Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၃.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ ရွှေညဝါ ဆရာတော် သွားရောက်မည်
  2. နိုင်ငံခြားသားပိုင် ကုမ္ပဏီ၏ အနိုင်ကျင့်မှုကို စက်ရုံအလုပ်သမားများ တိုင်ကြားရန် ပြင်ဆင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မတ် ၂၄ ရက်တွင် ဖဒိုမန်းငြိမ်းမောင်အား ကေအင်ယူထံ အပ်နှံမည်
  2. ရွေးကောက်ပွဲ စောင့်ကြည့်မည့် နိုင်ငံခြားသားငါးဦးအား အစိုးရနှင်ထုတ်
  3. ဗကသအတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ ရွှေညဝါဆရာတော် သွားရောက်မည်

နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့၏ အမိန့်ဖြင့် သာဓုပရိယတ္တိ စာသင်တိုက်မှ နှင်ထုတ်ခံရသော ရွှေညဝါဆရာတော် ဦးပညာသီဟသည် ဧပြီလဆန်းမှ စတင်ကာ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံ ၁၀ နိုင်ငံသို့ သာသနာပြု ထွက်ခွာရန်ရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို နိုင်ငံခြားတွင် ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ စီစဉ်မှုဖြင့် ထွက်ခွာခြင်းဖြစ်ကာ၊ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် အခြားသော အာရှနိုင်ငံများသို့ ဦးစွာထွက်ခွာမည်ဖြစ်ကာ ဆက်လက်၍ သြစတေးလျသို့လည်းကောင်း၊ အမေရိကားသို့လည်းကောင်း၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေ၊ အင်္ဂလန်နှင့် အခြားဥရောပနိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း  သိရသည်။

“ဘုန်းဘုန်းက သွားချင်တာ မဟုတ်ဘူး။ မြန်မာပြည်မှာ တရားဟောပြီး ငွေရှာလို့မရလို့ ပြည်ပသွားပြီး ငွေရှာရမှာ၊ ဒါမှ မှော်ဘီမှာ ကျောင်း ဆောက်ပြီး သာသနာပြုနိုင်မှာ”ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟက ဆိုသည်။

ဆရာတော် ဦးပညာသီဟ သီတင်းသုံးနေထိုင်ရာ မှော်ဘီ၊တောရကျောင်းကို တိုက်ကျောင်းအဖြစ် တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၏ ဒါကာ၊ ဒါယကာမများသာမက ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်လှူဒါန်းစေလိုပါကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောကြား သည်။

“ကျွန်တော်တို့လဲ ဆရာတော့် ကျောင်းဆောက်ဖို့ကို ဝိုင်းဝန်းဆောင်ရွက်နေတယ်။ အလှူခံနေပါတယ်”ဟု ယင်း က ဆက်လက်ပြောကြားသည်။

ရွှေညဝါဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောမှုဖြင့် ပတ်သက်ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့မှ ယင်းဆရာတော် သီတင်းသုံးနေထိုင်သည့် ကျောင်း တိုက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

KP

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားသားပိုင် ကုမ္ပဏီ၏ အနိုင်ကျင့်မှုကို စက်ရုံ အလုပ်သမားများ တိုင်ကြားရန် ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် တရုတ်လူမျိုးပိုင် ရန်ကုန်သရဖူ သံမဏိစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက စုပေါင်း၍ ကုမ္ပဏီပိုင်ရှင်၏ အနိုင်ကျင့်မှုကို စုပေါင်းတိုင်ကြားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အလုပ်ရှင်နှင့်အလုပ်သမားများကြား သဘောတူညီထားသည့် စာချုပ်ပါအချက်အလက်များကို အလုပ်ရှင်ဘက်မှ ဖောက်ဖျက်ရုံသာမက ပြီးခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအား ကြိုတင်မဲပေးရန် အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ပြဿနာတစ်ရပ်ကို အကြီးအကျယ် မဖြစ်စေချင်တော့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဝင်ညှိခိုင်းတာ၊ ညှိတုန်းခဏပဲ၊ ပြီးရင် အချိန်ပိုကြေး မပေးတာတွေ၊ လစာကို လဝက်ရောက်မှ ပေးတာတွေ ပြန်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ကစပြီး သတင်းမီဒီယာရဲ့အားကို အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ”ဟု ယင်းစက်ရုံမှ သံရည်ကြိုဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

                အဆိုပါ စက်ရုံပိုင်ရှင်မှ အလုပ်သမားများအပေါ် အနိုင်ကျင့်ဖိနှိပ်သည့်ကိစ္စရပ်များကို ဒေသဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားရာ၌ ထိရောက် သည့် တုံပြန်မှု မရရှိသည့်အပြင်၊ ယင်းတိုင်ကြားမှုကို ဦးစီးဦးဆောင်တိုင်ကြားသူများကို ပြစ်ချက်တစုံတရာ ပြနိုင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပစ်ခြင်းများကို ပြုလုပ်ခြင်းများရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီလို အခြေအနေမှ မဖြစ်ရင် ဒေသန္တရသမဂ္ဂတစ်ခုဖွဲ့ပြီး စက်ရုံပိုင်ရှင်ကို ရင်ဆိုင်မယ်။ ကျွန်တော်တို့ ရသင့်တဲ့အခွင့်အရေးကို ရအောင် တောင်းဆိုမယ်”ဟု ယင်းစက်ရုံပိုင်ရှင်အား ရင်ဆိုင်ရန်ပြင်ဆင်နေသူ အလုပ်သမားတစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရန်ကုန်သရဖူ သံမဏိစက်ရုံသို့ ဆက်သွယ်မေးမြန်းရာတွင် စည်းကမ်းဖောက်ဖျက်သည့် အလုပ်သမားများကို သတ်မှတ်ထားသည့် စည်းကမ်းများအရ အရေးယူရခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

                ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလုပ်သမား အခွင့်အရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ယင်းတောင်းဆိုမှုများ၏ ငါးဆယ်ရာခိုင်နှုန်းကျော်သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်  အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ညှိနှိုင်းပေးမှုကြောင့် အောင်မြင်ခဲ့သည်။

TN

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မတ် ၂၄ ရက်တွင် ဖဒိုမန်းငြိမ်းမောင်အား ကေအင်ယူထံ အပ်နှံမည်

မတ် ၂၄ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်နှင့်မဟာမိတ် ဆက်သွယ်ရေးတာဝန်ခံအဖြစ် တာဝန်ယူထားသည့် ဖဒိုမန်းငြိမ်းမောင်အား မိခင်အဖွဲ့အစည်းထံ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း သိရသည်။

“ကေအင်ယူကို သွားတွေ့ရင်းနဲ့ ဖဒိုမန်းငြိမ်းမောင်ကို ပြန်အပ်မှာပါ။ ပြီးတော့လည်း ငြိမ်းချမ်းရေး ကိစ္စတစ်ချို့ကို ကေအင်ယူနဲ့ ဆွေးနွေးဖို့ ရှိပါ သေးတယ်”ဟု ယင်းတို့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၁၁ ခုနှစ်၊ဇူလိုင်လ တတိယရက်သတ္တပတ်တွင် တရုတ်ပြည်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် ဖဒို မန်းငြိမ်းမောင်အား စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် တရာစွဲ အရေးယူခဲ့သည်။

ဆက်လက်၍ စစ်ဆေးရာ တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရသည့် ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်နေကြောင်းကို ဆက်လက် စစ်ဆေးရခြင်းကြောင့် ရဲသတင်းတပ်ဖွဲ့မှ ရဲမှုးတစ်ဦးက တရားလိုပြုလုပ်၍ တရားစွဲရာ မင်္ဂလာဒုံမြို့နယ် တရားရုံးက တရားမဝင်အသင်းအဖွဲ့ နှင့် ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် မတ်လ ၁၃ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး မတ်လ  ၁၉ ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ ပေး ပိုင်ခွင့်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဖဒိုမန်းငြိမ်းမောင် အကျဉ်းထောင်မှ လွတ်မြောက်သည့်အခါ မီးရထားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက လာရောက်ကြိုဆိုပြီး နေပြည် တော်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဘာပဲ ဖြစ်ဖြစ်တော့ သူ့ကိုလွှတ်လိုက်ပြီဆိုတာနဲ့ ကေအင်ယူနဲ့ရတော့မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ခြေတစ်လှမ်း လှမ်းလိုက်တာ ပဲဗျ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။

ဖဒိုမန်းငြိမ်းမောင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကလည်း ကိုးကိုးကျွန်းတွင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို ကျခံခဲ့ရသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲ စောင့်ကြည့်မည့် နိုင်ငံခြားသားငါးဦးအား အစိုးရနှင်ထုတ်

ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာမည့် နိုင်ငံခြားသား ငါးဦးအား မြန်မာအစိုးရက မတ်လ ၂၂ ရက် နေ့ညတွင် နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် Asia Network For Free Electios (ANFREL)မှအမှုဆောင် ဒါရိုက်တာ Ms. Somsri Han anuntasuk နှင့် ယင်း၏ အဖွဲ့သားဖြစ်သည့် သြစတေးလျလူမျိုး မစ္စ အလက်ဇန်းဒါး၊ ထိုင်းလူမျိုး မစ္စဘန်းနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူနှစ်ဦးအား ဗီဇာတွင် ပါရှိသည့် စည်းမျဉ်း၊စည်းကမ်းကို ဖောက်ဖျက်ခဲ့ကြောင်း ဝန်ခံသည့် လက်မှတ်များရေးထိုးစေကာ မြန်မာနိုင်ငံမှ တစ်ရက်ခြားစီ နှင်ထုတ်ခဲ့ကြောင်း လေဆိပ် လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။

Asia Network For Free Electios (ANFREL)မှ  အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk အား အင်္ဂါ နေ့ညနေငါးနာရီတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာစေခဲ့ပြီး ယင်း၏ အဖွဲ့သားနှစ်ဦးနှင့် အခြားသော အဖွဲ့သားများအား ဗုဒ္ဓဟူးနေ့ညနေတွင် ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာစေခဲ့သည်။

ယင်းအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာများဖြင့် ဝင်ရောက်လာပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနှင့် သက် ဆိုင်သည့် ကိစ္စရပ်များ လုပ်ကိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ဆိုသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ဗကသအတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျောင်းသားများအား စုစည်းရန် ဆုံးဖြတ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်း ဖွဲ့စည်းပုံနှင့် ပက်သက်၍ အကျေအလည် ဆွေးနွေးနေကြကြောင်း သိရသည်။

ယင်းအဖွဲ့တွင်း ကိုကျော်ကိုကိုခေါင်းဆောင်သည့် အင်အားစုနှင့် ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ ခေါင်းဆောင်သည့် အင်အားစုဟူ၍ ကွဲပြားလျက် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့ကတော့ အဖွဲ့တွင်းမှာ အကျေအလည် ဆွေးနွေးမှာပါ။ ဒါမှ အဖွဲ့ရဲ့နောင်ရေးနဲ့ လုပ်ငန်းဆောင်တာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ပေးနိုင်မှာပါ”ဟု ကိုရဲမင်းဦးက ဆိုသည်။

အသင်းဖွဲ့စည်းပုံနှင့်ပက်သက်၍ အကျိတ်အနယ် ဆွေးနွေးခြင်းကို မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း ဆွေးနွေးမည်ဖြစ်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အနှံ့မှ ဗဟိုအလုပ်အမှုဆောင်များပါဝင်သည့် ဗဟိုအလုပ် အမှုဆောင် ကော်မတီကိုလည်း ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

TN

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီရွေးကောက်ပွဲဟာ ဘာလို့အရေးကြီးသလဲဆိုတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တာရယ်၊ အစိုးရက ဒီမိုကရေစီ အစိုးရ ဖြစ်တာရယ်၊ ဒီမိုကရေစီအခွင့်အရေးတွေ ပေးနေပြီဆိုတာရယ်၊ ဒီပွဲဟာ ဒီမိုကရေစီကို တကယ်သွားနေပြီလားဆိုတဲ့ စမ်းသပ်ပွဲပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုကျင်းပပေးခြင်းအားဖြင့် ဒီမိုကရေစီစံနှုန်းတွေနဲ့ သွားနေလားဆိုတာရယ်၊ အစိုးရရဲ့ အတိမ်အနက် ကိုဒီပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီပွဲမှာ လွဲသွားရင်တော့ နိုင်ငံတကာ ဆက်ဆံရေး၊ အနာဂတ်မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေအတွက် ပြောင်းလဲသွားနိုင်တယ်။ အောင်မြင်တဲ့ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုရင် အာဏာရပါတီကရာခိုင်နှုန်း ၆၀ ရှိပြီးအတိုက်အခံက ရာခိုင်နှုန်း ၄၀ ရှိရမယ်လို့ဆိုတယ်။ ဒါမှ ဒီမိုကရေစီ ပိုပြီး ပီပြင်စွာသွားနိုင်မယ်”

မတ် ၂၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) ရွှေတံခါးကြီး အဖွင့်” သတင်း ဆောင်း ပါးမှ သတင်းစာဆရာမောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကြားဖြတ်ရွေးကောက်ပွဲဟာ တိုင်းပြည်အနာဂတ်အတွက် ခြေလှမ်းအသစ်ပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဥပဒေအတိုင်း လုပ်ကြဖို့၊ ဥပဒေနဲ့အညီ မလုပ်ဘူးဆိုရင် စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ တိကျစွာအရေးယူဖို့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုလျှင် ဥပဒေအရကိုထိရောက်စွာ အရေးယူမှု လုပ်ဖို့ လိုပါတယ်”

မတ် ၂၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) ရွှေတံခါးကြီး အဖွင့်” သတင်းဆောင်း ပါးမှ NLD ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Venus: Corruption ကိစ္စနဲ့ ပတ်သက်ပြီးကိုင်တွယ်တာမျိုးကစီးပွားရေးတိုးတက်ရေးမှာဘယ်လောက်ထိအရေးကြီးပါသလဲ။

Dr.MMS: Corruption နဲ့ Bribery နှစ်မျိုး။ အခုကဘယ်လိုမျိုးကိုင်တွယ် တိုက်ဖျက်နေသလဲ။ ငတ်လို့ စားတာလား၊ လောဘကြောင့် စားတာလား။ ငတ်လို့ စားတဲ့သူတွေအတွက် အခြေခံဝန်ထမ်းလစာတွေ လောက်ငအောင် တိုးပေးထားလိုက်ရင်ရပြီ။ လောဘကြောင့် စားနေတာက ဘယ်လောက် လစာတိုးတိုး ပျောက်မှာမဟုတ်ဘူး။ အကျင့်ပျက်နေပြီ၊ အကျင့်ဖြစ်နေပြီလေ။ လစာများပြီးဂုဏ်ရှိတော့ ငါဘာကောင်လဲဆိုပြီးပိုပြီးတော့ ခြစားတယ်။ အောင်မလေး၊ ဒီလို ရာထူးမျိုး ရခဲလိုက်လေခြင်းဆိုပြီး ပိုပြီးတောင်စားဦးမယ်။ အခု ဘယ်လိုနေရာမျိုးတွေမှာ Corruption နည်းလဲလို့ ကြည့်လိုက်လို့ရှိရင် ပုဂ္ဂလိက လုပ်ငန်း တွေမှာ Corruption နည်းတယ်။ မလုပ်ရဲဘူး။ လုပ်တာနဲ့ အတွယ်ခံရတယ်။ ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ ခြစားမှုတွေနဲ့ ပတ်သက်လို့ အရေးယူကိုင်တွယ် တာမျိုး မရှိသေးဘူး။ တွယ်မယ်ဆိုရင်လည်းကိုယ့်ကိုယ်ကိုယ် အရင် ပြန်တွယ်ရမလိုဖြစ်နေတယ်။ ဂျာအေးသူ့အမေရိုက်ဖြစ်မယ်။ Bribery လုပ်နေတဲ့သူက Corruption ကို ကိုင်တွယ်နေလို့၊ နှိမ်နင်းလို့ လည်းရမှာ မဟုတ်ဘူး။ ဌက်ပျောခြံ မျောက်စောင့်ခိုင်းသလိုပဲ။ အဲဒီမျောက်ကို မရှင်းမချင်းတော့ ဌက်ပျောသီး တွေ ပျောက်နေဦးမှာပဲ။ မျိုးဆက်နဲ့ချီပြီး ရှင်းရမယ်။ ဒါကအချိန်ယူပြီးလုပ်သွားရမယ်။ သူခိုးရှိနေတဲ့ အိမ်ကတော့ ဘယ်တော့မှ ပြောင်ပြောင်ရောင်ရောင် ရှိမှာ မဟုတ်ဘူး။မတ် ၂၂ ထုတ် Venus News အတွဲ (၃) အမှတ် (၃၆) တွင်ပါသည့် “စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးနှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment