Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမျိုးသားရေး အလွဲသုံးမှု၏ ဓားစာခံများ

*****************************************

ဆောင်းပါးကဏ္ဍ

အမျိုးသားရေး အလွဲသုံးမှု၏ ဓားစာခံများ

အောင်မောင်း

အမျိုးသားရေး၊ စည်းလုံးညီညွတ်ရေးတို့မှာ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခု ငြိမ်းချမ်းစွာနေထိုင်ရန် မရှိမဖြစ်လိုအပ်သည်။ နောက်လိုက်များ ညီညွတ်မှသာ ဦးဆောင်သူများက ကောင်းမွန်စွာဦးဆောင်နိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက နောက်လိုက်အချင်းချင်း တိုက်ခိုက်နေ၍ ထိုလူ့အဖွဲ့ အစည်းမှာ အရှေ့မရောက်တော့ပေ။ ထို့ကြောင့် အစိုးရအတော်များများက မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးတို့ကို ဇောင်းပေးပြောဆိုရင်းဖြင့် မိမိ ပြည်သူတွေကို ညီညွတ်စေရခြင်းဖြစ်သည်။ အမျိုးသားရေး၊ မျိုးချစ်စိတ်ဓာတ်တို့ကို  ကောင်းမွန်သည့်ဘက်တွင် အသုံးချနိုင်သလို တလွဲဆံပင်ကောင်း အသုံးချမိလျှင်မူ ဖြစ်ပေါ်လာမည့် အကျိုးဆက်များက အထိအခိုက်ကြီးမားပြီး ဆုံးရှုံးပျက်စီးဖွယ် အခြေအနေများစွာ ရှိကြသည်။ ထို့ကြောင့်လည်း နိုင်ငံ ရေးသမားတို့သည်  အမျိုးသားရေးကို အာဏာရရေးအတွက်၊ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြခြင်းပင်ဖြစ်သည်။

ယနေ့ အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒ လွှမ်းမိုးလာခြင်းမှာ ထိုပြဿနာပင်ဖြစ်သည်။ အရှေ့ အလယ်ပိုင်းတွင် ဒီမိုကရေစီရှိသည်ဟု ဆိုနိုင်သော အာဏာရှင်တို့က တိုင်းပြည်၏အာဏာကို မြဲမြံစွာ ဆုပ်ကိုင်သည်။ ထိုအခါတွင် ဘာသာရေးအစွန်းရောက်များက အမေရိ ကန်နှင့်ပေါင်းစားနေသော အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ရေးအတွက် ပစ္စည်းမဲ့ဒေါသများကို အစ္စလာမ်မစ်လှုပ်ရှားမှု အသွင်ပြောင်းကာ ဘာသာရေး အစွန်းရောက်များကို ပြည်သူတွေထောက်ခံလာစေရန် စည်းရုံးနိုင်ခဲ့သည်။ ယနေ့ အရှေ့အလယ်ပိုင်းတွင် မွတ်စလင်ညီနောင်များပါတီကဲ့သို့သော ဘာသာ ရေးအခြေခံပါတီတွေ အားကောင်းလာသည်။ စတင်တည်းက ဒီမိုကရေစီစနစ်၊ နိုင်ငံရေးစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ခဲ့ပါက နိုင်ငံရေးပြေလည်၍ စီးပွားရေး ကောင်းကြသော ပြည်သူတွေမှာ ပညာကောင်းကောင်း သင်ကြားနိုင်မည်၊ ထိုအခါမျိုးတွင် အစ္စလာမ်မစ်ဝါဒီတွေမှာ အားကိုးလောက်စရာ မဟုတ်သော၊ မိမိတို့ကို အာဏာရှင်အစိုးရထက်ပင် အန္တရာယ်ပေးနိုင်သောအရာများအဖြစ် မြင်နိုင်တော့မည်မဟုတ်ပေ။  ယနေ့ အရှေ့အလယ်အပိုင်းက ပြည်သူတွေမှာ ဒီမိုကရေစီအရေး ကြွေးကြော်သော အာဏာရှင်များနှင့် အာဏာရရေးအတွက် ဘာသာရေးကို ခုတုံးလုပ်၍ တိုင်းပြည်အာဏာကို ရယူရန် ကြိုးစားသော ဘာသာရေး အစွန်းရောက်တို့အကြား မြေဇာပင်ဖြစ်ရပြီး အရှေ့အလယ်ပိုင်းတွင် ကြီးမားသော ယဉ်ကျေးမှုကြီးများထွန်းကားခဲ့သော အာရပ်လူငယ်တွေမှာ အကြမ်းဖက်ဝါဒတွင် သံသရာလည်နေကြရပြီး  ကောင်းမွန်သော ပညာရေးနှင့် ဂလိုဘယ်ခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုတွေကို ခံစားသင့်ပါလျက် မခံစားနိုင် ကြရသည့်ဘဝများတွင် သံသရာလည်နေကြရသည်။ နိုင်ငံရေးလုပ်ခွင့်ကို ပိတ်ပင်သော အာဏာရှင်နှင့် ပညာသင်ကြားခွင့်ကို ပိတ်ပင်သော အကြမ်းဖက် များ၏ ကြားက အရှေ့အလယ်ပိုင်းဒေသနေ လူငယ်များ၏ အနာဂတ်မဲ့ဘဝများ၊ ဓားစာခံဖြစ်နေရသည့်ဘဝများပင် ဖြစ်တော့သည်။

မြန်မာလူငယ်များဘဝများမှာ အာရပ်လူငယ်တွေလောက် ဆိုးဝါးခြင်းမရှိသည့်တိုင် နိုင်ငံရေးအရ မှားယွင်းမှုနှင့် ပညာရေးအရ မှားယွင်းမှုများက လူငယ်များ၏ဘဝများကို လမ်းပျောက်နေစေခဲ့သည် ဖြစ်ပါသည်။ ထို့ပြင် လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားမှုများမှာ ပြဋ္ဌာန်းမထားသော ဥပဒေများ အနေဖြင့် ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် မြန်မာလူငယ်တွေမှာ မှားယွင်းသော နိုင်ငံရေးနှင့် ပညာရေးစနစ်များကြောင့် ရည်ရွယ်ချက်များ၊ အိပ်မက်များ၊ ဖန်တီးကွန့်မြူးနိုင်သည့် စိတ်ကူးဥာဏ်များ ပျောက်ဆုံးပြီး အနာဂတ်မသေချာတော့သောဘဝများတွင် သံသရာလည်နေရသည်။ မြန်မာနိုင်ငံတွင် ဘာသာ ခြားများ အစိုးရအလုပ်တွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို တားမြစ်ထားခြင်း မရှိသော်ငြားလည်း ပြဋ္ဌာန်းမထားသည့်ဥပဒေများက ဗုဒ္ဓဘာသာမဟုတ်သူ များကို ရာထူးကြီးကြီးမားမားများတွင် ဝင်ရောက်နိုင်ခြင်းမရှိစေရန်  ပိတ်ပင်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် ၈၈ အရေးအခင်း ပြီးသည့်နောက် ပိုင်းတွင် ထိုမူဝါဒ ပိုမိုခိုင်မာလာသည်။ စစ်အစိုးရလက်ထက်တွင် ခရစ်ယာန်ဘာသာဝင် ရာထူးအကြီးဆုံးဟူ၍ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ် တစ်ဦးသာ ရှိခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်သူအစိုးရနှင့် အတိုက်အခံတို့၏ တိုက်ပွဲဖြစ်၍ နိုင်ငံရေးသမားများအနေဖြင့် လျင်သူစားစတမ်းဟု ဆိုနိုင် သော်လည်း အပြစ်မရှိသူပြည်သူများမှာ နိုင်ငံရေး၏သားကောင်များ ဖြစ်ခဲ့ရသည်။ အမျိုးဘာသာသာသနာကို ကာကွယ်နေသည်ဟူသည့် အမြင်ကို ပေးနိုင် ရန် စစ်ဗိုလ်ချုပ်များအနေဖြင့် ဘုရားတည်ခြင်း၊ ဘုရားထီးတင်ခြင်းများကို အထူးတလည်ပြုလုပ်စခဲ့သည်။ လူမျိုးဘာသာရေးကို အကြောင်းပြ၍ လူထုကို လှုံ့ဆော်သည့် နိုင်ငံရေးကြောင့် ဓားစာခံဖြစ်ရသူမှာ ပြည်သူများပင် ဖြစ်သည်။ ယနေ့ ပြည်တွင်းစစ်မီးများ၏ အဓိကအချက်မှာလည်း ထိုအချက်ပင် ဖြစ်သည်။ တိုင်းရင်းသားများ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားများအနေဖြင့် မိမိတို့သည် ပြည်ထောင်စုနိုင်ငံဖြစ်သည်ဟူသော အတွေး မျိုး မရနိုင်သေးခြင်းမှာ အထက်ပါ မှားယွင်းသော နိုင်ငံရေးစနစ်ကြောင့်ပင် ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယနွယ်ဖွား အများအပြားရှိပြီး ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော တိုင်းရင်းသား အမြောက်အများရှိသော မြန်မာနိုင်ငံတွင် ထိုပြဿနာမှာ အရေးတကြီးသတိထားရမည့်ကိစ္စ ဖြစ်သည်။ တရုတ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်ဆန့်ကျင်ရေးတို့အတွက် လှုံ့ဆော်မှုများကို ယနေ့အခါတွင် ခပ်စိပ်စိပ်တွေ့လာရပြီ ဖြစ်သည်။ တိုင်းရင်းသားများအကြား ဗမာဆန့်ကျင်ရေးစိတ်ဓာတ်ရှိသည့် အမျိုးသားရေးဝါဒီများလည်း ရှိနေပြန်သည်။ သို့ရာတွင် ထိုကဲ့သို့ အမျိုးသားရေးအခြေခံသည့် လှုံ့ဆော်မှုများ၏နောက်ကွယ်တွင် အကြောင်းတရားများစွာရှိနိုင်ပြီး ထိုအကြောင်းတရားများစွာတို့သည် နိုင်ငံရေး အင်အားစုများ၏ အားပြိုင်မှုဆိုပါက ပြည်သူတို့၏ဘဝများမှာ ကျွဲနှစ်ကောင်ခတ်သည့်ကြားက မြေဇာပင်ဘဝပင် ရှိပေလိမ့်မည်။ မှားယွင်းခဲ့သော ပညာရေး စနစ်ကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းသေးသည့် အခြေအနေတွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ မြန်မာပြည်သူများအား အမျိုးသားရေး အလွဲသုံးမှု၏ ဓားစာခံများ မဖြစ်စေလိုပါ။ နိုင်ငံ၏ အရေးကြီးသည့်အလှည့်အပြောင်းတွင် အင်တာနက်စာမျက်နှာများပေါ်တွင် တနေ့တခြားများပြား လာသည့် တရုတ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်ဆန့်ကျင်ရေးနှင့် ဗမာဆန့်ကျင်ရေး လှုပ်ရှားမှုများက ယနေ့ မြန်မာပြည်သူတွေကို ဓားစာခံမဖြစ်စေသင့် တော့ပြီဟုသာ …………………….

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment