Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၁.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ဟနွိုင်းရောက် မြန်မာသမ္မတနှင့် ဗီယက်နမ်ပါတီခေါင်းဆောင်တွေ့ဆုံ

(Ximhua News မှ 21 Mar 2012 ရက်စွဲပါ Vietnamese Party Leader Meets With Myanmar President သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မလေးရှား Maybank မြန်မာနိုင်ငံမှ မိတ်ဖက်ဘဏ်လုပ်ငန်းများနှင့် သဘောတူလက်မှတ်ရေးထိုး

(Business Times မှ 20 March 2012 ရက်စွဲပါ Maybank inks pact with Myanmar partners ကို ဘာသာ ပြန်ဆိုသည်)

  1. ကချင်ပြည်နယ်တွင် နှစ်ဖက်စလုံးက လူ့အခွင့်အရေးချိုးဖောက်ကြောင်း အစီရင်ခံစာထွက်ပေါ်

(Radio Australia News မှ 20 Mar 2012 ရက်စွဲပါ Abuses on both sides of Burma-kachin Conflict:report သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် အခွင့်အလမ်းရှာဖွေရန် ထိုင်းစီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

(Bangkok Post မှ 20 March 2012 ရက်စွဲပါ Thai firms urged to tap Myanmar rise ကိုဘာသာပြန်ဆိုသည်)

**********************************************************

ဟနွိုင်းရောက် မြန်မာသမ္မတနှင့် ဗီယက်နမ်ပါတီခေါင်းဆောင်တွေ့ဆုံ

(Ximhua News မှ 21 Mar 2012 ရက်စွဲပါ Vietnamese Party Leader Meets With Myanmar President သတင်းကို ဘာသာ ပြန်ဆိုသည်)

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်တီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရောင်နှင့် ဗီယက်နမ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်တို့ ဟနွိုင်မြို့တော်၌ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံကြရာတွင် ငုယင်ဖူထရောင်က ဗီယက်နမ်သမ္မတ ထရုံတန်ဆိုင်၊ ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းတို့နှင့် မြန်မာသမ္မတတို့၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ ယင်းသို့သော ရလဒ်ကောင်းများက နှစ်နိုင်ငံ၊ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အဆင့်သစ်တစ်ခုသို့ မြှင်တင်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ကလည်း မိမိအပေါ် ဗီယက်နမ်ခေါင်းဆောင်များနှင့် ပြည်သူတို့၏ နွေးထွေးသော ကြိုဆိုမှုကို ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားသည်။ နှစ်နိုင်ငံခေါင်းဆောင်များက မိမိတို့နိုင်ငံ၏ အနေအထား အသီးသီးကို အပြန်အလှန် အသိပေးပြောကြားကာ လာမည့် နှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေမည့် အဓိကအချက်များကို အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ရရှိထားသော ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံနိုင်ငံရေး ဦးဆောင်ပါတီများအကြား ခိုင်မာသော ဆက်ဆံရေးနှင့်ပတ်သက်၍ အတွေ့အကြုံချင်း ဖလှယ်ခဲ့ကြပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ကြရန် ဆွေးနွေးခဲ့ကြ သည်။ မြန်မာနိုင်ငံသို့ အပြန်အလှန် လာရောက်လည်ပတ်ရန် ကမ်းလှမ်းသည့် သမ္မတဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကိုလည်း ဗီယက်နမ် ခေါင်းဆောင်က ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်ဟု သိရှိရသည်။

************************************************

မလေးရှား Maybank မြန်မာနိုင်ငံမှ မိတ်ဖက်ဘဏ်လုပ်ငန်းများနှင့် သဘောတူလက်မှတ်ရေးထိုး

(Business Times မှ 20 March 2012 ရက်စွဲပါ Maybank inks pact with Myanmar partners ကို ဘာသာ ပြန်ဆိုသည်)

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ငွေလွှဲပြောင်းပေးပို့နိုင်မည့် ဝန်ဆောင်မှုကို ပထမဆုံးပေးခဲ့သည့် Maybank က မြန်မာနိုင်ငံမှ မိတ်ဖက် ဘဏ်လုပ်ငန်းလေးခုနှင့် မတ်လ ၂၀ ရက်နေ့တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Maybank ၏  အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ Datuk Seri Abdul Wahid Omar က မိမိတို့ဘဏ်၏ ဝန်ဆောင်မှုဖြင့် ယခုနှစ်အတွင်း ရင်းဂစ်ငွေ ၃၈ သန်းခန့် လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ထက် လွှဲပြောင်းပေးငွေတန်ဖိုး ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာရန် ဦးတည် ထားကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုပုံစံအသစ်ကြောင့် မလေးရှားကနေ မြန်မာနိုင်ငံကို အီလက်ထရွန်နစ် ပလက်ဖောင်းက တစ်ဆင့် ငွေလွှဲပြောင်းပေးမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ Maybank ရဲ့ဘဏ်ခွဲတွေကနေ မြန်မာနိုင်ငံက ဘဏ်တွေဆီကို လွှဲပြောင်းပေးနိုင်မှာပါ" ဟု ၎င်းက သဘောတူ လက်မှတ် ရေးထိုးမှု ပြုလုပ်ပြီးနောက် မီဒီယာများသို့ ပြောကြားသည်။

Maybank ၏ မိတ်ဖက်ဘဏ်လေးခုမှာ Asia Green Development Bank, သမဝါယမဘဏ်၊ ဧရာဝတီဘဏ် နှင့် ကမ္ဘောဇဘဏ်တို့ဖြစ်သည်။ "Maybank ရဲ့ Money Express ဝန်ဆောင်မှုကို ၂၀၁၀ ပြည့်နှစ်မှာ စတင်နိုင်ခဲ့ပါတယ်။  အဲဒီအချိန်ကစပြီး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဟာ သိသိသာသာ တိုးတက်မှု ရှိခဲ့ပါတယ်။ ယခုဆိုလျှင် အဲဒီဝန်ဆောင်မှုကို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း နဲ့ နောက်ဆုံး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၀နဲ့ လုပ်ကိုင်လျက်ရှိပါတယ်" ဟု Abdul Wahid ကဆိုသည်။

Maybank သည် မလေးရှားနိုင်ငံတွင်း ပြည်ပလုပ်သားများ ငွေပို့ငွေလွှဲပြုလုပ်ရာတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပြီး ပြည်တွင်း ဈေးကွက်ဝေစုမှာ ၃၂ ရာခိုင်နှုန်းခန့်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း  မလေးရှားနိုင်ငံမှ နိုင်ငံခြားလုပ်သားများ Maybank မှတစ်ဆင့် ရင်းဂစ်ငွေ ၅ ဒဿမ ၆ ဘီလီယံခန့် ငွေပို့ငွေလွှဲ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ၁၆ ခုရှိသည့်အနက် အဆိုပါ Maybank လည်း ပါဝင်သည်။ မိမိတို့အနေဖြင့် မြန်မာပြည်တွင်း ဘဏ်ခွဲ ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များထံမှ ခွင့်ပြုချက်ကို စောင့်မျှော်လျက် ရှိသည်။

***************************************************

ကချင်ပြည်နယ်တွင် နှစ်ဖက်စလုံးက လူ့အခွင့်အရေးချိုးဖောက်ကြောင်း အစီရင်ခံစာထွက်ပေါ်

(Radio Australia News မှ 20 Mar 2012 ရက်စွဲပါ Abuses on both sides of Burma-kachin Conflict:report သတင်းကို ဘာသာ ပြန်ဆိုသည်)

ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် ထပ်မံဖြစ်ပွားသော စစ်ပွဲအတွင်း မြန်မာအစိုးရ တပ်ဖွဲ့များက အရပ်သစ်များကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ ပြုလုပ်လျက် ရှိကြောင်း Human Rights Watch က ယခင်ကပင် စွပ်စွဲထားပြီး ဖြစ်သည်။

HRW ၏ ယခုနောက်ဆုံး အစီရင်ခံစာသစ်တွင် ဇွန်လက စတင်ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် ကချင်ဒေသခံ ၇၅၀၀၀ ခန့် အိမ်ပစ်၊ ယာပစ် ထွက်ပြေးနေကြရသည်ဟု ဖော်ပြထားသည်။ ထို့အပြင် ကချင်တပ်ဖွဲ့များသည်လည်း ကလေးသူငယ်စစ်သားများ၊ မိုင်းများကိုသုံးစွဲနေကြောင်း စွပ်စွဲထားပြီး၊ မြန်မာ စစ်တပ်က နှိပ်စက်ညှဉ်ပန်းခြင်း၊ နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ပိတ်ဆို့ခြင်းတို့ကို ကျူးလွန်နေသည်ဟု ဖော်ပြသည်။ ယင်းကိစ္စများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလိုအပ်သည်ဟု HRW မှ မက်သယူးစမစ်က ပြောကြားသည်။

“ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်ပတ်သက်ကြတဲ့ အုပ်စုတွေ အားလုံး စွပ်စွဲခံထားရတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားခြင်းစာနာမှု ဥပဒေချိုးဖောက်ကျူးလွန်မှုတွေကို စုံစမ်းဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် တစ်ရပ်ကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုအားပေး ထောက်ခံသင့်တယ်လို့ ကျွန်တော်တို့ HRW က ယုံကြည်နေပါတယ်”ဟု ယင်းက ပြောကြားခဲ့သည်။

“စစ်ပွဲကာလ နှိပ်စက်ညှင်းပန်းမှုနှင့် အဓမ္မမောင်းထုတ်ဖယ်ရှားမှုများ အပါအဝင် တိမ်မြှုပ်နေသော အကြောင်းအရာများ” ဟု ခေါင်းစဉ် တပ်ထားသော HRW အစီရင်ခံစာတွင် ပြီးခဲ့သော ၈ လတာအတွင်း ကချင် ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်သူပုန် နှစ်ဖက်စလုံးက ကျူးလွန်ခဲ့ကြသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ညှင်းပန်း နှိပ်စက်မှုများကို အထောက်အထားဖြင့် တင်ပြထားသည်။ ကချင်ပြည်နယ်တွင်းမှ လူပေါင်း ၁၀၀ ကျော်နှင့် အင်တာဗျူး ပြုလုပ်ခဲ့သူ HRW အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းအစီရင်ခံစာကို ရေးသားခြင်းဖြစ်သည်။

HRW ဘန်ကောက်ရုံးခွဲမှ Phil Roberson က ဆိုးဆိုးဝါးဝါး ကိစ္စရပ်တွေကို ဖော်ထုတ်ပြစ်တင်ထားတဲ့ အစီရင်ခံစာပါ ကိစ္စရပ်တွေကို ဖော်ထုတ် ပြစ်တင်ထားတဲ့ အစီရင်ခံပါ ဟု Radio Australia အာရှပစိဖိတ် အစီအစဉ်ကဏ္ဍသို့ ပြောကြားသည်။ "တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က လုပ်သမျှ ဥပဒေ ဖြစ်နေတာနဲ့ စစ်ဆင်ရေးအတွင်း ပြစ်ဒဏ်မကျပဲ လူ့အခွင့်အရေး ချိုးဖောက်ခွင့်ရနေတာတွေကို နောက်ထပ် ဖော်ထုတ် တင်ပြထားပါတယ်" ဟု Robertson ကဆိုသည်။

Mr.Robertson က ဆက်လက်၍ "ကချင်ပြည်နယ်က အနေအထားဟာ သမ္မတဦးသိန်းစိန်ရဲ့ အပစ်ရပ်စဲ၊ ငြိမ်းချမ်းချင်တဲ့ ဆန္ဒနှင့် ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ KIA တပ်တွေကို မောင်းထုတ်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားမှုနဲ့အတူ ထိုးစစ်ဆင်မှုတွေ၊ အရပ်သားညှင်းပန်းမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်" ဟု ပြောကြားသည်။

မိုင်းဗုံးများ အသုံးပြုနေသော KIA တပ်များသည်လည်း မိုင်းထောင်သော နေရာများကို မြေပုံရေးဆွဲ မှတ်သားထားခြင်း မရှိဟု အစီရင်ခံစာက ထောက်ပြ ဝေဖန်ထားသည်။ ထို့ကြောင့်ပင် ကချင်အရပ်သားများ သာမကပဲ ကချင်စစ်သားများပါ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟုလည်းသိရှိရသည်။ “မြန်မာစစ်တပ်ကလည်း မိုင်းထောင်တာပဲ။ ကလေးသူငယ်စစ်သားတွေကိုလည်း နှစ်ဖက်စလုံးက အသုံးပြုနေကြပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတေါမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ ပြုလုပ်ဖို့ နေပြည်တော်ကပဲ အမိန့်ပေးထားသလား၊ ဒါမှမဟုတ် စစ်သားတွေကပဲ အလွတ်တကူ အမိန့်ချိုးဖောက်နေသလား ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဒီနယ်မြေထဲဝင်ပြီး လူသားချင်း စာနာတဲ့ ကယ်ဆယ်ထောက်ပံ့မှု လုပ်ကြမယ့် ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့အစည်းတွေကို မြန်မာအစိုးရက နယ်မြေထဲဝင်ခွင့်မပေးပါဘူး" ဟု Robertson က ရှင်းလင်း ပြောကြားသွားခဲ့သည်။

***********************************************************

မြန်မာနိုင်ငံတွင် အခွင့်အလမ်းရှာဖွေရန် ထိုင်းစီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

(Bangkok Post မှ 20 March 2012 ရက်စွဲပါ Thai firms urged to tap Myanmar rise ကိုဘာသာပြန်ဆိုသည်)

ထိုင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသော ၎င်းတို့၏ သဘောထားကို ပြောင်းလဲပစ်ရန် အစိုးရက လိုက်လံ တိုက်တွန်း ဆော်သြလျက် ရှိကြောင်း သိရသည်။

ထိုင်းစီးပွားရေးလုပ်ငန်းအတော်များများက ယနေ့အချိန်အထိ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်အောင် တံခါး ပိတ်ထားဆဲ ဖြစ်ပြီး စစ်အစိုးရလက်အောက်တွင် အဟန့်အတားများနှင့် စိန်ခေါ်မှုများစွာ ပြည့်နှက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်နေဆဲဖြစ်ရာ ထိုင်းအစိုးရက ယင်းသို့တိုက်တွန်းနေခြင်းဖြစ်သည်။ "မြန်မာနဲ့ ပတ်သက်ပြီး အခုလို နားလည် လက်ခံထားတဲ့ကိစ္စဟာ မှန်ကန်မှုမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအခြေခံ အုတ်မြစ်ကောင်းတွေဆီကို ဦးတည်ရွေ့လျားနေပြီဖြစ်တဲ့အတွက်ကြောင့်ပါ။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲက မြန်မာနိုင်ငံ ပြောင်းလဲနေတယ်ဆိုတာကို ညွှန်းဆိုနေပါတယ်" ဟု ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးရုံးမှ ဒါရိုက်တာ Prajuab Supinee ကပြောကြားသည်။

"ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို အခွင့်အလမ်းရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကြည့်သင့်ပါတယ်။ တစ်ခုတော့ ရှိပါတယ် မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု အတွက် ခိုင်မာပြီး ထိရောက်မှုရှိတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ လျော့နည်းနေပါတယ်။ ဒါပေမဲ့လည်း ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ကိုက်ညီမှုရှိမယ့် လုပ်ငန်းမျိုးတွေမှာ ပထမအဆင့်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ကြည့်သင့်ပါတယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော်လည်း စီးပွားရေးလုပ်ငန်းများ မည်သို့မည်ပုံ လုပ်ကိုင်ရမည် ဟူသောကိစ္စနှင့် ပတ်သက်၍ နားဝေ တိမ်တောင် ဖြစ်နေသူ ထိုင်းစီးပွားရေးအမှုဆောင်များအနေဖြင့် မြန်မာ ပြည်သူများအပေါ် ယုံကြည်မှုထားရှိသင့်ကြောင်း၊ မြန်မာပြည်သူများမှာ သဘာဝ ကိုယ်၌က လှည့်ဖျားတတ်သူများ မဟုတ်ဘဲ ရိုးစင်းမှုရှိသူမိတ်ဆွေများနှင့် စီးပွားရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်လိုသူများ ဖြစ်ကြောင်း Prajuab Supinee က အကြံပြုပြောဆိုသည်။

မြန်မာပြည်တွင်းလျှင်မြန်စွာပြောင်းလဲမှုကြောင့် နောင်နှစ်အနည်းငယ်အတွင်း သွင်းကုန်ပစ္စည်းများအပေါ် (အထူးသဖြင့် ထိုင်းနိုင်ငံထံမှ) ဝယ်လိုအား မြင့်တက်လာမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ပြည်သူများ၏ စီးပွားရေး အခြေအနေ တိုးတက် ကောင်းမွန်လာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဟောကိန်း ထုတ်လိုက်သည်။

မြန်မာသို့ ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းမှ သုံးသိန်းအထိ နှစ်စဉ်ပုံမှန်ဝင်ရောက်လေ့ ရှိခဲ့သည်။ သို့သော် ယမန်နှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား တစ်သန်းအထိ တိုးမြင့်ဝင်ရောက်ခဲ့သည်။ မြန်မာသို့လာရောက်သူ ကမ္ဘာလှည့်ခရီးသွား တစ်ဦးလျှင် ထိုင်းဘတ်ငွေ နှစ်သောင်းမှ သုံးသောင်းအထိ သုံးစွဲကြရသည်။ ဟိုတယ်ခန်းနှင့် လေကြောင်း ခရီးစဉ် လုံလောက်မှုမရှိခြင်းကြောင့် ကမ္ဘာလှည့်ဧည့်သည်များအနေဖြင့် အသုံးစရိတ် ပိုမိုကုန်ကျနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းအတော်များများကို ဧရာမစီးပွားရေးလုပ်ငန်းကြီး ငါးခုက ထိန်းချုပ်ထားသည်။ ၎င်းတို့မှာ လေကြောင်းလိုင်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သော Htoo Group၊ ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အဦဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်သော Asian World Group (အေးရှားဝေါလ်)၊ လမ်းဖောက်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်သည့် Max Group နှင့် ဘဏ်လုပ်ငန်းနှင့် လေကြောင်းလိုင်းလုပ်ငန်း လုပ်ကိုင်သော KBZ Group တို့ဖြစ်သည်။

KasikornBank မှ Ukrit Archapiroj က မြန်မာနှင့် ထိုင်းပြည်သူများသည် ကြိုက်နှစ်သက်ကြသည်ချင်း တူညီသောကြောင့် ထိုင်းကုမ္ပဏီများ အနေဖြင့် တူညီသော ထုတ်ကုန်များကို ဆက်လက်ထုတ်လုပ်သွားရန်သာရှိပြီး ဈေးကွက်လည်း ချဲ့ထွင်နိုင်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း အတော်များများမှာ ငွေသားလက်ငင်းပေးချေမှုစနစ်ဖြင့်သာ လည်ပတ်လျက် ရှိကြသည်။ မြန်မာအစိုးရအနေဖြင့် တရားဝင် ငွေလဲလှယ်နှုန်းထားနှင့် မှောင်ခိုငွေလဲလှယ်နှုန်းထား ကွာဟမှုကို လျှော့ချရန် အလို့ငှာ ငွေကြေးလဲလှယ်မှုနှုန်းအား မဖြစ်မနေ ပြုပြင် ပြောင်းလဲပေးရန် လိုအပ်သည်။ Mr Ukrit အဆိုအရ ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်တိုင် မြန်မာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူတို့ထက် နောက်ကျကျန်ရစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက အမေရိကန်ပြည်ထောင်စု အနေဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ဖယ်ရှားပေးလာမည်ဟု မျှော်လင့်ရကြောင်း ပြောကြားသည်။ "အမေရိကန် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အတော်များများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးပါပြီ။ မြန်မာပြည်က တိုးတက်မှုတွေ အပေါ် သူတို့တတွေ စိတ်ကျေနပ်မှု ရရှိသွားကြပါတယ်။ မြန်မာအနေနဲ့ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ အပတ်တကုပ် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်တည်း နေလို့မရဘူး။ ၂၀၁၄ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရတော့မှာပါ။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရေး ဆိုတဲ့ကိစ္စဟာ စိန်ခေါ်မှုဖြစ်သလို အခွင့်အလမ်းလည်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။

မကြာမီလပိုင်း အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး ဝန်ဆောင်မှုတို့ကို မြှင့်တင်ပေးမည့် ဥပဒေများ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ဦးမောင်မောင်လေးက ဆိုသည်။ "ထိုင်းနိုင်ငံဆိုတာ မြန်မာပြည်သူတွေနဲ့ အင်မတန် နီးကပ်ပါတယ်။ နှစ်နိုင်ငံစလုံးမှာ တူညီတဲ့ပန်းတိုင်ရှိတယ်။ ဗုဒ္ဓဘာသာ အပေါ် ယုံကြည်သက်ဝင်မှုမှာလည်း တူညီကြတယ်။ မတူညီတာ မရှိသလောက်ပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့တတွေ အတူနေပြီး အတူ အလုပ် လုပ်နိုင်ကြပါတယ်"  ဟု ၎င်းက ဆက်လက် ပြောကြားသွားသည်။

*****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment