Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အာဏာပိုင်များ၏ မမျှတမှု NLD ကန့်ကွက်

(AFP News မှ 18 March 2012 ရက်စွဲပါ Suu Kyi's party complains of unfair treatment ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ UBI ဘဏ် မြန်မာတွင် ရုံးခွဲဖွင့်မည်

(The Telegraph မှ 20 March 2012 ရက်စွဲပါ “UBI to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. IAEA အား မြောက်ကိုးရီးယားဖိတ်ကြား

(BBC News မှ 19 March 2012 ရက်စွဲပါ UN nuclear watchdog invited North Korea ကို ဘာသာပြန်ဆိုသည်)

  1. စီးပွားရေးနှင့် ယွမ်ငွေကို တရုတ်တို့ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု IMF ပြော

(BBC သတင်းဌာနမှ 18 March 2012 ရက်စွဲပါ Lagarde says China must reform economy and yuan ကို ဘာသာပြန်ဆိုသည်)

******************************************************************************

အာဏာပိုင်များ၏ မမျှတမှု NLD ကန့်ကွက်

(AFP News မှ 18 March 2012 ရက်စွဲပါ Suu Kyi's party complains of unfair treatment ကို ဘာသာ ပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အကြို အာဏာပိုင်များ၏ မမျှတသော အပြုအမူကို ကန့်ကွက် ထုတ်ဖော် ပြောကြားလိုက်သည်။

စစ်ကိုင်း အနောက်မြောက်ဖက် ကျေးရွာတစ်ရွာမှ ရွာသားများကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီက ပါတီစည်းဝေးပွဲသို့ အတင်းအကြပ် တက်ရောက်ခိုင်းသည်ဟု NLD ပါတီက ပြောသည်။ ထို့ပြင် ကြံ့ခိုင်ရေးက ကျေးရွာ စာသင်ကျောင်းအတွက် ငွေကျပ် ၃ သိန်းခွဲခန့် လှူဒါန်းခဲ့ပြီး နောက်လ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးအနိုင်ရပါက အလားတူငွေပမာဏကို ထပ်မံ လှူဒါန်းမည်ဟု ကတိပြုပြောဆိုကြောင်း၊ သို့သော် အစိုးရပိုက်ဆံလား၊ ပါတီ ရံပုံငွေလား ဆိုသည်ကို ခွဲခြားပြောဆိုခြင်း မရှိကြောင်း NLD က ထောက်ပြ ဝေဖန်ထားသည်။ ယင်းအပြုအမူများသည် လက်သင့်ခံနိုင်စရာ မရှိသည့်အပြင် ရွေးကောက်ပွဲ ဥပဒေများနှင့်လည်း ဆန့်ကျင်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင်လည်း မဲဆန္ဒရှင်စာရင်း၌ ကွယ်လွန်သူ ၄၁၃ ဦး၏ အမည်များ ပါဝင်နေခြင်း၊ မဲပေးခွင့်ရှိသူ ၁၃၈၇ ဦး၏ အမည်များ မဲစာရင်းတွင် မပါဝင်ခြင်း၊ မဲဆန္ဒရှင် ၂၅၉ ဦး၏ အမည်များကို နှစ်ကြိမ်ထည့်သွင်းထားခြင်း စသည့် မသင်္ကာဖွယ် ကိစ္စများကို တွေ့ရှိထားသည်ဟု NLD ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ထပ်ပိုင်း အငြိမ်းစား စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သော ၂ဝ၁ဝ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ခြိမ်းခြောက်မှုများ၊ လိမ်လည်မှုများ အလွန်အကျွံ ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ ပေါ်ထွက်လာသောကြောင့် ကမ္ဘာ့အလယ် အရှက်တကွဲ သိက္ခာကျခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ပါတီဝင်များ မပါဝင်နိုင်အောင် စည်းကမ်း သတ်မှတ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရသောကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် လွဲချော်သွားသူ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးတွင်မူ တပ်မတော်အစိုးရက ရွေးကောက်ပွဲ မသမာမှုသတင်းများကို အာရုံပြောင်းလှည့်စားရန် အတွက် အကျယ်ချုပ်ဖမ်းဆီးထားရာမှ ရုတ်တရက် လွှတ်ပေးခဲ့သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်တော့မည် ဖြစ်သော်လည်း လစ်လပ်အမတ်နေရာ ၄၈ နေရာသာ ပါဝင်သောကြောင့် လွှတ်တော်တွင်း အာဏာရပါတီ၏ ကြီးစိုးမှုကို စိန်ခေါ်ရန် လုံလောက်ဦးမည် မဟုတ်ပေ။ ထို့အပြင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ကာလမတိုင်မီကပင် ကြိုတင်မဲများ စုဆောင်းပြီးစီးနေပြီဟူသော သတင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သည်ဟု NLD က ထုတ်ဖော် ပြောဆိုထားသည်။

ယခုကဲ့သို့ NLD က ကန့်ကွက်ခြင်းသည် ပထမဆုံးအကြိမ်ကား မဟုတ်ပေ။ ယခင်လကလည်း NLD ၏ လူထု အစည်းအဝေးပွဲပြီးများ ကျင်းပနိုင်မည့် နေရာများ ပိတ်ပင်ခံရကြောင်း NLD က တိုင်ကြားခဲ့သည်။ သို့သော် နာရီပိုင်းအကြာတွင် တားမြစ်မှုများ ရုတ်သိမ်းသွားသည်ဟုလည်း ထုတ်ပြန်ကြေညာသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆက်တိုက် ဖြစ်ပေါ်နေသော အပြောင်းအလဲများထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခြင်းသည်လည်း အရေးပါဆုံး ပြောင်းလဲခြင်း လက္ခဏာတစ်ခု ဖြစ်နေသည်။ လက်ရှိအစိုးရသစ်က NLD ကို တရားဝင် နိုင်ငံရေး လှုပ်ရှားခွင့် ပေးခြင်း၊ ယခင်က ငြင်းဆိုထားခဲ့သော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား သူပုန်များနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခြင်းတို့ အပါအဝင် ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်ပြကာ အကဲခတ် လေ့လာသူများ မျက်စိလည်အောင် လုပ်ဆောင်လျက် ရှိသည်။

အစိုးရသည် ပြုပြင်ပြောင်းလဲမှုကို တရားဝင် အသိအမှတ်ပြု ခံရစေရန်နှင့် အနောက်နိုင်ငံ ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်းစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ကို မြင်တွေ့လိုပုံရသည်ဟု အကဲခတ် လေ့လာသူများက သုံးသပ် ယုံကြည်လျက် ရှိသည်။

*********************************************************

အိန္ဒိယ UBI ဘဏ် မြန်မာတွင် ရုံးခွဲဖွင့်မည်

(The Telegraph မှ 20 March 2012 ရက်စွဲပါ “UBI to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၅ တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလျံသို့ ရောက်ရှိအောင် နှစ်ဆမြှင့်တင်ရန် စီစဉ်ထားသော အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်အတွက် အိန္ဒိယနိုင်ငံပိုင် United Bank of India (UBI) ဘဏ်၏ ရုံးခွဲကို ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်သည်။

Bengal ကုန်သည်ကြီးများအသင်းတွင် ပြုလုပ်သော အိန္ဒိယ-မြန်မာ ဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် UBI ဘဏ်ဥက္ကဋ္ဌ ဘာစကာဆင်းက "ရန်ကုန်မြို့မှာ UBI ကိုယ်စားလှယ်ရုံး ဖွင့်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ ဒီကိစ္စအတွက် အိန္ဒိယအစိုးရဆီက မူအားဖြင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

UBI ဘဏ် ရန်ကုန်ရုံးခွဲကို လာမည့် ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ဟု ဘာစကာဆင်းက ဆိုသည်။ "ဒီအစီအစဉ်ကြောင့် ကုန်သည်တွေရဲ့ ငွေပေးငွေယူ အရောင်းအဝယ်ကိစ္စတွေရဲ့ စရိတ်စကကို သက်သာအောင် ကူညီနိုင်မှာဖြစ်တဲ့အပြင် ရလဒ်အနေနဲ့ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး ပိုမို လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်" ဟု UBI ဘဏ်ဥက္ကဋ္ဌက ပြောသည်။

အိန္ဒိယ UBI ဘဏ်သည် မြန်မာဘဏ် ၃ ခုနှင့်လည်း နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။Bank of India ဘဏ်၊ SBI ဘဏ်၊ Exim ဘဏ် စသော အခြားအိန္ဒိယဘဏ်များသည်လည်း မကြာမီ ကာလအတွင်း မြန်မာနိုင်ငံ၌ ရုံးခွဲများ ဖွင့်လှစ်ကြမည့် အလားအလာ ရှိသည်ဟု UBI ဘဏ်ဥက္ကဋ္ဌ ဘာစကာဆင်းက ပြောကြားသွားသည်။

********************************************************

IAEA အား မြောက်ကိုးရီးယားဖိတ်ကြား

(BBC News မှ 19 March 2012 ရက်စွဲပါ UN nuclear watchdog invited North Korea ကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောကြားရာ ၎င်းတို့အား မြောက်ကိုးရီးယားမှ လာရောက် လည်ပတ်ရန် ဖိတ်ကြားထားကြောင်း ဆိုသည်။ မြောက်ကိုးရီးယားသည် လွန်ခဲ့သည့်သုံးနှစ်က ၎င်း၏ စစ်ဆေးရေး လုပ်ဆောင်သူများအား နှင်ထုတ်ခဲ့ဖူးသော နိုင်ငံဖြစ်သည်။

နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ (IAEA) က ပြောကြားရာတွင် မတ်လ(၁၆)ရက်နေ့က ပြုံယမ်းမှ စာတစ်စောင် လက်ခံရရှိကြောင်း၊ အသေးစိတ်ကိုမူ ညှိနှိုင်းဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြုံယမ်းသည် ပြီးခဲ့သည့်လက ယူရေနီယံသန့်စင်ခြင်း၊ နျူကလီယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ခြင်းများကို ရပ်ဆိုင်းထားရန် သဘောတူခဲ့သည့် အပြင် ကုလသမဂ္ဂစစ်ဆေးသူများအား တိုင်းပြည်သို့ ဝင်ခွင့်ပေးရန် သဘော တူခဲ့သည်ဟု အမေရိကန်က ပြောသည်။ အပြန်အလှန် အားဖြင့် ဝါရှင်တန်ကလည်း မြောက်ကိုးရီးယားသို့ စားနပ်ရိက္ခာ (၂၄၀၀၀၀) တန်အား ပေးရန် သဘောတူခဲ့သည်။ ထိုသို့လုပ်ဆောင်လာခြင်းမှာ ကင်ဂျုံအန် တက်လာပြီး သုံးလအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ပြုံယမ်းက ဒုံးပျံတပ်ထားသောဂြိုလ်တု (Rocket- mounted satellite) လွှတ်တင်မည်ဟု ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ရာ မြောက်ကိုးရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်မှုအား သံသယ ဝင်ခဲ့သည်။ မြောက်ကိုးရီးယားကမူ ဂြိုလ်တုလွှတ်တင်မှုမှာ ဧပြီလ ၁၂ မှ ၁၆ ရက်အတွင်း ဖြစ်မည်ဖြစ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် ၁၀၀ မြောက်မွေးနေ့အထိမ်းအမှတ် အဖြစ် ဖြစ်ကြောင်း ပြောသည်။ မည်သို့ လွှတ်တင်ခြင်းမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ပြီး၊ အမေရိကန်ကလည်း ကြီးမားသော ရန်စမှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဗီယင်နာအခြေစိုက် IAEA က ကြေညာရာတွင် ၎င်းသည် တနင်္လာနေ့က ပြုံယမ်းထံမှ ဖိတ်ကြားချက် လက်ခံရရှိသည်ဟု ဆိုသည်။ ၎င်းက သွားရောက် လည်ပတ်ရေးအတွက် ပြုံယမ်းနှင့်လည်းကောင်း၊ အခြား သက်ဆိုင်သူများနှင့် လည်းကောင်း ဆွေးနွေးသွားမည်ဟု IAEA က ပြောသည်။ “ဘာမှ မဆုံးဖြတ်ရသေးပါဘူး” ဟု IAEA ပြောခွင့်ရပုဂ္ဂိုလ် Gill Tudor က ပြောခဲ့ခြင်းကို ကိုးကား၍ Reuters က ဖော်ပြခဲ့သည်။

ဖိတ်ကြားချက် အသေးစိတ်ကိုမူ IAEA က ဖော်ပြခြင်းမရှိပေ။ IAEA အနေဖြင့် မည်မျှအတိုင်းအတာအထိ စစ်ဆေးခွင့် ရမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဗီယင်နာမှ BBC သတင်းထောက် Bethany Bell က သတင်း ပေးပို့ခဲ့သည်။ ယခင်မြောက်ကိုးရီးယားသည် အဓိကနေရာများအား ဝင်ရောက်ရန် ကန့်သတ်ထားကြောင်း သူမက ပြောကြားသည်။

ပြီးခဲ့သည့်ဆယ်နှစ်က ပြုံယမ်းသည် အမေရိကန်နှင့် ညှိနှိုင်းခြင်း အဆင်မပြေမှုကြောင့် IAEA စစ်ဆေးရေးမှူးများကို နှင်ထုတ်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်ကလည်း နျူကလီယားမပြန့်ပွားရေးစာချုပ်မှ နုတ်ထွက်ခဲ့သည်။ တဖန် နှစ်အနည်းငယ် အကြာတွင် စစ်ဆေးရေးမှူးများအား ပြန်လည်လက်ခံခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြန်လည်နှင်ထုတ်ခဲ့သည်။

************************************************

စီးပွားရေးနှင့် ယွမ်ငွေကို တရုတ်တို့ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဟု IMF ပြော

(BBC သတင်းဌာနမှ 18 March 2012 ရက်စွဲပါ Lagarde says China must reform economy and yuan ကို ဘာသာပြန်ဆိုသည်)

ပို့ကုန်တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် တရုတ်နိုင်ငံ၏ စီးပွားရေးအလွန်အမင်း မှီခိုနေရမှုကို ဘေဂျင်းအစိုးရ အနေဖြင့် ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့(IMF) အကြီးအကဲ Ms Christine Lagarde က အကြံပြုပြောကြားလိုက်သည်။

တရုတ်ပြည်အနေဖြင့် ဈေးကွက်ဦးစားပေးသည့် အပြောင်းအလဲများကို ဆောင်ကြဉ်းနိုင်မည်ဆိုပါက ယွမ်ငွေမှာ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး ဖြစ်လာနိုင်ကြောင်း ၎င်းကပြောဆိုသည်။ Ms Christine သည် ယခု ရက်သတ္တပတ်အတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက် လည်ပတ်လျက်ရှိသည်။

ဘေဂျင်းမြို့တော်တွင် တရုတ်နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ ၎င်းက "ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုရှိလာသည့် အရိပ်အယောင်များ တွေ့မြင်ရပြီ ဖြစ်ကြောင်း" ပြောဆိုသည်။ တရုတ် ခေါင်းဆောင်ပိုင်းသည် ယခုအခါ အပြောင်းအလဲများပြုလုပ်လိုသည့် သဘောမျိုး ရှိနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ အပြောင်းအလဲ လုပ်ရာတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်ပြည်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု အတွက် အရေးပါသော မောင်းနှင်အားအဖြစ် ဆက်လက်ကျန်ရှိနေနိုင်အောင် အသေအချာ လုပ်ကိုင်သွားရန် လိုအပ်ကြောင်း Ms Christine က ပြောကြားသည်။ မည်သို့ပင်ဆိုစေ တရုတ်အာဏာပိုင်များ အနေဖြင့် မိသားစုဝင်ငွေများ တိုးမြှင့်ပေးရန်လိုအပ်ပြီး စီးပွားရေးတိုးတက်မှု အကျိုးအမြတ်ကို ပြည်သူများ ပိုမိုခံစားနိုင်အောင်လည်း အသေအချာ လုပ်ကိုင်ပေးရန် လိုအပ်ကြောင်း ၎င်းကအကြံပြုပြောဆိုသည်။

ယွမ်ငွေအား ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖြစ်လာရန် တရုတ်ပြည်၏ ဦးတည်ချက်ကို မူဝါဒသဘောအရ  ၎င်းက ကျောထောက်နောက်ခံပြုသည်။ သို့သော် တိကျသေချာသည့် အခြေအနေများ ဖြစ်ထွန်းလာမှသာ အဆိုပါ ဦးတည်ချက် ပြည့်ဝမည်ဖြစ်ကြောင်း သူမကဆိုသည်။

"ဒီကိစ္စအတွက် ခိုင်မာပြီး ပြုပြင်ပြောင်းလဲလွယ်တဲ့ ငွေကြေးလဲလှယ်မှုနှုန်းပါဝင်တဲ့ လမ်းပြမြေပုံတစ်ရပ် လိုအပ်ပါတယ်။ နောက်ပြီးတော့ ပိုပြီး ထိရောက်မှုရှိတဲ့ ငွေပြန်ပေါ်အောင် လုပ်နိုင်တဲ့စနစ်၊ ငွေကြေးစီမံခန့်ခွဲမှုစနစ်၊ အရည်အသွေး မြင့်မားတဲ့ ကြီးကြပ်မှုနဲ့ထိန်းချုပ်မှုစနစ်၊ ကောင်းစွာဖွံ့ဖြိုးမှုရှိတဲ့ ငွေကြေးဈေးကွက်တို့ ပါဝင်ရမှာပါ" ဟု သူမက ပြောသည်။ "အဲဒါတွေအားလုံးဖြစ်ပေါ်လာမယ်ဆိုရင် တရုတ်ယွမ်ငွေ ကမ္ဘာလုံးဆိုင်ရာအဆင့်ကို မရောက်လာနိုင်စရာ မရှိပါဘူး" ဟုလည်း ဆိုသည်။

IMF နှင့် အခြားသော ငွေကြေးအဖွဲ့အစည်းကြီးများက တရုတ်ပြည်သည် ပြည်တွင်းသုံး ယွမ်ငွေကြေးတန်ဖိုးကို နှိမ့်ချထားသောကြောင့် တရုတ်ပို့ကုန် တင်ပို့သူများ အနေဖြင့် မျှတမှုမရှိသော ကုန်သွယ်ရေးအကျိုးအမြတ်များ ရရှိနေကြောင်း ယခင်က ဝေဖန်ပြောဆိုခဲ့ဖူးသည်။

ယခု တရုတ်ပြည်သို့ ခတ္တတဏမျှ သွားရောက်လည်ပတ်ရာတွင် Ms Christine အနေဖြင့် တရုတ်ဒုတိယဝန်ကြီးချုပ် Li Keqiang နှင့်လည်း တွေ့ဆုံခဲ့သည်။ Li Keqiang သည် လက်ရှိဝန်ကြီးချုပ် ဝမ်ကျားပေါင် အငြိမ်းစားယူပါက ၎င်း၏နေရာကို ရယူမည့်သူအဖြစ် ထင်ကြေးပေးခံထားရသူ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးသည် ချောက်ကမ်းပါးစွန်းသို့ရောက်ရှိနေရာမှ ယခုအခါ နောက်သို့ပြန်ဆုတ်နိုင်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အပြုသဘော ဆောင်သည့် အမြင်နှင့် သဘောထားမျိုးရှိရန် ပိုမိုလိုအပ်ကြောင်း Ms Christine ကဆိုသည်။ IMF သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဂရိနိုင်ငံ ကြွေးမြီပြဿနာ အတွက် ချေးငွေ ယူရို ၂၈ ဘီလီယံပေးရန် သဘောတူညီခဲ့သည်။ Ms Christine က အမေရိကန်ပြည်ထောင်စု စီးပွားရေးသည်လည်း ပြန်လည် နာလန်ထူလာသည့် အရိပ်အယောင်များ ရှိလာပြီဖြစ်ကြောင်း ဆိုသည်။

*******************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment