Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၉.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဘင်္ဂလားဒေ့ရှ် မျှော်လင့်

(The Daily Star မှ 18 March 2012 ရက်စွဲပါ Dipu hopes for better relations with Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာတပ်များ စုဆောင်းနေမှု မြန်မာငြင်းဆို

(Bangladesh news 24 hour မှ 17 March 2012 ရက်စွဲပါ Myanmar denies troop buildup in border ကို ဘာသာ ပြန်ဆိုသည်)

  1. ၂ဝ၁၅ နောက်ဆုံးထား၍ အဓမ္မလုပ်သားခိုင်းစေမှု အဆုံးသတ်ရန် မြန်မာသဘောတူ

(AFP News မှ 17 March 2012 ရက်စွဲပါ Myanmar agrees to end forced labour by 2015 ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ဖိနှိပ် ချုပ်ချယ်နေဆဲဟု HRW ပြော

(UPI News မှ 15 March 2012 ရက်စွဲပါ Myanmar still repressive, HRW says ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတွင် ရေနံစတူးသော စင်ကာပူ Interra ကုမ္ပဏီ ရှယ်ယာများ ဈေးတက်

(Reuters မှ 14 March 2012 ရက်စွဲပါ Singapore's Interra up on Myanmar oil field ကို ဘာသာ ပြန်ဆိုသည်)

***********************************************************

မြန်မာနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဘင်္ဂလားဒေ့ရှ် မျှော်လင့်

(The Daily Star မှ 18 March 2012 ရက်စွဲပါ Dipu hopes for better relations with Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ဖြေရှင်းဆက်ဆံမှု နည်းလမ်းအဖြစ် ရေပြင်ပိုင်နက် ပြဿနာအပေါ် နိုင်ငံတကာခုံရုံး အဆုံးအဖြတ် ရယူပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက မြန်မာနှင့် အပြန်အလှန် ဆက်ဆံရေး ပိုမိုကောင်းမွန်၍ အပြုသဘော ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ်က အသာစီးရခဲ့ခြင်းနှင့် ပတ်သက်၍ လွှတ်တော်၌ အသိပေး ပြောကြားရာတွင် သူမက ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်အတွင်း သီးသန့် စီးပွားရေးဇုန် နယ်နိမိတ်နှင့် ရပိုင်ခွင့်များအတွက် နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေ ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံနှင့် အပြိုင် တရားဆိုင်ခဲ့ရာတွင် မတ်လ ၁၄ ရက်က ဆုံးဖြတ်ချက် ချမှတ်ရာ၌ ဘင်္ဂလားဒေ့ရှ်ဘက်မှ အသာစီး ရခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒစ်ပူးမိုနီက မိမိတို့ ဘင်္ဂလားဒေ့ရှ် အစိုးရသည် နောင်အနာဂတ်တွင်လည်း နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် ရဲရင့်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် နှောင့်နှေးမည်မဟုတ်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

***************************************************

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာတပ်များ စုဆောင်းနေမှု မြန်မာငြင်းဆို

(Bangladesh news 24 hour မှ 17 March 2012 ရက်စွဲပါ Myanmar denies troop buildup in border ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်ကို မျက်နှာသာပေးခဲ့သော ပင်လယ်ရေပြင်ပိုင်နက် သတ်မှတ်ခြင်း ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် မြန်မာတပ်များ စုဆောင်းနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ (နစက) က စနေနေ့တွင် ငြင်းဆိုလိုက်သည်။

"နစကက စစ်တပ်တွေ စုနေတယ်ဆိုတာ မဟုတ်ကြောင်း၊ မီဒီယာက သတင်းမှားလွှင့်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်မှ ဒုဗိုလ်မှူးကြီး Zahid Hasan က နစကနှင့် တွေ့ဆုံပြီးနောက် bdnews24.com သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဆိုင်ရာ တရားရုံးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြာ ပင်လယ်နယ်နိမိတ် အငြင်းပွားနေမှုအတွက် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ချက် ချပေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်အပေါ် မျက်နှာသာ ပေးမှု ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာဘက်က Naikhangchharhi၊ Ukhia နှင့် Teknat နယ်စပ်များတွင် တပ်များစုဆောင်းနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သည် နစကသို့ ထိုကိစ္စ ဆွေးနွေးရန် စာရေးသား ပေးပို့ခဲ့သည်။

"ကျွန်တော်တို့က နစကကို ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ တုံ့ပြန်မှုကို မေးတဲ့အခါ သူတို့အစိုးရက အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ရှိကြောင်း၊ ဒီကိစ္စကို သူတို့ကိုယ်တိုင် ရှုပ်ထွေးနေတုန်း ရှိသေးတယ်လို့ ဆိုပါတယ်" ဟု Hasan က ပြောသည်။ "ဆုံးဖြတ်ချက်ကြောင့် အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ" ဟုလည်း ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောကြားရာတွင် နစက တာဝန်ရှိသူတွေက နှစ်နိုင်ငံ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရန် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို မောင်တောရှိ နစက အပိုင်း ၆ ရုံးတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ Zahid Hasan ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးပါဝင်ပြီး မြန်မာဘက်မှ နစကအပိုင်း(၅) မှ ဒုတိယတပ်မှူး ဦးဒီမင်းသောင်းနှင့် အပိုင်း(၆) မှ ဦးအောင်သိန်းအောင် နှင့် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်ခဲ့သည်။

*******************************************************

၂ဝ၁၅ နောက်ဆုံးထား၍ အဓမ္မလုပ်သားခိုင်းစေမှု အဆုံးသတ်ရန် မြန်မာသဘောတူ

(AFP News မှ 17 March 2012 ရက်စွဲပါ Myanmar agrees to end forced labour by 2015 ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၂ဝ၁၅ နောက်ဆုံးထား၍ အဓမ္မလုပ်သားခိုင်းစေမှုကို အဆုံးသတ်မည့်သဘောတူညီချက်ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO နှင့် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် သတင်းထုတ်ပြန်သည်။

အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းသည် အဆိုပါ နားလည်မှုစာချွန်လွှာကို ILO ဆက်ဆံရေးအရာရှိနှင့် သောကြာနေ့က နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့သည်ဟု အစိုးရအာဘော် အင်္ဂလိပ်ဘာသာ သတင်းစာ New Light of Myanmar က ဆိုသည်။

မြန်မာနိုင်ငံတွင် ILO နှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားပြီ ဖြစ်၍ အဓမ္မလုပ်သား ခိုင်းစေမှုကို ILO နှင့် ပူးပေါင်းတိုက်ဖျက်သွားမည် ဖြစ်ပြီး ၂ဝ၁၅ နောက်ဆုံး ထား၍ ယင်းပြဿနာပပျောက်အောင် ဖယ်ရှားရန် ကတိပြုထားသည် စသဖြင့် နိုင်ငံပိုင်သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ယမန်နှစ်က အရပ်သားအသွင်ပြောင်းလိုက်သော အစိုးရသစ်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ယခင်က လုံးဝမရှိဟု ငြင်းကွယ်ခဲ့သော နိုင်ငံရေး အကျဉ်းသားများကို ယခုအခါ ထိန်းသိမ်းထားသည်ဟု ပထမဆုံး ဝန်ခံကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း စသည်တို့ အပါအဝင် ဆက်တိုက် ပြုပြင်မှုများ လုပ်ဆောင်ပြသ၍ ပြည်တွင်းပြည်ပ အကဲခတ် လေ့လာသူများကို အံ့အား သင့်စေလျက် ရှိသည်။

ILO ၏ ရန်ကုန်ရုံးခွဲက ၂ဝ၁ဝ နောက်ပိုင်း အဓမ္မလုပ်သား ခိုင်းစေမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၅ဝ၆ စောင် လက်ခံရရှိခဲ့ပြီး လွန်ခဲ့သော ၃ နှစ်အတွင်း ရရှိခဲ့သော အရေအတွက်ထက် ၂ ဆကျော် ပိုများသည်ဟု မနှစ်က ဇွန်လတွင် ထုတ်ပြန်ကြေညာထားသည်။ ယင်းသို့ အရေအတွက် များလာခြင်းသည် ပြည်သူများအနေဖြင့် အခွင့်အရေးကို အမှန်တကယ် သိရှိ နားလည်စေရန် ပညာပေး ဟောပြော လှုပ်ရှားမှုများ လိုအပ်နေခြင်းကြောင့် ဖြစ်သည်ဟု ILO က ဆိုသည်။

မြန်မာနိုင်ငံတွင် ကျေးလက် အာဏာပိုင်များက တောင်းဆိုထားသော စီမံကိန်းများအတွက် တိကျသော ရံပုံငွေ ပေးဝေမှု မရှိခြင်းကြောင့် ဖြစ်ပေါ်သော အဓမ္မ လုပ်သား ခိုင်းစေမှု ပုံစံကို တွေ့ရှိထားသည်ဟုလည်း ILO က ထောက်ပြ ပြောဆိုခဲ့သည်။ သို့သော် အရွယ်ရောက်သူများနှင့် ငယ်ရွယ်သူများကို တပ်မတော်အတွက် ခြိမ်းခြောက် ဖိအားပေး ခိုင်းစေနေခြင်းမှာ အဓိက ပင်မပြဿနာဖြစ်သည်ဟု ILO က ဆိုသည်။

ယခင်တပ်မတော်အစိုးရက ၂ဝဝ၇ ခုနှစ်တွင် ကုလသမဂ္ဂ အလုပ်သမားအေဂျင်စီ ILO ၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်သားကိစ္စ၊ အရွယ်မရောက်သေးသူကို စစ်သားစုဆောင်းမှု ကိစ္စများနှင့် ပတ်သက်သော နစ်နာမှုများ၏ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းမည့် ILO ရုံးခွဲကို ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

**************************************************

မြန်မာနိုင်ငံတွင် ဖိနှိပ် ချုပ်ချယ်နေဆဲဟု HRW ပြော

(UPI News မှ 15 March 2012 ရက်စွဲပါ Myanmar still repressive, HRW says ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လွတ်လပ်စွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေသည် နိုင်ငံတကာက မျှော်မှန်းထားမှုများကို ကောင်းစွာ မပြည့်မီခဲ့ဟု Human Rights Watch (HRW) က ထုတ်ဖော်ပြောကြားလိုက်သည်။

အတိုက်အခံ NLD ပါတီက ကန့်ကွက်ခဲ့ပြီးနောက် နိုင်ငံရေးစည်းဝေးပွဲများအပေါ် ချုပ်ချယ် တားမြစ်မှု အချို့ကို ရုတ်သိမ်းပေးခဲ့သည်ဟု မြန်မာ အာဏာပိုင်များက ယခင်က ကြေညာခဲ့သည်။ မြန်မာအစိုးရသည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးစနစ် ကျင့်သုံးခဲ့ပြီးနောက် ယခုနောက်ဆုံး ခေါင်းဆောင်သစ်များ လက်ထက်တွင် နိုင်ငံရေးစနစ်ကို ပိုမိုလွတ်လပ်ခွင့် ပြုလာခြင်းကြောင့် ချီးကျူး အားပေးမှုများ လက်ခံရရှိနေသော်လည်း စိုးရိမ်စရာ ပြဿနာများ ကျန်ရှိနေဆဲ ဖြစ်သည်။

လွတ်လပ်စွာ စုဝေးခွင့်နှင့် ပတ်သက်သော ဥပဒေကို ပြည်သူ့လွှတ်တော်တွင် ပြန်လည် ဆွေးနွေးသင့်သည်ဟု HRW က ဆိုသည်။ HRW ၏ အာရှရေးရာ ဒါရိုက်တာ ဘရက်အဒမ် (Brad Adams) က နယူးယောက်တွင် ထုတ်ပြန်သော ကြေညာချက်၌ "ဒီရက်ပိုင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အလွန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ အရင်က မရှိခဲ့ဖူးတဲ့ လွတ်လပ်ခွင့်အချို့ကို ခွင့်ပြုလိုက်လျောရုံနဲ့တော့ အစိုးရကို အမှတ် ပေးလို့ မရသေးပါဘူး" ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြမည့်သူများအနေဖြင့် စုဝေးပွဲမတိုင်မီ ၅ ရက်ကြိုတင်၍ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရန် လိုအပ်သည်။ သို့သော် နိုင်ငံတော် လုံခြုံရေးကို ထိပါးသည်ဟု ယူဆပါက လျှောက်ထားသူ ပိတ်ပင်ခံရနိုင်သည်။ ထို့ပြင် လူတစ်ဦးထက် ပို၍ စုဝေးလျှင်ပင် ခွင့်ပြုချက် ယူရမည်ဟု ဆိုသည်။ "အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ခွင့်ပြုတဲ့အချိန်ရောက်မှသာ တကယ့် အပြောင်းအလဲအတွက် တီးတဲ့ လက်ခုပ်သံတွေနဲ့ ထိုက်တန်ပါလိမ့်မယ်" ဟု အဒမ်က မှတ်ချက်ပေးသည်။

********************************************************

မြန်မာတွင် ရေနံစတူးသော စင်ကာပူ Interra ကုမ္ပဏီ ရှယ်ယာများ ဈေးတက်

(Reuters မှ 14 March 2012 ရက်စွဲပါ Singapore's Interra up on Myanmar oil field ကို ဘာသာ ပြန်ဆိုသည်)

စင်ကာကူ ရေနံရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Interra Resources Ltd က ဖက်စပ်ကုမ္ပဏီဖြစ်သော Gold Petrol သည် မြန်မာနိုင်ငံ၌ ရေနံ စတင် တူးဖော်နေပြီ ဖြစ်ကြောင်း ပြောကြားပြီး Interra ၏ ရှယ်ယာဈေးနှုန်းမှာ ၈.၁ % ထိ မြင့်တက်သွားသည်ဟု သိရသည်။

Interra ၏ရှယ်ယာများသည် ၆.၅ % တက်ကာ စင်ကာပူဒေါ်လာ ၁.၃၃ သို့ ရောက်ရှိခဲ့ပြီး စင်ကာပူ၌ ရောင်းဝယ်မှု ပမာဏအရ ထိပ်ဆုံး ရောက်နေသော စတော့ရှယ်ယာ ၅ မျိုးတွင် ပါဝင်နေပြီဟု ဆိုသည်။ တစ်နေကုန် ပျမ်းမျှ ရောင်းဝယ်မှုပမာဏ ရှယ်ယာပေါင်း ၁၅ သန်းခန့် ရှိနေချိန်တွင် Interra ရှယ်ယာပေါင်း ၁၃ သန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု အဆိုပါသတင်းက နှိုင်းယှဉ် ဖော်ပြခဲ့သည်။ "ရေနံရှာတွေ့တော့မယ်လို့ လူတွေက မျှော်လင့်နေကြပုံ ရပါတယ်။ လတ်တလော စိတ်ဝင်စားမှု များလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ ရေနံတူးနေတာကို ထုတ်ဖော် ပြောဆိုခဲ့လို့ပါ" ဟု စတော့ရှယ်ယာ ပွဲစားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရေနံချောင်း ရေနံမြေတွင် ယခုနှစ် ပထမဆုံး တူးဖော်နေသော တွင်းမှာ YNG 3243 ဖြစ်သည်ဟု Interra က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး တူးဖော် ရှာဖွေမှု ပြုလုပ်နေသော Gold Petrol ဖက်စပ်ကုမ္ပဏီ၏ ရှယ်ယာ ၆ဝ% ကို Interra Resources Ltd က ပိုင်ဆိုင်ထားသည်။

*****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment