Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

****************************************

ဆောင်းပါးကဏ္ဍ

ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

အောင်မောင်း

သမ္မတကြီး ဦးသိန်းစိန် အစိုးရသက်တမ်း တစ်နှစ်ပြည့်တွင် ပြောကြားခဲ့သည့်မိန့်ခွန်း၌ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီလောဟု မေးလာပါက များစွာကြိုးစားရပါဦးမည်ဟု ထည့်သွင်းဖြေကြားခဲ့သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော အဖြေတစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။ ၎င်း၏မိန့်ခွန်းတွင် မတူကွဲပြားမှုများကို လက်ခံနိုင်စွမ်းရှိမှုကိုလည်း ထည့်သွင်းပြောကြားသွားသည်။ ဒီမိုကရေစီ၏ အနှစ်သာရမှာ မတူကွဲပြားမှုများ ကို လက်ခံ၍ အများဆန္ဒနှင့်အညီဆုံးဖြတ်၍ အနည်းစု၏ အခွင့်အရေးကိုလည်း ကာကွယ်ပေးရခြင်းဖြစ်သည်မဟုတ်လော။

လက်ဝဲဝါဒဖြင့် ရာစုနှစ်တစ်ဝက်ကျော် ပျော်မွေ့ခဲ့ရသည့် မြန်မာ့နိုင်ငံရေးမှာ ကွန်မြူနစ်တို့၏ ရန်၊ငါစည်း စိတ်ဓာတ်အကြွင်းအကျန်များ ရှိနေကြဆဲဖြစ်သလို မိမိဟာဒယနှင့်မတွေ့လျှင် လက်ခံနိုင်စွမ်းခဲယဉ်းသည့် မိမိတို့လူမျိုးစိတ်ဓာတ်မှာလည်း သမိုင်းတင်တည်းက ရှိနေခဲ့သည်ဖြစ်ရာ မတူကွဲပြားမှုကို လက်ခံနိုင် စွမ်းရှိသည့် အလေ့အကျင့်ကောင်းများကို မွေးမြူနိုင်ရန် အချိန်ယူကြိုးပမ်းရပေလိမ့်ဦးမည်။ ထိုသို့ကြိုးပမ်းရာတွင် တစ်ရက်တည်းတစ်နေ့တည်းဖြင့် ကြိုးပမ်း ၍မရဘဲ အနည်းဆုံး မျိုးဆက်တစ်ခုခန့် အချိန်ယူရဦးမည်ဖြစ်ရာ ယနေ့လူငယ်တွေသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံအတွက် မျိုးစေ့ကလေးများ ဖြစ်ကြ သည်။ မျိုးစေ့မှန်မှ အပင်သန်မည်ဖြစ်ရာ ယနေ့လူငယ်တွေကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်စွမ်းရှိရန် လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါ သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ပေးရာ၌ အရင်းစစ်တော့ အမြစ်ပေါ်ဆိုသကဲ့သို့ ပညာရေးက အဓိကကျလာသည်ဟု ဆိုရမည်ဖြစ်သည်။ ပညာဆိုသည်မှာ အဆိုးအကောင်း အကျိုးအကြောင်းကို ဆင်ခြင်တတ်သောဥာဏ်ဟုဆိုပေရာ စာတတ်သည်နှင့် ပညာတတ်သည်ဟူသော သဘောသဘာဝ နှစ်ရပ် ခြားနား နေသည်ကို သတိပြုရာသည်။ ယနေ့လူငယ်တွေကြားမှာ စာတတ်တွေများသော်လည်း ပညာမတတ်တွေများနေသည်ဟု ဆိုရမည်ဖြစ်သလို စာပင် မတတ်တော့သည့် လူငယ်တွေလည်း များပြားလာသည်။ ဒီမိုကရေစီဟူသောစနစ်တွင် အားလုံးက ကိုယ့်တာဝန်ကိုယ်ယူရသည်ဖြစ်ရာ သဘောထား ကွဲပြားမှုတွေ လက်သင့်ခံနိုင်ရုံ၊ ကျိုးကြောင်းဆင်ခြင်နိုင်ရုံထက် မိမိကိုယ်ကို ပရော်ဖက်ရှင်နယ်ပီသအောင်လည်း ပြုမူနေထိုင်ရတော့မည်ဖြစ်သည်။ ထောင်ကျဖူးရုံဖြင့် နိုင်ငံရေး လုပ်၍မရ၊ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွေကို ပေါက်မြောက်အောင်မြင်ဖို့လိုသည်။ အစိုးရ ရုံးတစ်ရုံးတွင် ညွှန်ကြားရေးမှူးဖြစ်ရန် စစ်မှုထမ်းဟောင်း ဖြစ်ရုံဖြင့်မရ၊ ဗျူရိုကရေစီ၏ သဘောသဘာဝ၊ မားကတ်တင်းအမြင်နှင့် သက်ဆိုင်ရာလုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိရန် လိုအပ်လာမည်ဖြစ်သည်။ ထိုပညာတွေသည် စာကိုအလွတ်ကျက်ရုံဖြင့် ရနိုင်မည်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၍  ကိုယ်တိုင်တတ်ကျွမ်း ရန် လိုအပ်သည်။ ထိုဘာသာရပ်တွေ မတတ်ဘဲ ဒီမိုက ရေစီ စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် ဝမရှိဘဲ ဝိလုပ်သည့် ကိစ္စပင်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် လူငယ်အမျိုးအစားတွေ များစွာခွဲရန်မလိုသလို ၎င်းတို့တတ်သည့် ပညာတွေကလည်း ထူးမခြားနားသာရှိသည်။ ဤသည်မှာ အပြစ်မဲ့လူငယ်တွေမှာ စစ်အာဏာရှင်စနစ်အောက်တွင် စနစ်တကျ ဖျက်ဆီးခြင်းခံထားရသော ပညာရေးကိုသင်ယူခဲ့ရသည့် အကျိုးဆက်ပင် ဖြစ်သည်။ ရပ်ကွက်ထဲတွင် ဆယ်တန်းမအောင်ဘဲ လေလွင့်နေသည့်လူငယ်နှင့် ဆယ်တန်းအောင်ဘွဲ့ရလူငယ်မှာ များစွာကွာခြားမှုမရှိလှ။ စနစ်တကျ ဖျက်ဆီးထားသည့် သင်ရိုးညွှန်းတမ်းကို နည်းနည်းသာကျက်နိုင် ၍ ဆယ်တန်းမအောင်သူနှင့် များများကျက်နိုင်၍ ဘွဲ့ရသူဟူ၍ နှစ်မျိုးသာရှိသည်။ ဘွဲ့မရ လျှင် ရေခဲရေပင်ရောင်းရန် မလွယ်သော အခြေအနေကြောင့်သာ ဘွဲ့ရပညာတတ်ဟု ဟန်ကိုယ့်ဖို့လုပ်နိုင်ခြင်းဖြစ်သည်။ ပညာမတတ်သော လူငယ်များ နိုင်ငံရေးနယ်ပယ်အတွင်း ဝင်လာခြင်းက ဒီမိုကရေစီ အခြေခံတည်ဆောက်ရာတွင် ဘိလပ် မြေအစား သဲရောသကဲ့သို့ ဖြစ်စေမည်။ ယနေ့ ရပ်ကွက်ထဲတွင် လူပေလူတေလေး နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့မတည့်ကြ၊ အလုပ်အကိုင် မယ်မယ်ရရမရှိ၍ ကြံ့ခိုင်ရေးပါတီထဲ ရောက်သူကရောက်၊ မီးသတ်ထဲ ရောက်သူကရောက်၊ စွမ်းအားရှင်ထဲ ရောက်သူကရောက် NLDနှင့် အခြားဒီမိုကရေစီပါတီထဲ ရောက်သူကရောက်ဖြင့် ထူးမခြားနားသော လူငယ်တွေ၏ အဖြစ်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကြံ့ခိုင်ရေးဖြစ်စေ၊ NLD ဖြစ်စေ အရည်အချင်းမရှိသည့် လူငယ်ဆိုသောအချက်က အဓိကဖြစ်နေသည်။ ဒို့တာဝန် အရေးသုံးပါးကို နှုတ်တိုက်ရွတ်ဆိုခြင်းသည် ဒီမိုကရေစီမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ပုံကို ခုတုံးလုပ်၍ လမ်းပေါ်တက်ကြွေးကြော်ခြင်းသည် လူငယ် နိုင်ငံရေးသမားမဟုတ်ပါဟု ဆိုရပေလိမ့်မည်။ ထိုလူငယ်များက နိုင်ငံတော်ကြီးကို ကယ်တင်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ကောင်းသည်။ အရူးက တမူးသာဆိုသကဲ့သို့ ဘွဲ့လေးတခုအချောင်ရ၍ NGO လိုလို၊ မီဒီယာလိုလိုဖြစ်သွားသည့် လူငယ်တွေမှာလည်း သူတို့သာလျှင် နိုင်ငံတော်ကြီးကို ကယ်တင် မည့်သူများဟု စိတ်ကြီးဝင်၍ ကြံ့ခိုင်ရေးရော၊ NLDရော သုံးစား၍မရသည့်အမှိုက်တွေဟု ခပ်နှိမ်နှိမ်သုံး ပြောဆိုလေ့ရှိသည်။ စာရေးသူမှာလည်း ထိုအမျိုး အစားတွင် ပါဝင်သည်။ နွားခြေရာခွက်ထဲမှ ဆင်ခြေရာခွက်ထဲရောက်၍သာ အမြင်ကျယ်နေသယောင်ရှိပြီး ပြင်ပလောကကမ္ဘာကြီးကို အမှန်တကယ် မတွေ့သေးသည့် စာရေးသူတို့ကဲ့သို့ လူငယ်အမျိုးအစားဖြစ်သည်။  လခကောင်းကောင်းနှင့် အဖမ်းမခံရသော နိုင်ငံရေး၊ လူမှုရေးလုပ်၍ ရနေသော အီလစ် ဂိုက်ဖမ်း လူငယ်လေးများသာဖြစ်သည်။ အရည်အချင်းမှာ ဒေသတွင်းနိုင်ငံများမှ လူငယ်တွေ အသာထား၍ International School များမှ အလယ်တန်း ကျောင်းသားမျှပင် တွေးခေါ်နိုင်စွမ်းမရှိသည့် လူငယ်များပင်ဖြစ်သည်။  မြန်မာ့နိုင်ငံရေးတွင် လက်ဝဲအပျက်တွေ ကြီးစိုးနေသည်ဟုဆိုရလျှင် အဆိုပါ အီလစ်ဂိုက်ဖမ်းလူငယ်လေးများမှာ ဇော်ကန့်လန့် လက်ယာသမားလေး တွေပင်ဖြစ်ပေတော့သည်။

ယနေ့အချိန်အခါသည် မြန်မာလူငယ်များအတွက် အကောင်းဆုံးအချိန်အခါပင် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်းမှ လူသားအရင်းအမြစ်နှင့် သက်ဆိုင်သော အကူအညီများပေးလျှက်ရှိနေရာ ပြည်သူ့ရေးရာမူဝါဒ၊ နိုင်ငံရေးသိပ္ပံ၊ ဖွံ့ဖြိုးရေး စသည့် ဘာသာရပ်များ အတွက် စကော်လားရှစ်များ အလွယ်တကူ ပေးအပ်နေသော အချိန်အခါလည်းဖြစ်သည်။ လာမည့်သုံးနှစ်အတွင်း ထိုကဲ့သို့ အခွင့်အရေးများရရန် ခက်ခဲ လာမည်ဖြစ်သည်။ လက်ရှိအခြေနေတွင် အရည်အချင်းစစ်ဆေးမှုတွေက သာမန်မျှသာရှိသေးသည်ဖြစ်ရာ မိမိတို့အတွက်လိုအပ်သည့် ဘာသာစကားနှင့် စာဖတ်လေ့ကျင့်မှုတို့ကို အလျင်အမြန်ဖြည့်တင်း၍ နိုင်ငံအတွက် လိုအပ်မည့်ဘာသာရပ်တွေ သင်ယူရန်ကြိုးပမ်းသင့်သည့် အခါလည်းဖြစ်သည်။ မည်သူ့ မည်သူမျှ အပြစ်မတင်ဘဲ ယခုမှစတင်ပြောင်းလဲကြပါစို့ဟူသော စကားသည် အပြောလွယ်သလောက် အလုပ်ခက်လှပြီး ဖန်တရာတေအောင် ပြောဆိုခဲ့ကြ သည့်တိုင် ယနေ့မြန်မာ့နိုင်ငံရေးတွင် တစ်ဦးနှင့်တစ်ဦး လက်ညှိုးထိုးမှုတွေက လည်းရှိနေဆဲသာဖြစ်သည်။ ယခုလည်း စာရေးသူအနေဖြင့် ရှိသမျှ လူငယ်တွေကို လက်ညှိုးထိုး ပြစ်တင်နေခြင်းသာဖြစ်သည်။ သို့ရာတွင် လူငယ်များဖြစ်သည့်အားလျော်စွာ လက်ညှိုးထိုးမှုတွေလျော့၍ အနာဂတ်အတွက် ယခုမှစတင်ပြင်ဆင်ပြီး ပါဝါနိုင်ငံရေးကို ကစားနိုင်သော လူငယ်နိုင်ငံရေးသမားများအဖြစ် အနာဂတ်မြန်မာ့နိုင်ငံရေးကို စိတ်ကူးယဉ်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment