Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. လူထုကို လွတ်မြောက်ရေးလမ်းပေါ် ဆောင်ကြဉ်းပေးသူ

(The New York Times မှ 14 March 2012 ရက်စွဲပါ Thomas Fuller ရေးသားသော A Most unlikely liberator in Myanmar ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************

လူထုကို လွတ်မြောက်ရေးလမ်းပေါ် ဆောင်ကြဉ်းပေးသူ

(The New York Times မှ 14 March 2012 ရက်စွဲပါ Thomas Fuller ရေးသားသော A Most unlikely liberator in Myanmar ကို ဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သည့် ၁၂ လက မြန်မာနိုင်ငံ သမ္မတ ဖြစ်လာခဲ့သော ဦးသိန်းစိန်သည် ယင်း၏ အလုပ်အကိုင် သက်တမ်းတစ်ခုလုံး နီးပါးသည် စစ်အစိုးရ တစ်ခု၏ သစ္စာရှိ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ သမ္မတဖြစ်လာပြီးနောက်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ လုံးဝ ပြောင်းလဲပစ်ခဲ့ပြီး မြန်မာ လူ့အဖွဲ့အစည်း အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမွေဆိုးများကို အမြစ်မှစ၍ ဖယ်ရှားပစ်ရန် တိုင်းပြည်အား ကတိပေးခဲ့သည်။

ဦးသိန်းစိန်သည် မျက်မှန်တပ်သည်။ စာဖတ်များသည်။ အသက် ၆၆ နှစ် ရှိပြီ။ ကျောက်တုံးအပြုံးကဲ့သို့ ပြုံးတတ်သူတစ်ဦး ဖြစ်သည်။ သို့သော် သမ္မတသည် တိုင်းပြည်ကိုပြုပြင်ပြောင်းလဲပစ်ရန် အဘယ်ကြောင့် ဆုံးဖြတ်သည်ကို ချက်ချင်းပြောပြရန် အဖြေရှာမရပါ။ အနည်းစုကမူ ယင်းကို မြန်မာ ဂေါ်ဘာချော့ဟု ခေါ်ဆိုသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ပြောင်းလဲမှုများမှာ ခိုင်မာသေးသည် မဟုတ်သောကြောင့် ထိုသို့ ပြောရန် စောလွန်းပါသေးသည်။

သို့သော် မွေးရပ်ဇာတိ ကျုံကူးကျေးရွာသို့ သွားရောက်ခဲ့သော ခရီးစဉ်သည် သမ္မတ၏ စိတ်ထဲ၌ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ရည်ရွယ်ချက် ကိန်းအောင်းသွားစေသည်ဟု ယူဆရသော သဲလွန်စ ရရှိခဲ့သည်။ ကျုံကူးရွာသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ချောင်းများ ဝန်းရံနေသော ရွာငယ်လေး တစ်ခု ဖြစ်သည်။ လွန်ခဲ့သော ၄ နှစ်က ဦးသိန်းစိန်သည် သဘာဝ ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။ ယင်းသည် မြစ်ဝကျွန်းပေါ်သို့ ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုစဉ် ဆင်းရဲသော ဒေသများတွင် ရုတ်တရက် ဖြစ်ပေါ်လာသော သဘာဝ ဘေးဆိုးကြီးများ အတွက် မည်သို့မျှ ပြင်ဆင်ထားနိုင်ခြင်းမရှိဘဲ လည်စင်းခံရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်သွားခဲ့သည်။

"နာဂစ်ဟာ ရင်ကို ထိသွားစေပါတယ်" ဟု Myanmar Egress မှ အကြီးအကဲဖြစ်သူ ဦးတင်မောင်သန်းက ပြောသည်။ Myanmar Egress သည် ရန်ကုန်အခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သမ္မတသို့ မူဝါဒ အကြံဉာဏ်များလည်း ပေးတတ်သည်။ "နာဂစ်ဟာ အစိုးရဟောင်းရဲ့ အကန့်အသတ်တွေကို သဘောပေါက်သွားစေပါတယ်" ဟု ဦးတင်မောင်သန်းက ဆက်လက်ဆိုသည်။

ဦးသိန်းစိန်အနေဖြင့် နားလည်သဘောပေါက်သွားစေသည့် အခြား အကြောင်းတရားများလည်း ရှိကောင်း ရှိနေနိုင်သည်။ ယင်းသည် ဝန်ကြီးချုပ်အဖြစ် ၃ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ရာတွင် နိုင်ငံကိုယ်စားပြု၍ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ခဲ့ရာ ပြည်ပသို့ ထွက်ခဲလှသော အခြားဗိုလ်ချုပ်များ ထက်စာလျှင် ပို၍ အကြိမ် အရေအတွက် များနေသည်။ ဦးသိန်းစိန်သည် နှလုံးရောဂါ ကုသမှု ခံယူနိုင်ရန် စင်ကာပူသို့လည်း ရောက်ရှိခဲ့သည်။ ကုလအစည်းအဝေးအတွက် နယူးယောက်သို့လည်း ရောက်ခဲ့သည်။ ထိုသို့ ရောက်ရှိခြင်းများကြောင့် သမ္မတသည် မျက်စိပွင့်သွားခဲ့ပြီး အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေးအရ ခေတ်နောက်ပြန်ဆွဲမှုကို သဘောပေါက်ခဲ့သည်။

စစ်တပ်အတွင်းမှ နောက်လိုက်များက သူသည် အလွန်အကျွံသစ္စာရှိသူ ဖြစ်သည့်အပြင် ပြည်သူများ၏ လိုလားချက်များကို အခြား ဗိုလ်ချုပ်များထက် ဂရုစိုက်သူတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ ဦးသိန်းစိန်သည် ရွှေတြိဂံတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က အခြားတိုင်းမှူးများ နှင့်ယှဉ်လျှင် ရက်စက် ကြမ်းကြုတ်မှု နည်းပါးသူဖြစ်ကြောင်း ရှမ်းသတင်းစာစောင် တစ်ခုမှ အယ်ဒီတာ ခွန်စိုင်းဂျာယန်က ပြောသည်။ ရွှေတြိဂံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်ခြင်းများဖြင့် ရှုတ်ထွေးသော ဒေသဖြစ်သည်။ "လူတွေကို အကြိုက်ဆုံးတိုင်းမှူးကို ပြောပါဆိုရင် သူ့ကို ပြောလိမ့်မယ်။ ဒါမှမဟုတ် ပိုတိတိကျကျ ပြောရရင် လူမုန်းအနည်းဆုံး တိုင်းမှူးဖြစ်ပါတယ်" ဟု ခွန်စိုင်းက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ဝေခွဲမရဖြစ်နေသော ကိစ္စတစ်ခုမှာမူ ဦးသိန်းစိန်က ဤထိပ်တန်းရာထူးကို အဘယ်ကြောင့် ရရှိခဲ့သနည်း ဆိုသည်ပင် ဖြစ်သည်။ စစ်အစိုးရ အတွင်းမှ အခြား ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် မတူ စစ်တပ်တွင် အာဏာ သက်ရောက်မှု ခြေခြေမြစ်မြစ် မရှိလှသောကြောင့် ဖြစ်သည်။ ယင်းတွင် ရည်ရွယ်ချက် တိတိပပ ရှိသည်လည်း မဟုတ်ပေ။ ရန်ကုန်စကားဝိုင်းတစ်ခု၏ အဆိုအရ ဦးသိန်းစိန်သည် အငြိမ်းစားယူ၍ ရွာငယ်တစ်ရွာတွင် နေထိုင်လိုသူ ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် သမ္မတရာထူးအတွက် တက်တက်ကြွကြွ ရည်မှန်း လုပ်ဆောင်ခဲ့ခြင်း မရှိဟု အကြံပေးများက ပြောသည်။

ယင်းသည် ဤမျှထိ တက်လာခြင်းမှာ စစ်တပ်မှတစ်ဆင့် ရာထူးတက်လာခြင်း ဖြစ်ပြီး အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် ကျေးဇူးရှိခဲ့သည်။ ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်ရန် စီမံခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်မည်ဟု ယုံကြည်ရသည်။ ဦးသန်းရွှေသည် ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်ခဲ့မှုကြောင့် အများက ကျယ်ပြန့်စွာ မုန်းတီးမှုကို ခံနေရသူ ဖြစ်သည်။။ ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်၍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ စတင် လုပ်ဆောင်စေခဲ့ခြင်းမှာ အသက်အရွယ် အိုမင်းနေပြီ ဖြစ်သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ငြိမ်းချမ်းစွာ၊ တိတ်ဆိတ်စွာ အနားယူနိုင်ရန် ဒီဇိုင်းဆင်ခဲ့ခြင်း ဖြစ်သည်ဟု အကြံပေးတစ်ဦးက ပြောသည်။

"ဒီပြုပြင်ပြောင်းလဲမှုတွေကြောင့် ဦးသန်းရွှေရဲ့ ဘဝက လုံခြုံသွားခဲ့ပါပြီ" ဟု သမ္မတ၏ အကြံပေးနှင့် မိန့်ခွန်း ရေးပေးသူ ဦးနေဝင်းမောင်က ပြောသည်။ "ဦးသန်းရွှေအတွက် လုံခြုံအောင် ဖန်တီးပေးလိုက်တာပါ။ လူထုအုံကြွမှုကတော့ သဘာဝ မကျတော့ပါဘူး" ဟုလည်း ယင်းက ဆိုသည်။

ဦးနေဝင်းမောင်သည် အထက်ပါမှတ်ချက်များကို နှလုံးရောဂါဖြင့် မကွယ်လွန်မီ တစ်လခန့်က အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်တာဗျူးတွင် ဦးသိန်းစိန်နှင့် ပတ်သက်၍ ယင်းက အပိုအလို မရှိ ပုံဖော်ခဲ့ရာ "သူက ရည်ရွယ်ချက်လည်း မကြီးမားဘူး။ ဆုံးဖြတ်ချက်လည်း ပေးနိုင်ခြင်း မရှိဘူး။ ထူးထူးခြားခြား လူတွေကို ဆွဲဆောင်နိုင်တဲ့ပါဝါလည်း မရှိဘူး။ ဒါပေမဲ့ ရိုးသားတယ်" ဟု ဆိုခဲ့သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသော တစ်ဦးတည်းသော ပုဂ္ဂိုလ် မဟုတ်ပေ။ နောက်ထပ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးကို ပြရပါလျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့် တွန်းတင်ရာတွင် အသံကျယ်သူ တစ်ဦး ဖြစ်သည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးများသည် ဗစ်တာဟူဂို၏ စကားဖြင့် ပြန်ပြောရလျှင် အချိန်ရောက်လာ၍ဟု ပြောရမည် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရသည် စီးပွားရေးလုပ်ငန်းငယ်လေးများ လူသိမခံဝံ့ခဲ့သည့် ရည်မှန်းချက်များ၊ လိုလားချက်များကိုလည်း လုပ်ဆောင်ပေးလျက် ရှိသည်။ မြန်မာပြည်သူများနှင့် ဘုန်းတော်ကြီးများသည် စစ်အစိုးရ လက်အောက်တွင် ခါးစည်း ခံစားခဲ့ကြရပြီး ပြီးခဲ့သည့်နှစ်က အာရပ်နွေဦးကို တစ်နည်းအားဖြင့် အာရုံစိုက်မိခဲ့ကြသည်။

သို့သော် ဦးသိန်းစိန်၏ ကဏ္ဍကိုလည်း လျှော့မတွက်သင့်ကြောင်း ဝေဖန်သုံးသပ်သူများက ဆိုသည်။ အစိုးရ၏ အဓိကအောင်မြင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကိုရပြီး သူမအနေဖြင့် နိုင်ငံရေးစနစ်အတွင်းသို့ ပြန်ဝင်လာခြင်းဖြစ်ရာ ပြည်တွင်းရောပြည်ပကပါ ဦးသိန်းစိန်အား အသိအမှတ် ပြုလာမှုသည် ခက်ခဲသော အောင်မြင်မှုတစ်ခု ဖြစ်ချေသည်။

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား အောင်မြင်စွာ သိမ်းသွင်းနိုင်ခြင်းမှာ တစ်ကိုယ်ရေ အစွမ်းအစကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ယုံကြည်လျက် ရှိသည်။ ယင်းသည် စစ်တပ်အရာရှိ ဘဝမှ လာသော စစ်ပုံစံမှ တစ်မူကွဲထွက်နေသူ ဖြစ်သည်။ အထူးသဖြင့် နာမည်ဆိုး ရှိသော စစ်တပ်မှ အရာရှိဆိုးပုံစံ မဟုတ်ပေ။ ဦးနေဝင်းမောင်က သမ္မတကြီးအား စစ်သားပုံစံနှင့် မတူသူဟု ဆိုခဲ့သည်။

ဦးသိန်းစိန်အား လွန်ခဲ့သော ဖေဖော်ဝါရီလက တွေ့ဆုံခဲ့သော အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်က ဦးသိန်းစိန်သည် အလွန်တရာ နူးညံ့သော လူကြီးလူကောင်းဖြစ်ပြီး အလွန်ဂရုစိုက်တတ်သူလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ "သူတပါးပြောတာကိုလည်း သေချာ နားထောင် ပေးတတ်သူပါ" ဟု ယင်းက အင်တာဗျူးတစ်ခုတွင် ဆိုသည်။

ဦးသိန်းစိန်သည် အကျင့်ပျက်သော စစ်အစိုးရတွင် ထူးခြားသန့်ရှင်းသောသူတစ်ဦးလည်း ဖြစ်သည်။ စစ်အစိုးရသည် ကန်ထရိုက်များအတွက် ငွေယူပြီး လုပ်ပိုင်ခွင့်များကို မိသားစုများ၊ မိတ်ဆွေများသို့သာ ချပေးထားသည်။ စစ်အစိုးရက အရပ်သားအစိုးရသို့ အာဏာမလွှဲမီ တစ်နှစ်က တိုင်းပြည်၏ တန်ဖိုးကြီးပိုင်ဆိုင်မှုများကို ရောင်းချပစ်ခဲ့ရာတွင် စစ်အစိုးရ ခေါင်းဆောင်ဟောင်းများသည် အကျိုးစီးပွားရရှိပြီး ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲမှုအတွက် မနှစ်သက်သော်လည်း သဘောတူခဲ့ခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဦးသိန်းစိန်၏ သမီး ၃ ဦးသည် အခြား ဗိုလ်ချုပ်သားသမီးများနှင့် မတူဘဲ အများ မျက်စိဆံပင်မွှေး မစူးအောင် နေထိုင်ခဲ့ကြသည်။ ဗိုလ်ချုပ် သားသမီး အများစုသည် အများမနာလိုလောက်စရာ စည်းစိမ်ချမ်းသာကြောင်း ထုတ်ဖော် မော်ကြွားကြပြီး ထိပ်တန်းလုပ်ငန်းရှင်များနှင့် စီးပွားရေး စပ်တူ လုပ်ကိုင်ခဲ့ကြသည်။ ဦးသိန်းစိန်၏ ဇနီးဖြစ်သူသည်လည်း သိုသိုသိပ်သိပ် နေထိုင်တတ်ပြီး ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အတူရှိနေခဲ့သည်။ အမျိုးသမီးနှစ်ဦးသည် ထိုစဉ်က ဆက်ဆံရေးအဆင်ပြေခဲ့သည်ဟု တက်ရောက်သော သတင်းထောက်များက ဆိုသည်။

ရန်ကုန်မှ ၈ နာရီကားလမ်းခရီးတွင် တည်ရှိသော ဦးသိန်းစိန်၏ ဇာတိရွာကလေးသည် သမ္မတဖြစ်ပြီး တစ်နှစ်ကာလအတွင်း လမ်းခင်းပေးခြင်း၊ မရှိသေးသော ရေပေးဝေခြင်းစနစ်များ ပြုလုပ်ပေးခြင်းလည်း မရှိသေးပေ။ ရွာသို့လာသော ဧည့်သည်များ ညမှောင်ချိန်တွင် လမ်းပေါ်မထွက်ရန်နှင့် ရွာသို့ ဆက်ထားသော လမ်းပေါ်တွင် ညအချိန် ဆင်များနှင့် တိုက်မိနိုင်ကြောင်း သတိပေးမှုပင် ရှိနေသည်။ သမ္မတတစ်ဦးအနေဖြင့် ဇာတိရွာကိုပင် မျက်နှာသာ ပေးခြင်း၊ မျက်နှာလိုက်ခြင်း မရှိဟု ဆိုရမည် ဖြစ်သည်။ "သူက တော်တော်ရိုးတဲ့သူဗျ။ သူ့ရွာကိုလည်း ဦးစားမပေးပါဘူး" ဟု ဦးသိန်းစိန်အိမ်၏ မျက်စောင်းထိုးခြမ်းတွင် နေထိုင်သူ ဦးကျော်စိုးက ပြောသည်။

ဦးသိန်းစိန်သည် သားသမီး ၃ ဦးတွင် အငယ်ဆုံးသားဖြစ်ပြီး ကျုံကူးရွာအလယ်ရှိ သစ်သားအိမ်ကလေးတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်ယာ ပိုင်ဆိုင်ခြင်းလည်း မရှိပေ။ ဖခင်ဖြစ်သူ ဦးမောင်ဖြိုးသည် မြစ်ဆိပ်တွင် ကုန်ပစ္စည်းထမ်းခြင်းနှင့် ဝါးဖျာရက်ခြင်းဖြင့် အသက်မွေးကြောင်း ဦးကျော်စိုးက ပြောသည်။ သမ္မတကြီး၏ ဖခင်သည် ဘုန်းကြီးလူထွက်တစ်ဦးဖြစ်ပြီး ထိုစဉ်က စာတတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းလည်း ပြောသည်။ "သူအောင်မြင်ရတဲ့ အကြောင်းကတော့ သူ့အဖေပါပဲ။ သူ့ဘဝမှာ သူ့အဖေက သိပ်အရေးပါပါတယ်။ သူ့ အမေကတော့ အတွင်းစိတ် တန်ဖိုးရှိဖို့ သင်ကြားပေးခဲ့တယ်" ဟု ဦးကျော်စိုးက ဆိုသည်။ မိခင်ဖြစ်သူ ဒေါ်ခင်ညွှန့်သည် အိမ်မှုကိစ္စများ ဆောင်ရွက်ပြီး မိသားစုပိုင် လက်ဖက်ရည်ဆိုင်ကို ကူညီ လုပ်ကိုင်ပေးသူ ဖြစ်သည်။

သမ္မတ၏ မိဘနှစ်ပါးသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်က ကွယ်လွန်သွားခဲ့ပြီး မွေးဖွားခဲ့ရာအိမ်လည်း မရှိတော့ပေ။ သို့သော် ဇာတိရွာသို့ သွားရောက်ကြသည့် သတင်းထောက်များနှင့် ဓာတ်ပုံဆရာများကို အာဏာပိုင်များက မနှစ်သက်ကြသေးပေ။ သမ္မတကြီး၏ မိတ်ဆွေများနှင့် မိသားစုဝင်များအား ကြားလူမှတစ်ဆင့် ဆက်သွယ်ပြီးနောက် ရွာသို့သွားရာတွင် စာရေးသူ၏ ကားကို တာဝန်ရှိသူများက နောက်မှလိုက်လာကြပြီး အရပ်ဝတ် ရဲများက စောင့်ဆိုင်းနေကြသည်။ "ကျွန်တော်တို့ ခင်ဗျားကို မျှော်နေတာပါ" ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ ဦးမြင့်ဦးက ပြောသည်။

အာဏာပိုင်များသည် ယဉ်ကျေးကြသည်။ ဘီယာ၊ မုန့်တို့ဖြင့် ဧည့်ခံသည်။ သို့သော် အင်တာဗျူးပြုလုပ်စဉ် ရဲများက လိုက်လံ မှတ်သားကြသည်ကို တွေ့ရသည်။ နိုင်ငံခြားသား သတင်းစာဆရာ တစ်ဦးကို မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ကြိုဆိုနေကြခြင်းသည် မြန်မာနိုင်ငံ၏ စနစ်ဟောင်းနှင့် စနစ်သစ် လွန်ဆွဲနေမှုကို ဖော်ပြနေသည်။ မြန်မာနိုင်ငံသည် ယခုအခါ အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကြား လမ်းတစ်ဝက်တွင် ရောက်ရှိလျက် ရှိသည်။

"ကျွန်တော်တို့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အမြဲတမ်း တည်မယ့်မူတွေနဲ့ နိုင်ငံသစ် တည်ဆောက်ပြီးပြီလား မေးရင် လုပ်စရာတွေ အများကြီး ရှိပါသေးတယ် လို့ ဖြေရမှာပါ" ဟု ဦးသိန်းစိန်က ယခုလ အစောပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းသည် အတွေးသစ်၊ အမြင်သစ်များ ပါသော စကားလုံးများကြောင့် စိတ်ဝင်စားဖွယ်နှင့် ဆွဲဆောင်မှု အပြည့်ရှိခဲ့သည်။ သမ္မတကြီးသည် သတင်းမီဒီယာများအပါအဝင် နိုင်ငံရေးတွင် ပါဝင်ပတ်သက် လှုပ်ရှားနေသူများ အကြောင်းကို ပြောကြားခဲ့သည်။ မီဒီယာကို စတုတ္ထ မဏ္ဍိုင်ဟု ခေါ်ခဲ့ပြီး မီဒီယာများသည် လွတ်လပ်မှုနှင့် တာဝန်ယူမှု ရှိရမည်ဟု ယင်းက ပြောခဲ့သည်။

အားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထားရှိရေးကိုလည်း သမ္မတက ကတိပြုခဲ့သည်။ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် လေးဆပိုမို သုံးစွဲမည် ဖြစ်ပြီး ပညာရေးအတွက် နှစ်ဆ ပိုမို သုံးစွဲမည်ဖြစ်ကြောင်း ပြောသည်။

ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ် မေလက သမ္မတအဖြစ် စတက်လာစဉ်ကလည်း ထိုသို့သော မိန့်ခွန်းမျိုးကို ပြောခဲ့သည်။ ထိုစဉ်က ဆယ်စုနှစ် ၅ ခုခန့် စစ်တပ်အုပ်ချုပ်ရေးနှင့် မကျွမ်းကျင်သော စီးပွားရေး စီမံခန့်ခွဲမှုများအပေါ် အပြောင်းအလဲ လိုလားနေသော တိုင်းပြည်အား ပျားရည်နှင့် ဝမ်းချ လေသလောဟု အများက သံသယ ရှိခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်လယ်ခန့်တွင် ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ မီဒီယာ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အများမကြိုက်သည့် တရုတ် ရေအား လျှပ်စစ်စီမံကိန်းအား ရပ်ဆိုင်းခြင်း၊ မြေယာနှင့် အလုပ်သမား ဥပဒေများ ပြန်လည် ရေးဆွဲခြင်းဖြင့် သံသယရှိသူများ ယုံကြည်လာအောင် ပြုလုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ပွင့်ပွင့်လင်းလင်း အခြေအတင် ပြောဆိုမှုများကိုလည်း အားပေးလာသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ခိုင်မာမှုကားမရှိသေးပေ။ တရုတ်ကလည်း ရပ်ဆိုင်းထားသော ရေလှောင်တမံ ပြန်လည် ဆောက်လုပ်ရေး အတွက် ဖိအားပေးလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းလျက်ရှိရာ စစ်တပ် နောက်ခံပြု အာဏာရ ပါတီ၏ အာဏာ အလွဲသုံးစား ပြုမှုများနှင့် ရွေးကောက်ပွဲ မသမာမှုများ ရှိနိုင်ပုံကို စောဒကတက်လျက် ရှိသည်။

ဝေဖန်သုံးသပ်သူ အများစုက ပြောကြားရာတွင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် လူပုဂ္ဂိုလ်ပေါ်တွင်သာ များစွာ မူတည်နေပြီး ဦးသိန်းစိန်၊ ယင်း၏ အကြံပေး အနည်းစုနှင့် ပြုပြင်ပြောင်းလဲရေးစိတ်ရှိသူ ဝန်ကြီးအချို့၏ အောင်မြင်မှုပေါ်တွင် မူတည်သဖြင့် စိုးရိမ်ကြောင်း ပြောကြသည်။ နိုင်ငံရေး အရ စိတ်အားထက်သန်မှုများ တဖြည်းဖြည်း အားနည်း ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်ရသည်။ ဝုန်းကနဲ တက်လာသော နိုင်ငံရေး လွတ်လပ်ခွင့် များသည် ဆင်းရဲမွဲတေမှု ဝဲဩဃဆိုသည့် အမှန်တရားကြောင့် တဖြည်းဖြည်း ပြန်လည် ပျောက်ဆုံးသွားနိုင်ပေသည်။ ဆင်းရဲမွဲတေမှုမှာ ပပျောက်ရေး အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

"အခုကာလကတော့ စိတ်လှုပ်ရှားရပြီး ဘာမှ မပေါ်လွင်သေးတဲ့ ကာလတွေပါ။ မကြာမီ စိတ်ပျက်ဖွယ်ရာ ကာလတွေလည်း လာပါဦးမယ်" ဟု သမ္မတ အကြံပေး၊ မိန့်ခွန်းရေးပေးသူ ဦးနေဝင်းမောင်က ပြောသည်။

********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment