှာ အာဏာကွဲပြားမှုမရှိဘဲရော ထွေးကျင့်သုံး (diffusion of power) သည့် စနစ်ဖြစ်သည်။ အစိုးရဝန်ကြီးတစ်ပါးမှာ သူ၏ မိခင်ပါတီ၏ မူဝါဒများအတိုင်း ကျင့်သုံးအကောင်အထည်ဖော်ရသည်။ သမ္မတ စနစ်တွင်မူ အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုရေးအာဏာမှာ သီးခြားစီခွဲခြားကျင့်သုံး (Separation of power) သည်။ ထိုကြောင့် ဝန်ကြီးတစ်ပါး အုပ်ချုပ်ရေးတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ သူ၏ မိခင်ပါတီ၏ မူဝါဒကို လိုက်နာ၍ မရတော့ပါ။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံသည် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာကို သီးခြားစီ ခွဲခြားကျင့်သုံးအောင် ရေးသားထားသည့် ဖွဲ့စည်းပုံဖြစ်သည်။ ထို့ပြင် ပါလီမန်စနစ်တွင် လွှတ်တော်၌ မူဝါဒရေးရာကိစ္စရပ်များကို အုပ်စုလိုက် အင်အားပြ ငြင်းခုံဆွေးနွေးသည့်အနေအထားမျိုးထက် ရေးရာကော်မတီများနှင့် သုံးသပ်အဖြေရှာ စမ်းစစ်ရသော စနစ်မျိုးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံနှင့် အလွန်တူပါသည်။ ကွဲပြားသည့် အချက်ဟူ၍ သမ္မတကို တိုက်ရိုက်မရွေးချယ်နိုင်ခြင်းနှင့် စစ်တပ်မှ အမတ်နေရာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းယူထားခြင်းသာရှိသည်။ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး ကွဲပြားစွာ ကျင့်သုံးသော်ငြားလည်း ပါတီကြီး ၂ ခုတည်းသာ ကြီးစိုးသည့် အမေရိကန် ဖွဲ့စည်းပုံ\အခြေခံဥပဒေတွင် သမ္မတမှာ လွှတ်တော်သို့ မူဝါဒများချပြရာတွင် လွှတ်တော်ရှိ သူ၏ မိခင်ပါတီနှင့် သဘောတူညီမှုများလည်း ရှိသလို သဘောမတူညီမှုများလည်း ရှိသည်။ မြန်မာ နိုင်ငံတွင်တော့ မဲဆန္ဒနယ်များမှ ရွေးချယ်လိုက်သည့် ပြည်ထောင်စုလွှတ်တော် အမတ်များထဲမှ လွှတ်တော်အမတ်ဦးရေ၏ ၅၁ ရာခိုင်နှုန်းထောက်ခံမှသာ သမ္မတ ရွေးချယ်နိုင်သည်။ ထိုအတွက်ကြောင့် သမ္မတမှာ လွှတ်တော်တွင်း အင်အားကြီးပါတီတစ်ခုမှ ရောက်ရှိလာသူဖြစ်သည်ဟု သဘောပေါက် နားလည်၍ ရနိုင်သည်။ သမ္မတမှလွဲ၍ ကျန် ပြည်ထောင်စုဝင်ကြီးများမှာ လွှတ်တော်အမတ် ဖြစ်စရာမလိုပေ။ ယင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၃၂ (ခ/၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့အပြင် ပုဒ်မ ၂၃၂ (ဈ)တွင် ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ယခင်စစ်အစိုးရ၏ ဗိုလ်ချုပ်ဟောင်းများသည် ယင်း အချက်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ခြင်းကြောင့် ယခု ကြားဖြတ် ရွေးကောက်ပွဲ ၄၈ နေရာ လွတ်သွားခဲ့သည်။

ဖွဲ့စည်းပုံပါ စည်းမျဉ်းစည်းကမ်းများကြောင့် ယခုအခါတွင် ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာနှစ်ခုကြား မူဝါဒရေးရာ ငြင်းခုံမှုများ (policy debates) ပေါ်ပေါက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးအများစုသည် ကြံ့ခိုင်ရေးပါတီမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်ငြားလည်း အဘယ်ကြောင့် မဏ္ဍိုင်နှစ်ခုကြား မူဝါဒကိစ္စရပ်များတွင် တူညီမှုမရှိ ဖြစ်နေရသည်မှာ စိတ်ဝင်စားဖို့ကောင်းသည်။ယင်းမှာ ဖွဲ့စည်းပုံ၏ သိမ်မွေ့မှုလည်း ဖြစ်သလို အနှစ်သာရလည်း ဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၂၃၂(ဋ)တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာ ဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားခြင်း ကြောင့် ယခုကဲ့သို့ အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပါတီ၏ လုပ်ငန်း၊ ပါတီ၏ မူဝါဒရေးရာ ဆွေးနွေးပွဲများနှင့် ကင်းကွာသွားစေပြီး အစိုးရအဖွဲ့၏ မူဝါဒအတိုင်းသာ အကောင်အထည်ဖော်စေခြင်းမျိုး ဖြစ်သည်။ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ဝင်ရောက် အရွေးခံ ရပါက ပြည်ထောင်စု ဝန်ကြီးတစ်နေရာပေးရန်ရှိကြောင်း ရေးသားနေမှုများကို မြင်တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုဝန်ကြီး လုပ်သင့်၊ မလုပ်သင့် သတိထားဆင်ခြင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ပြည်ထောင်စုဝန်ကြီး လုပ်ခဲ့လျှင် မိမိ၏ဝန်ကြီးဌာနသက်ဆိုင်ရာ ကိစ္စရပ်များကို သာ အကောင်အထည်ဖော်ရန် အဓိကတာဝန်ရှိမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံပိုင်မီဒီယာတွင် ပြောကြား ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒများကို အကောင်အထည်ဖော် နိုင်တော့မည်မဟုတ်ပါ။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ ခွဲခြားကျင့်သုံး သည့်စနစ်ကြောင့် မဏ္ဍိုင်နှစ်ရပ်ကြား မူဝါဒရေးရာလွန်ဆွဲပွဲများ ရှိနေမှာဖြစ်သောကြောင့် ခေါင်းဆောင်များအနေဖြင့်လည်း ဆီလျှော်မှုရှိသည့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရမည်။ နှစ်ဖက်စလုံးက တင်းမာနေလျှင် အကောင်အထည်ဖော်မှုဆီ မရောက်ဘဲ ငြင်းခုံမှုနှင့်သာ ပိတ်မိနေမည်။

ယခုအခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံးသို့ လှည့်လည်၍ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများကို ဆောင်ရွက်လျက် ရှိနေသည်။ သတင်းမီဒီယာများမှလည်း NLD၏ လှုပ်ရှားမှုများကိုသာ အသားပေးဖော်ပြလျက်ရှိသည်။ တနည်း ဘက်လိုက်မှု ရှိနေသည်။ စာရေးသူ အနေဖြင့် NLD နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်လာမှုကို အလေးထားပါသည်။ ထိုနည်းအတူ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဒီမိုကရက်တစ် ပါတီများ၏ အခန်းကဏ္ဍမှာ မေ့ပျောက်ထားလို့ မရပါ။ ၎င်းတို့မှာ ရွေးကောက်ပွဲ မဲမထည့်ရေးလှုပ်ရှားမှုကြီးကို အန်တုကာ လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ ရသည့် ဒီမိုကရက်များမဟုတ်ပါလော။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလို နှစ်ပါတီစနစ်သာ ကျင့်သုံးသည့် လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံကြီး မဟုတ်သေးသည်ကို သတိချပ်ရာ၏။ ထိုကြောင့် ပါတီပေါင်းစုံပါဝင်သည့် နိုင်ငံရေးခရီးရှည်ကြီးတစ်ခုကို ကာလတစ်ခုအထိ ဖြတ်သန်းရဦးမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်း၌သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုလေးစားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ လူချစ်လူခင်ပေါသည့်ခေါင်းဆောင် (charismatic leader) တစ်ဦး ဖြစ်သည်။ သို့သော် သူမ၏ခေါင်းဆောင်မှုကိုတော့ မေးခွန်းထုတ်စရာ ရှိသည်။ ထိရောက်သည့် ခေါင်းဆောင်(effective leader)၊ အသွင်ပြောင်း ခေါင်းဆောင် (transformation leader)တစ်ဦးဖြစ်ဖို့ဆိုလျှင် ပစ္စုပ္ပန်ထက် အနာဂတ်တွင် ဖြစ်တန်ရာ အလားအလာများကို ကြည့်ကာ ကြိုတင်ပြင်ဆင်မှုများပြလုပ်၍ ခေါင်းဆောင်မှုပေးရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ တခါတရံ တွင် အများလက်မခံသည့် ကိစ္စရပ်ကိုပင် ရေရှည်အကျိုးစီပွားအတွက် ပြတ်ပြတ်သားသားဆောင်ရွက်ရမည်။ မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏဖြင်)