Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာပြည်မှ စီးပွားရေးအခွင့်အလမ်းများကို အပြေးအလွှားရယူရန် ဗြိတိန်ကုမ္ပဏီကြီးများ လျှို့ဝှက်စွာဆွေးနွေး

(The Independent သတင်းစာမှ 10 April 2012 ရက်စွဲပါ UK firms in secret talks on joining Burma gold rush ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရန် အမေရိကန်မျှော်လင့်ချက်အသစ်ထား

(AFP News မှ 8 Apr 2012 ရက်စွဲပါ In new tact, US hopes to reform Myanmar military သတင်းကို ဘာသာပြန်ဆိုသည်)

 

************************************************************

မြန်မာပြည်မှ စီးပွားရေးအခွင့်အလမ်းများကို အပြေးအလွှားရယူရန် ဗြိတိန်ကုမ္ပဏီကြီးများ လျှို့ဝှက်စွာဆွေးနွေး

(The Independent သတင်းစာမှ 10 April 2012 ရက်စွဲပါ UK firms in secret talks on joining Burma gold rush ကို ဘာသာ ပြန်ဆိုသည်)

ယခုအခါ ဗြိတိန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများသည် အနောက်တိုင်းကုမ္ပဏီကြီးများကဲ့သို့ပင် အရှေ့တောင်အာရှ ဒေသဆီမှ မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလျက်ရှိသည်။ အမြတ်အစွန်း ခပ်များများ ရရှိမည့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ၎င်းတို့ ကြိုးပမ်းနေသည်မှာ ရွှေထွက်ရာနေရာသို့ လူအများ အပြေးအလွှားသွားကြသည့်နှယ်ဖြစ်၏။

မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေကြသည့် ဗြိတိန်စီးပွားရေးလုပ်ငန်းကြီးများထဲတွင် JCB၊ Shell၊ HSBC  နှင့် Standard Chartered တို့ပါဝင်ပြီး ၎င်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများကို စိတ်ဝင်တစား ရှိနေကြသည်ဟု ယုံကြည်ရသည်။

ဗြိတိန်သတင်းစာ တစ်စောင်ဖြစ်သော The Independent အဆိုအရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် အချို့သော ဗြိတိန်ကုမ္ပဏီကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ တရားဝင်အရဆိုပါက မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် နှင့် မြန်မာနှင့် ကုန်သွယ်မှုပြုရန် ဗြိတိန် ကုမ္ပဏီကြီးများအား အစိုးရက အားပေးအားမြှောက်ပြုလုပ်ခွင့် မရှိပေ။ သို့သော် အကယ်၍ မြန်မာအပေါ် သတ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အီးယူက ရုပ်သိမ်းပေးပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်လာမည် ဆိုပါက ဗြိတိန်စီးပွားရေးလုပ်ငန်းကြီးများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် နှစ်ကာလကြာမြင့်စွာ အထီးကျန်ဖြစ်ခဲ့ပြီးနောက် ယခုအခါ အစိုးရသစ်အဖွဲ့မှ ပြုပြင် ပြောင်းလဲရေး သမားများက စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ကိုင်ပေးမည်ဟု ကတိကဝတ်များပြုလာကာ အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် မျှော်လင့်လျက်ရှိကြသည်။ အမေရိကန်အစိုးရကမူ မြန်မာစစ်အစိုးရအပေါ် ယခင်က သတ်မှတ် ပြဋ္ဌာန်းခဲ့သည့် ပိတ်ဆို့အရေးယူမှုအချို့အား စတင်ဖယ်ရှားပေးမည့် အရိပ်အယောင်များ ပြသလာပြီဖြစ်သည်။ အီးယူအနေဖြင့်လည်း မကြာမီ ရက်သတ္တပတ်အတွင်း ပိတ်ဆို့အရေးယူမှုများ စတင်ဖယ်ရှားပေးရန် ဆုံးဖြတ်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကလည်း သယံဇာတကြွယ်ဝချမ်းသာသည့် မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ရင်းနှီးမှုများ ပြုလုပ်ထားပြီးဖြစ်ရာ အာရှစီးပွားရေး ပြိုင်ဘက်များ ခြေလှမ်းသာနေမည့်အရေးကို အနောက်ကုမ္ပဏီကြီးများက စိုးရိမ်လျက် ရှိသည်။ ဈေးကွက်ကျွမ်းကျင်သူ ပညာရှင်တစ်ဦးကမူ "မြန်မာနိုင်ငံကို တရုတ်၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန်တွေက အုံခဲနေကြတယ်" ဟု ဆိုသည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများကမူ နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာစစ်အစိုးရ၏ လိမ်လည်လှည့်စားမှု ခံရမည့် အရေးကို စိုးရိမ်ပူပန်လျက်ရှိသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရတွင် နောက်ကြောင်း ပြန်လှည့်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လေ့ရှိသည့် မှတ်တမ်းများ ရှိနေသောကြောင့်ဖြစ်သည်။ အထင်ရှားဆုံးသော ဥပမာပြရလျှင် လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီသည် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပေးပြီး အနောက်စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင် ခဲ့သော်လည်း ၎င်း၏ သြဇာအာဏာအပေါ် လစ်ဗျားပြည်သူ များက ခြိမ်းခြောက်လာချိန်တွင် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနှိမ်နင်းခဲ့ခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားမည့် ကိစ္စအပေါ် သတိကြီးစွာဖြင့် ထောက်ပံ့လျက် ရှိသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမူ မြန်မာနိုင်ငံကို "အာရှ၏ စီးပွားရေးနယ်မြေသစ်" ဟု ခေါ်ဆိုသည်။

ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော JCB ၏ ဒေသဆိုင်ရာ အကြီးအကဲ Rajen Nair က "မြန်မာနိုင်ငံဟာ လာမယ့်နှစ်တွေထဲမှာ စီးပွားရေးတိုးတက်ဖို့ အလားအလာတွေ အရမ်းကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု Irrawaddy သတင်းဌာနသို့ ပြောကြားသည်။

Standard Chartered မှ ပြောရေးဆိုခွင့်ရှိသူကလည်း "ကျွန်တော်တို့ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းက အာရှကနေ လာတာပါ။ အာရှမှာ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့နိုင်ငံဆိုလို့ မြန်မာပြည်ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်လို့ရမယ့် ဘယ်နိုင်ငံမှာမဆို ဈေးကွက် ရှာသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွားရေး လုပ်ကိုင်နိုင်ပြီး လုံခြုံမှုရှိကာ စီးပွားရေးလုပ်ငန်းတွေအတွက် တံခါးဖွင့်ထားတဲ့ နေရာမျိုးပေါ့ဗျာ" ဟု The Independent သို့ ပြောကြားသည်။

Shell ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကမူ "Shell အနေနဲ့ မြန်မာပြည်နဲ့ ခုချိန်ထိ ပတ်သက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အစိုးရ အသီးသီးရဲ့ လိုအပ်ချက်တွေ၊ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ လေးစားလိုက်နာလျက် ရှိပါတယ်။ လောလောဆယ်တော့ အာရှဒေသတွင်းဆီက လက်ရှိ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘိဇနက်လုပ်ငန်းဆိုင်ရာ အနေအထားတွေကို ကောင်းစွာ နားလည်သဘောပေါက်နိုင်ဖို့ သက်ဆိုင်သူတွေနဲ့ ဒိုင်ယာလော့ခ် လုပ်နေပါတယ်" ဟု ပြောဆိုသည်။ HSBC ကမူ တစ်စုံတရာ ထင်မြင်ချက်ပေးခြင်းမရှိပေ။

မကြာသေးမီကာလအတွင်း The Independent သတင်းစာက ဗြိတိန်ကုမ္ပဏီကြီး ၂၀ အား မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာနှင့် ယင်းနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စဉ်းစားထားခြင်းရှိ၊မရှိ ဟူသောအချက်ကို စစ်တမ်း ကောက်ယူခဲ့ရာ ကုမ္ပဏီအနည်းငယ်ခန့်သာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် ဆန္ဒရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကုမ္ပဏီအများစုကမူ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားမည်ဆိုပါက ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် နည်းလမ်းရှာဖွေရန် ဆန္ဒ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

***************************************************

မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရန် အမေရိကန်မျှော်လင့်ချက်အသစ်ထား

(AFP News မှ 8 Apr 2012 ရက်စွဲပါ In new tact, US hopes to reform Myanmar military သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာကြားဖြတ်ရွေးကောက်ပွဲများကို အသိအမှတ်ပြုချီးကျူးပြီး နောက်တွင် ထိုနိုင်ငံ၏ အင်အားကြိး တပ်မတော်အား ဆယ်စုနှစ်ချီတိုင်းရင်းသားပဋိပက္ခနှင့် လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်အောင် ဖိအားပေးရန် ဦးတည်ချက် ပြောင်းလျက် ရှိသည်ဟု တာဝန်ရှိ သူများနှင့် လေ့လာသူများက ပြောကြားသည်။

အတိုက်အခံများအနိုင်ရရှိသွားသော ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် မြန်မာနိုင်ငံကို ချီးကျူးပြော ဆိုခဲ့သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က “မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ထားခြင်း အပါအဝင် သတ်မှတ်ရွေးချယ်ထားသော Sanctions များကို ဖြေလျော့ပေးတော့မည်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အတိုက်အခံများနှင့် တိုင်းရင်းသားအုပ်စုများကို သမ္မတဦးသိန်းစိန်က ဆွေးနွေးညိနှိုင်းလျက်ရှိသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တိုက်တွန်း အားပေးနေသည့် အိုဘားမားအစိုးရ၏ အစီအစဉ်များထဲတွင် Sanctions ဖြေလျော့မည့် အစီအစဉ်သည် ယခုအချိန်ထိ အကြီးမားဆုံး ဆောင်ရွက်ချက် တစ်ခု ဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်ထိုးစစ်ရပ်ဆိုင်းရန် ဒီဇင်ဘာလက သမတထုတ်ပြန်သော အမိန့်ကို နာခံခြင်းမရှိသည့် တပ်မတော်သည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှ ဘေးထွက်နေသည့် လက္ခဏာရှိသည်ဟု အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာ့တပ်မတော်ကို ကမ်းလှမ်းညှိနှိုင်းဖို့ သူတို့ပါဝင်လာအောင် ခေါ်ယူဖို့၊ ဒီမိုကရေစီအပြောင်းအလဲမှာ သူတို့လည်း ပါဝင်ရမယ်ဆိုတဲ့ အချက်ကို သိမြင်နားလည် လာစေဖို့အတွက် လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု အမည်မဖော်လိုသူ အရာရှိက AFP သို့ ပြောကြားသည်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေး အစီအစဉ်ကို သောကြာနေ့က သဘောတူညီမှုရရှိခဲ့သော်လည်း ကချင်ပြည်နယ်၌ မုဒိန်းမှုကို စစ်လက်နက်သဖွယ် သုံးခြင်း၊ အရွယ်မရောက်သေးသော ကလေးစစ်သားများ သုံးခြင်း၊ အဓမ္မလုပ်သားများကို သုံးစွဲခြင်းတို့ ဖြစ်ပွားနေကြောင်း ခိုင်ခိုင်မာမာရရှိထားသော သတင်း အစီရင်ခံစာများအပါအဝင် နိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ကချင်ပြည်နယ်အတွင်းသို့ သွားရောက်ကယ်ဆယ်ခွင့်ပေးရန် မြန်မာအစိုးရထံ တောင်းဆိုထားသည်။ မကြာသေးမီက ကုလကိုယ်စားလှယ် ၂ ဖွဲ့သွားရောက်ခဲ့သော တရုတ် နယ်စပ်အနီးမှ ကချင်ဒေသများတွင် အကူအညီလိုအပ်နေဆဲ ထွက်ပြေးစွန့်ခွာသူ အနည်းဆုံး ၅၀၀၀၀ မှ ၆၀၀၀၀ အထိရှိနေသည်ဟု ယင်းက ဆိုသည်။ “အခုလို အရေးပေါ်အကူအညီ များစွာ လိုအပ်နေတဲ့ ကိစ္စကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု ယင်းအရာရှိက ဆိုသည်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆက်မပြတ်ဖြစ်ပွားနေခဲ့သော ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ်ပွဲကြောင့် မြန်မာနိုင်ငံ၏ ဒေသများ (အထူးသဖြင့် တောင်တန်းတိုင်းရင်းသားပြည်နယ်များ) မှာ ရစရာမရှိအောင် စုတ်ပြတ်ကြေမွနေပြီ ဖြစ်လေသည်။

အမေရိကန်ပြည်ထောင်စု ထပ်မံမျှော်မှန်းမှုများကို ထုတ်ပြန်ကြေညာခဲ့သော ဟီလာရီကလင်တန်က “သမိုင်းဝင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုများတွင် မပါဝင်ပဲ မှားတဲ့ဖက်မှာ ကျန်နေခဲ့သူများ အဖွဲ့အစည်းများ၊ အင်အားစုများကို Sanctions များ ဆက်လက် ချမှတ်အရေးယူဦးမည်ဟု သတိပေး ပြောကြား လိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးမစတင်မှီအချိန်က လျို့ဝှက်စစ်ဖက်ဆက်ဆံရေးရှိခဲ့သော မြောက်ကိုရီးယားနှင့် စစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု မှန်သမျှ ရပ်ဆိုင်းရန် မြန်မာအစိုးရကို ကလင်တန်က တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်ကို သမိုင်းဝင်ထောက်ပံ့ခဲ့သော ကျောက်မျက်ရတနာ၊ သဘာဝဓာတ်ငွေ့နှင့် ကျွန်း၊ သစ်မာနှင့် စသည့် အမြတ်အစွန်းကြီးသော ကဏ္ဍများ အပေါ်တွင် ပြင်းထန်သော Sanctions များဆက်လက် ချမှတ်ထားသည်ဟု ဝါရှင်တန် အခြေစိုက် HKW မှ ဒါရိုက်တာတွမ် မာလီနောစကီးက ပြောကြားသည်။ သို့သော်လည်း ပုဂ္ဂိလိကကဏ္ဍပါဝင်သည့် တယ်လီဖုန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးခရီးသွား လုပ်ငန်းတို့အပေါ် ချမှတ် ထားသော Sanctions များ ဖြေလျော့ပေးခြင်းကြောင့် သာမန်ပြည်သူများအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဟု ဆိုသည်။

“ဒီအိုင်ဒီယာရဲ့ လိုရင်းကတော့ မြန်မာ့တပ်မတော်ကို အရပ်ဖက်အာဏာပိုင်းတွေအပေါ် အဆုံးစွန် သစ္စာစောင့်သိတဲ့ အဖွဲ့အစည်း ဖြစ်လာ စေချင်တာပါပဲ”ဟု မာလီနော်စကီးက ပြောကြားသည်။ အခု Sanctions တွေကို အသုံးချပုံက ပါးပါးလေးပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မြန်မာ အစိုးရရဲ့ မူဝါဒ ပြောင်းလဲအောင် တွန်းအားပေးတာမျိုးထက် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ အဓိကပါဝင်သူတွေကို ဦးစားပေး၊ အခွင့်အရေး ပေးဖို့ ပြောင်းလဲ အသုံးပြုနေတာပါဟု ယင်းက ဆက်လက်ပြောကြားသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲသည် အစမ်းစာမေးပွဲသာ ဖြစ်ပြီး ၁၉၆၂ ကထဲက စစ်တပ်က အုပ်ချုပ်ခဲ့သော နိုင်ငံတွင် မှန်ကန်သော အာဏာပါဝါ အပြောင်းအလဲ ဖြစ်လာနိုင်မည့် ၂၀၁၅ ရွေးကောက်ပွဲများ ကို တပ်မတော်က လွတ်လပ်၊ မျှတ၊ ပွင့်လင်းစွာ ကျင်းပခွင့်ပေးမှာလားဆိုသည့် ကိစ္စသည်သာ အမှန်တကယ် စမ်းသပ်စစ်ဆေးမှုဖြစ်လာလိမ့်မည်ဟု မာလီနော့စကီးက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် ဝါရှင်တန်၏ အမေရိကန်ရန်ဖက်များနှင့် တွေ့ထိညှိနှိုင်းခြင်း၊ မူဝါဒတွင် မြင်သာသော အောင်မြင်မှုတစ်ခု ဖြစ်သောကြောင့် အိုဘားမား အစိုးရက အဓိက အာရုံစိုက်လျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် မျှော်မှန်းစီမံခန့်ခွဲခြင်းသည် နာတာရှည်ရောဂါများကို မှော်ကြိမ်လုံးက ဖယ်ရှားပေးလိမ့်မည်ဟု မျှော်လင့်ချက်ပေးခြင်း မဟုတ်ပါဟု အမေရိကန်အစိုးရ တာဝန်ရှိသူက ဆိုသည်။

စုတ်ယူနိုင်စွမ်း နည်းပါးပြီး၊ အာဂတိလိုက်စားမှုကြီးမားသော မြန်မာနိုင်ငံအပေါ် ဝါရှင်တန်က ပိုက်ဆံများ ပစ်စလက်ခတ် ကြဲဖြန့်မည် မဟုတ်ပါဟု ယင်းတာဝန်ရှိသူက အလေးထား ပြောကြားသည်။

                "မြန်မာနိုင်ငံရဲ့ လက်တွေ့ပကတိ စီးပွားရေး၊ နယ်ပယ်အနေအထားက ချို့ယွင်းချက်တွေ များနေပါတယ်။ ဒီလိုသာ မဟုတ်ရင် တစ်ကမ္ဘာလုံး ဝင်ပြီး ဖျာခင်းပြီးသား ဖြစ်နေမှာပေါ့။ ရုတ်တရက်ပေါ်လာတဲ့ အလားအလာတွေ အပေါ်မှာ အလွန်အကျွံ စိတ်အား ထက်သန်နေတာမျိုးကို သတိထား ဂရုစိုက်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ယင်းက သုံးသပ် ပြောကြားသွားသည်။

********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment