Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာနိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာနိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ

လာမည့် တနင်္ဂနွေနေ့သည့် မြန်မာနိုင်ငံ၌ ပြည်သူများရော နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည်နေရသော ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ပြည်သူများ၏ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမှာ ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီးထက် ပိုပါသည်။ အကြောင်းရင်းကို စမ်းစစ်ကြည့်သော် အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် အားရခြင်းနှင့်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံလွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁၁၆၀ ရှိသည့်အနက် ၄၈ နေရာတည်းသော ဝင်ရောက်ယှဉ်ပြိုင်ရန် နေရာလပ်သော ကြားဖြတ်ရွေးကောက်ပွဲဖြစ်သော်လည်း ပြည်သူများတွင် မျှော်လင့်ချက် ကြီးကြီးမားမားရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ရွေးကောက်ပွဲကို ဝင်လာခဲ့လျှင် မြန်မာနိုင်ငံ နိုင်ငံရေးဖြစ်စဉ်မှာ ပုံစံပြောင်းလဲသွားဖို့ရှိပါသည်။ လွှတ်တော်တွင် လူဦးရေအရ နည်းပါးသော်လည်း မူဝါဒရေးရာ ကိစ္စရပ်အဖြာဖြာတွင် ပိုမိုအသံထွက်ပေါ်လာမည်ဖြစ်သည်။ ထိုနည်းတူ ဒီမိုကရေတစ်ပါတီ များမှ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်လာလျှင်လည်း လွှတ်တော်အတွင်း ငြင်းခုံမှုများမှာ ပိုမြိုင်ပိုသွက်လာမည် ဖြစ်သည်။ တနည်းအားဖြင့် လွှတ်တော်တွင် “ဒီမူဝါဒ ဟာ မဟုတ်သေးဘူး” ဆိုသည့် လက်ညိုးထောင်ခေါင်းညိမ့် မဟုတ်သည့် ကောင်းလျှင်ကောင်းသည်၊ ဆိုးလျှင်ဆိုးသည်ဟု ဝေဖန် ပြောကြားသော အတိုက်အခံလွှတ်တော်အမတ်များအတွက် နေရာတစ်ခုရရှိသွားနိုင်ဖို့ များသွားချေပြီ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် လွှတ်တော် ကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင် တနည်း နိုင်ငံရေးအင်စတီကျူးရှင်ကြီးတစ်ခု ခိုင်ခံ့အောင် အားဖြည့်ပေးသည့် သဘောပင်ဖြစ်သည်။

မြန်မာနိုင်ငံရေးဈေးကွက်တွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများအပေါ် မူဝါဒများ အပြိုင်အဆိုင်ရောင်းချနေသည့် အချိန်အခါလည်း ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများအနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ နိုင်ငံရေးဈေးကွက်ဖော်ဆောင်မှု (Political marketing) တွင် အကောင်းဆုံးဖြစ်သည်ဟု ဆို၍ ရနိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် အင်အားကြီးပါတီတစ်ခုဖြစ်လာနိုင်သည့် NLD ပါတီမှာ နိုင်ငံ အဝန်း မဲဆွယ်စည်းရုံးမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ ပြည်သူများ၏အားပေးမှု တစ်ခဲနက်ရရှိခဲ့သည့် ပါတီဖြစ်သည်။ NLD ပါတီကို တချို့က ထောင်ထွက်ပါတီဟုလည်း ပုတ်ခတ်ပြောဆိုမှုများ ရှိနေသော်လည်း အောက်ခြေလူထု (Grass-root supporting) ၏ အားပေးထောက်ခံမှုကို အများဆုံး ရရှိသည့် ပါတီကြီးလည်းဖြစ်သည်။ NLD၏ ပုံရိပ်မှာ အောက်ခြေလူထု၏ စိတ်နှလုံးကို ဖမ်းစားထားနိုင်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီမို ကရေစီပါတီများကို မဲထည့်ခဲ့သည့်တိုင် ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့ခြင်းအပေါ် တရားမျှတမှုမရှိဟု စိတ်အချဉ်ပေါက်နေသော လူထုမှာ NLD ကို ယခု တစ်ခါတွင် အပိုင်အောဖို့ ရှိနေသည်။

NLD  လို နောက်ထပ် အင်အားကြီးပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ မဲဆွယ်စည်းရုံးမှုများကိုလည်း ဆက်တိုက် ဆိုသလို လုပ်ဆောင်နေလျက်ရှိပါသည်။ အသင်းအဖွဲ့မှ ပါတီဖြစ်လာသော ကြံ့ခိုင်ရေးအနေဖြင့် နိုင်ငံရေးအရ NLDမပြောနှင့် အခြား ဒီမိုကရေစီမိတ်ဆွေ ပါတီများကိုပင် ယှဉ်နိုင်စွမ်းမရှိပါ။ သို့သော် အာဏာရပါတီကြီးတစ်ခုဖြစ်သည့်အပြင် မူပြောင်း၊ လူမပြောင်းဖြစ်သော အသွင်ကူးပြောင်းမှုတွင် ကြံ့ခိုင်ရေး သည် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် လိုသလိုညစ်နိုင်သည့် အဆက်အသွယ်များ (Network mechanism) လည်းရှိနေသေးသည်။ ဥပမာအားဖြင့် ဆိုရလျှင် သီးခြားလွတ်လပ်ခွင့်ရှိသည့် တနည်း နိုင်ငံရေး ဖိအားပေးခံရမှုမှ ကင်းလွတ်သည့် ရွေးကောက်ပွဲ ကော်မ ရှင်၏ လုပ်ဆောင်ချက်များသည် (ကြိုတင်မဲ၊ နောက်တိုးမဲကိစ္စ) အာဏာရပါတီကြီးတစ်ခု၏ အကျိုးစီးပွားအတွက် ဖြစ်နေ ခြင်းမျိုး ဖြစ်သည်။

                နိုင်ငံတော်သမ္မတကြီးမှ ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပြောကြားခဲ့သောမိန့်ခွန်းတွင် ရွေးကောက်ပွဲတရားမျှတမှု ရှိစေရန် အစိုးရ၊ ပါတီများ၊ မီဒီယာ နှင့် ပြည်သူများပါ ကူညီဖို့ တိုက်တွန်းပြောကြားသွားခဲ့ပါသည်။ အစိုးရက ကြားဖြတ်ရွေးကောက်ပွဲအပေါ် တရားမျှတမှုအပေါ် အလေးထားကြောင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ဥပဒေများမှာလည်း ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ဥပဒေကို ဖျက်သိမ်း၍ အသစ်ထပ်မံပြဋ္ဌာန်းသည့် ဥပဒေလည်းဖြစ်သည်။ ဤသို့ဆိုလျှင် ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ယခင်ထက် ပိုမိုပွင့်လင်းမှု ရှိလာ ခြင်းကို ဖော်ပြလျက်ရှိနေသည်။

အမှန်စင်စစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပကတိအရှိတရားအရ ဝင်ရောက်အရွေးချယ်သည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များမှာ နိုင်ငံရေး အရည်အသွေး ပြည့်ဝလှသည်တော့ မဟုတ်ပါ။ ပြည့်ဝရအောင်လည်း နိုင်ငံရေးလုပ်ခွင့် ပေးသည့် အခြေအနေမရှိခဲ့ပါ။ အရည်အချင်းပြည့်ဝပြီး နိုင်ငံရေး တည်ဆောက်ရေးကို နားလည်တတ်ကျွမ်းသည့် ဒေါင်ဒေါင်မည်နိုင်ငံရေးသမား ပြုစုပျိုးထောင်ရေးမှာ နိုင်ငံရေးပါတီများ၏ အရည်အသွေးမြင့် တင်ရေး အပေါ်တွင် များစွာ မူတည်လျက်ရှိသည်။ တနည်းဆိုရလျှင် နိုင်ငံရေးစီမံခန့်ခွဲမှုကို မဟာဗျူဟာကျကျ စနစ်တကျ တည်ဆောက်ဖို့ ဖြစ်သည်။ ယခုကြားဖြတ် ရွေးကောက်ပွဲတွင် NLDမှ အများစုအနိုင်ရမည်ဟု မျှော်လင့်ထားကြသည်။ စာရေးသူအမြင်၌ ယခုနိုင်ငံရေး အပြောင်းအလဲများသည် NLD ပါဝင်ခဲ့မှု မရှိ သေးသည့်ကာလတွင် ဖြစ်ထွန်းခဲ့သည်ကို သတိမူစေချင်သည်။ သို့ဆိုပါက NLD ကို စွမ်းဆောင်ရည်မဲ့သည့် ပါတီတစ်ခု ဖြစ်သည်ဟု ပြောလိုခြင်းမဟုတ်ပါ။ အပြောင်းအလဲမှာ အခြားသော အင်အားစုများမှလည်း လာနေခြင်းဖြစ်သည်ကို သိစေချင်ပါသည်။ ပြည်သူများ နိုင်ငံရေးရင့်ကျက်မှုရှိမှသာလျှင် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ချောချောမွေ့မွေ့နှင့် ဖြတ်သန်းနိုင်မည်ကို ယုံကြည်စေချင်သည်။

 **********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment