Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. ရွေးကောက်ပွဲအတွက် အာဆီယံ လေ့လာသူများကို ဖိတ်ကြား

(Radio Australia News မှ 20 March 2012 ရက်စွဲပါ ASEAN observers invites to Burma elections ကို ဘာသာ ပြန်ဆိုသည်)

  1. ကိုရီးယားနယ်စပ် စစ်မက်မဖြစ်ပွားရေးဇုန်သို့ အိုဘားမားသွားမည်

(BBC News မှ 20 March 2012 ရက်စွဲပါ Obama to visit demilitarized zone on Korea's border ကို ဘာသာ ပြန်ဆိုသည်)

  1. အဖွဲ့အစည်းလိုက် အကျင့်ပျက် ခြစားသော တရားရုံးများက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆွဲ

(The Guardian မှ 20 March 2012 ရက်စွဲပါ James Ross ရေးသားသော Burma's push for freedom is held back by its institutionally corrupted courts ကို ဘာသာ ပြန်ဆိုသည်)

************************************************

ရွေးကောက်ပွဲအတွက် အာဆီယံ လေ့လာသူများကို ဖိတ်ကြား

(Radio Australia News မှ 20 March 2012 ရက်စွဲပါ ASEAN observers invites to Burma elections ကို ဘာသာ ပြန်ဆိုသည်)

လာမည့် ဧပြီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲလေ့လာသူ နှစ်ဆယ်ကျော် လာရောက်ခွင့် ပြုမည် ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများ အသင်း ASEAN က ကြေညာလိုက်သည်။

မြန်မာနိုင်ငံက အာဆီယံအား လေ့လာသူ ၅ ဦးနှင့် ပါလီမန်အမတ် ၁၈ ဦးကို ရွေးကောက်ပွဲကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။ လက်ရှိအစိုးရ၏ ပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်သော ကတိကဝတ်များ အပေါ် ယခုရွေးကောက်ပွဲက အဓိက စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု နိုင်ငံတကာက ရှုမြင်လျက် ရှိသည်။

************************************************

ကိုရီးယားနယ်စပ် စစ်မက်မဖြစ်ပွားရေးဇုန်သို့ အိုဘားမားသွားမည်

(BBC News မှ 20 March 2012 ရက်စွဲပါ Obama to visit demilitarized zone on Korea's border ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် တောင်-မြောက်ကိုရီးယား နယ်စပ်ရှိ စစ်မက် မဖြစ်ပွားရေးဇုန်သို့ ဆိုးလ်တွင် ကျင်းပမည့် နျူကလီယာ ထိပ်သီး အစည်းအဝေး မတိုင်မီ တနင်္ဂနွေနေ့တွင် သွားရောက် လည်ပတ်မည် ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံ ပိုင်းခြားထားသော နေရာသို့ အိုဘားမား သွားရောက်မည် ဆိုခြင်းသည် ပြုံယမ်းက လာမည့်လတွင် ဒုံးပျံလွှတ်မည်ဟု စီစဉ်ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသို့ သွားရောက်မှုသည် တောင်ကိုရီးယားကို ထောက်ခံကြောင်း ပြသရန်လည်း ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောသည်။ လက်ရှိအားဖြင့် ထိုနေရာတွင် တပ်စွဲထားသော အမေရိကန်တပ်သား ၂၈၅ဝဝ ခန့် ရှိသည်။ မြောက်နှင့် တောင်ကိုရီးယားတို့သည် ၁၉၅၃ က သုံးနှစ်ကြာစစ်ပွဲကို အပစ်အခတ် ရပ်စဲရန် သဘောတူညီချက်ဖြင့် ရပ်ဆိုင်းခဲ့ဖြစ်ပြီး မည်သည့် ငြိမ်းချမ်းရေးစာချုပ်မျှ မရှိထားပေ။ အမေရိကန်သည် ထိုစဉ်ကတည်းက တောင်ကိုရီးယားတွင် တပ်စွဲထားခဲ့သည်။

၎ ကီလိုမီတာ (၂.၅ မိုင်) ကျယ်သော DM 2 သည် ကမ္ဘာပေါ်တွင် လုံခြုံရေးထူထပ်စွာ ချထားရသော နေရာတစ်ခုဖြစ်သည်။ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် ၁၉၉ဝ နှစ်များက ထိုနေရာသို့ လာရောက်ခဲ့ရာ ထိုနေရာအား ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး နေရာ အဖြစ် ဖော်ပြခဲ့သည်။

အိုဘားမားသည် မြောက်ကိုရီးယားအပေါ် နျူကလီယာရည်မှန်းချက်များအတွက် ဖိအားသစ်များ ပေးရန် မျှော်မှန်းလျက်ရှိရာ တနင်္လာနေ့ ထိပ်သီး အစည်းအဝေး မတိုင်မီ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် တွေ့ဆုံဖွယ် ရှိသည်။ သုံးရက်ကြာ ကျင်းပမည့် နျူကလီယာ လုံခြုံရေး ထိပ်သီး အစည်းအဝေးတွင် နိုင်ငံပေါင်းများစွာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင် ၅၃ ဦးကျော် တက်ရောက်ကြမည် ဖြစ်သည်။

အိုဘားမားသည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး  ပြုံယမ်းနှင့် နျူကလီယာ ညှိနှိုင်းမှုတွင် ဘေဂျင်းမှ ဩဇာလွှမ်းမိုးမှု ရရေး တိုက်တွန်းသွားမည်ဟုလည်း မျှော်လင့်လျက် ရှိသည်။

ပြီးခဲ့သည့်အပတ်က မြောက်ကိုရီးယားသည် ကွယ်လွန်သွားပြီးဖြစ်သည့် ခေါင်းဆောင် ကင်အီဆွန်း၏ ရာပြည့်အထိမ်းအမှတ် ဂြိုလ်တုပါသည့် ဒုံးပျံ လွှတ်တင်မည်ဟု ကြေညာခဲ့ရာ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါလုပ်ဆောင်မှုသည် ၂ဝဝ၉ ခုနှစ်က အလားတူ လွှတ်တင်မှုအပြီး ထွက်ပေါ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။ ယင်းကို တောင်ကိုရီးယားက အရေးပါသော ရန်စမှုဖြစ်ကြောင်း ပြောခဲ့ပြီး ဂျပန်ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ၂ဝဝ၉ ခုနှစ်က ဒုံးပျံသည် ဂျပန်နိုင်ငံအပေါ်မှ ဖြတ်ကျော်သွားခြင်းကြောင့် ဂျပန်တို့ကလည်း စိုးရိမ်လျက် ရှိပြီး ဆွေးနွေး ညှိနှိုင်းမှု ပြုရန် ကြိုးပမ်းမှုကို အနှောင့်အယှက် ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်မှ စားနပ်ရိက္ခာတန် ၂၄ဝဝဝဝ ထောက်ပံ့မည် ဖြစ်၍ ပြုံယမ်းသည် တာဝေးပစ် ဒုံးကျည်များ စမ်းသပ်မှုကို ရပ်ဆိုင်းထားမည်ဟု သဘောတူခဲ့သည်။

မြောက်ကိုရီးယားက ပြောကြားရာတွင် ဂြိုလ်တုလွှတ်တင်ခြင်းသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ရန် အာကာသနည်းပညာ မြင့်မားလာရေး ဖြစ်ကြောင်း ပြောခဲ့သည်။

နျူကလီယာ ထိပ်သီး အစည်းအဝေးသည် နျူကလီယာ အကြမ်းဖက်မှု ခြိမ်းခြောက်မှုလျှော့ချရန် ပြုလုပ်ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား နှင့် အီရန်တို့၏ နျူကလီယာအစီအစဉ်များသည် တဖြည်းဖြည်း ခြိမ်းခြောက်လာသောကြောင့် ဖြစ်သည်။

**************************************************

အဖွဲ့အစည်းလိုက် အကျင့်ပျက် ခြစားသော တရားရုံးများက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆွဲ

(The Guardian မှ 20 March 2012 ရက်စွဲပါ James Ross ရေးသားသော Burma's push for freedom is held back by its institutionally corrupted courts ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုရနံ့များ လေထဲတွင် သင်းပျံ့လျက် ရှိသည်။ ကာလရှည်ကြာ ဖိနှိပ်ထားခြင်း ခံရသော မီဒီယာကဏ္ဍတွင် လမ်းပွင့်မှု အသစ်များ ရှိလာသည်။ အတိုက်အခံ NLD ပါတီသည် ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းဖြင့် နိုင်ငံရေးပြိုင်ဆိုင်မှုတွင် တရားဝင် ပြန်လည် ဝင်ရောက်လာသည်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာလည်း လွတ်လာခဲ့ပြီဖြစ်သည်။ ပြည်သူ့လွှတ်တော်ကလည်း အခြေခံ ရပိုင်ခွင့်များကို မြှင့်တင်ပေးမည့် ဥပဒေများ ပြဋ္ဌာန်းပေးလျက် ရှိရာ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များ ပါဝင်သည်။ မြန်မာပြည်သူလူထုသည် အဆိုပါ ရပိုင်ခွင့်များကို ငြင်းပယ် ခံထားရသည်မှာ ကြာပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်သည် ကန့်လန့်ကာနောက်ကွယ်တွင် ရှိနေဆဲ ဖြစ်ပြီးယခု ပြောင်းလဲမှုများ နောက်ပြန် မလှည့်ရန် ကာကွယ်ပေးမည့် စည်းမျဉ်း ဥပဒေများ ရှိမနေခြင်းမှာ စိုးရိမ်စရာ အကြောင်းတစ်ခု ဖြစ်နေသည်။

အစိုးရအနေဖြင့် ပြောင်းလဲမှုများအတွက် ကတိကဝတ်များကို စမ်းသပ်မည့် အချက်မှာ ဥပဒေကျွမ်းကျင်သော လွတ်လပ်သည့် တရားသူကြီးများ ဖွံ့ဖြိုးတိုးတက် များပြားလာစေရန် ခွင့်ပြုခြင်း ရှိမရှိ ဆိုသည့် အချက်ပင် ဖြစ်သည်။ အစိုးရဆန့်ကျင်သူများနှင့် တရားဥပဒေ လုပ်ငန်းစဉ်များကို လက်ခံနိုင်လာခြင်းသည် တရား စီရင်ရေး စနစ်ကို ကောင်းမွန် ဖွံ့ဖြိုးစေပြီး တရားဥပဒေ စိုးမိုးရေးကို ဖြစ်ထွန်းစေမည် ဖြစ်သည်။

အစိုးရနှင့် စစ်တပ်သည် နိုင်ငံရေး အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် ပဋိပက္ခကို မြန်မာနိုင်ငံ တရားသူကြီးများသည် မူအရ ရပ်တည်မည်လော၊ အာဏာ၏ အသုံးချခံ လက်ကိုင်တုတ်အဖြစ် ရပ်တည်မည်လောဟု ကမ္ဘာက ရှုမြင်ကြလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ တရားရုံးများသည် သူတစ်ပါးအား ဒုက္ခပေးရန်သက်သက်ထက် မပိုသော နေရာတစ်ခု ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ တရားရုံးများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ သတင်းစာ ဆရာများနှင့် ဘုန်းတော်ကြီးများကို တရားဥပဒေအတိုင်း ဆောင်ရွက်ရန် မျက်ကွယ်ပြုလျက် လက်ခံနိုင်ဖွယ် မရှိသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်မှာ ဆယ်စုနှစ်များနှင့် ချီ၍ ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော ကုလသမဂ္ဂပညာရှင်က ယခုလ တင်သွင်းသော အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး ဘက်မလိုက်သော၊ ထိရောက်စွာ တရားစီရင်နိုင်သော တရားသူကြီးများ မရှိကြောင်း မှတ်သားမိသည်ဟု ဆိုသည်။ ယင်းသည် ဗဟိုတရားရုံးချုပ်မှ တရားသူကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် တရားစီရင်ရေး စနစ်ကြီး လည်ပတ်နေမှုနှင့် လူ့စွမ်းရည်ဆိုင်ရာ ကိစ္စများတွင် စိန်ခေါ်မှုများ၊ ကွက်လပ်များ ဖြစ်နေခြင်းများအပေါ် အကန့်အသတ်နှင့်သာ သိရှိခြင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ လုပ်ဆောင်ဖွယ်ရာများကို စိတ်အားထက်သန်မှု မရှိခြင်းများကို သိရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စအတွက် အကောင်းဆုံး ဥပမာပေးရလျှင် ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုန်းကိစ္စတွင် အစိုးရ၏ တုံ့ပြန်မှု နှေးကွေးပုံအား လူရွှင်တော် ဇာဂနာက လူသိရှင်ကြား ဝေဖန်ခဲ့ရာ အစိုးရ တရားရုံးမှ တရားစီရင်ခဲ့ပုံ ဖြစ်သည်။ ထိုစဉ်က ဇာဂနာသည် တုန်လှုပ်ဖွယ် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

နိုင်ငံတကာမှ ကန့်ကွက်မှုများ သက်သာစေရန် ဇာဂနာ၏ ထောင်ဒဏ်ကို ၃၅ နှစ်သို့ လျှော့ချပေးရန် အထက်မှ ညွှန်ကြားခဲ့သည် ဆိုသည်မှာလည်း သံသယ ဖြစ်ဖွယ် မရှိပေ။ ဇာဂနာသည် ပြီးခဲ့သည့် အောက်တိုဘာက လွတ်မြောက်ခဲ့ရာတွင်လည်း ဗဟိုတရားရုံးချုပ်က ချမှတ်ခဲ့သည့် ပြစ်ဒဏ်အား ပယ်ဖျက်ပေးခဲ့၍ မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသား ၂၃ဝ အား လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့ခြင်းကြောင့် လွတ်လာခြင်းသာ ဖြစ်သည်။ နိုင်ငံရေးသမား အများစုမှာ ချွင်းချက်မရှိမဟုတ်ဘဲ ပြစ်မှုဆိုင်ရာ ဥပဒေအပိုဒ် ၄ဝ၁ အရ ကောင်းမွန်စွာ နေထိုင်ရန် ဟူသော ကန့်သတ်ချက်ဖြင့် လွှတ်ပေးခဲ့ခြင်းသာ ဖြစ်သည့်အတွက် အချိန်မရွေး ပြန်လည် ဖမ်းဆီးနိုင်သည်ဟူသော သဘောပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ မှစ၍ ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်တင်မြှောက်သော အစိုးရကို အာဏာသိမ်း၍ စစ်တပ်မှ နှစ်ပေါင်း ၅ဝ ခန့် အုပ်ချုပ်ခဲ့ခြင်းကြောင့် တရားရုံးများ အပါအဝင် နိုင်ငံတော်နှင့် ဆိုင်သော အဖွဲ့အစည်းများ ပျက်စီးသွားခဲ့သည်။ တရားရုံးများမှာ လုပ်ပိုင်ခွင့် အာဏာ မရှိတော့ဘဲ တရားသူကြီးများကိုလည်း စစ်အစိုးရကို သစ္စာရှိမှုကို အခြေခံကာ နေရာချထားခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများအပြီးတွင် လှုပ်ရှားခဲ့သူ အများအပြားကို ထောင်ချခဲ့ရာ ပုံမှန် တရားရုံးဖြင့် မဟုတ်ဘဲ အင်းစိန်ထောင်ထဲရှိ စစ်တရားရုံးများတွင် အကျဉ်းရုံး ပြုလုပ်၍ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော ပြဿနာမှာ တရားသူကြီးများက စစ်အစိုးရ၏ အာဏာပြ ခိုင်းစေနေခြင်းအား ဆန့်ကျင်၍ လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် ကြိုးစားနေခြင်းမျိုး မဟုတ်ဘဲ တရားသူကြီးများသည် စစ်တပ်အုပ်ချုပ်သော စနစ်၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်နေခြင်း ဖြစ်သည်။ တရားသူကြီးများသည် နိုင်ငံရေး အမှုများတွင် တရားမျှတမှုမရှိသော ပြစ်ဒဏ်များကို ပုံမှန်ချမှတ်ခြင်းဖြင့် ယင်းတို့၏ ရာထူးများ တည်မြဲပြီး အကျင့်ပျက် ခြစားမှုစနစ်၏ အကျိုးခံစားနေနိုင်မည် ဖြစ်သည်။

တိုင်းပြည်၏ အခြေခံဥပဒေသစ်ကလည်း လိုအပ်သော ပြောင်းလဲမှုများ လုပ်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ လွတ်လပ်စွာ တရားစီရင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားမှု ရှိသော်လည်း သမ္မတသည် တရားသူကြီးများ ခန့်အပ်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်းတို့တွင် လွှတ်တော်ကို ကျော်၍ လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ပေးမည့် တိကျသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ယန္တရားကလည်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် လွတ်လပ်၍ ရပိုင်ခွင့်ကို လေးစားသော တရားသူကြီးများ မည်သို့ ပေါ်ထွက် ထွန်းကားလာမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မှု မရှိသေးပေ။ မြန်မာနိုင်ငံတွင် အစိုးရနှင့် အာဏာ လက်ကိုင်ထားသူထံမှ တရားစီရင်ရေး လုပ်ငန်းစဉ်တွင် ဝင်ရောက်မစွက်ဖက်ပါဟူသော ရှင်းလင်း၍ တိကျသော ကတိကဝတ်များ မရှိမချင်း နိုင်ငံခြားမှ အကူအညီများနှင့် နည်းပညာအကူအညီများသည် လက်ရှိစနစ်ကို ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

အစိုးရနှင့် စစ်တပ်အနေဖြင့် တရားသူကြီးများအား မည်သို့ လုပ်ဆောင်ရမည်ဟု ဩဇာပေးခြင်းကို လုံးဝ ရပ်ပစ်ရန် လိုအပ်ပြီး နိုင်ငံရေး အကျဉ်းသားများကို အပြစ်မရှိပါက လွှတ်ပေးခြင်း၊ အကျင့်ပျက်ခြစားသော တာဝန်ရှိသူများကို အရေးယူခြင်း စသော ကိစ္စများကို ယင်းတို့ အလို မတူသည်ဖြစ်စေ တရားသူကြီးများက လုပ်ဆောင်ခဲ့လျှင် အရေးမယူကြောင်း ပြသရန် လိုအပ်သည်။

အရာရာ ပြည့်စုံ ကောင်းမွန်နေသော ဖြစ်စဉ်များတွင်ပင် ပြုပြင်ပြောင်းလဲမှုများမှာ အချိန်ယူရသည်။ စစ်မှန်သော အောင်မြင်မှု ရရှိရန် တရားစီရင်ရေး စနစ်တွင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် လိုအပ်လှသည်။ တရားဥပဒေဆိုင်ရာ ပညာပေးခြင်းများတွင် ကြီးမားသော ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်နေသည်။ ကျွမ်းကျင် တတ်မြောက်မှု အဆင့်အတန်းကိုလည်း ဖန်တီးပေးရန် လိုအပ်သည်။ လွတ်လပ်စွာ တရားစီရင်ရေးဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ကို ပြုစု ပျိုးထောင်ပေးရပါမည်။ တရားသူကြီးများကို ဘက်မလိုက်ဘဲ ရွေးချယ်ရေးကို အာမခံချက် ရှိမည့် အခြခံဥပဒေဆိုင်ရာ ပြင်ဆင်မှုများ မပြုလုပ်နိုင်သေးသည့်တိုင် အစိုးရအနေဖြင့် တရားသူကြီး ခန့်အပ်နိုင်ရန် လူရရှိရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းများ၊ အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသားအုပ်စုများ၏ လုပ်ဆောင်ပေးမှုများကို အစိုးရက လက်ခံရန် လိုအပ်ပေသည်။

တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း ဆိုသည်မှာ တရားရုံးများတွင် ယုံကြည် စိတ်ချရမှုကို ထူထောင်ခြင်းပင် ဖြစ်သည်။ ယနေ့ လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများ နောက်နေ့ ပြန်လည် အဖမ်းမခံရရေး သေချာစေသင့်သည်။ ဆန္ဒပြသူများကလည်း သိသင့်သည်မှာ ဥပဒေသစ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲက ဖမ်းဆီးသည့်တိုင် တရားသူကြီးက ပြန်လွှတ်ပေးနိုင်သည်ဟု ပါရှိသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ပဋိပက္ခဖြစ်နေသော ဒေသတွင် စစ်သားများ၏ ကျူးလွန်မှုများ ခံရသော တိုင်းရင်းသားများသည် တရားရုံးများတွင် ပြန်လည် လျှောက်ထားနိုင်ပြီး ထိုဒေသများတွင် တရားမျှတမှု ရှိရန် လိုအပ်ပေးသည်။

လက်ရှိ၌ မြန်မာနိုင်ငံတွင် မျှော်လင့်ချက်ရှိသော ပြောင်းလဲမှုများ ထွက်ပေါ်လာနေရာ လွတ်လပ်သောတရားသူကြီးများက ဆောင်ကြဉ်းပေးမည့် ဥပဒေဆိုင်ရာ အကာအကွယ်များ ရှိမှသာ စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်လာနိုင်မည် ဖြစ်သည်။

**********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment