Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ်နှင့် ရွေးချယ်သင့်သည့် ကဏ္ဍသုံးရပ်

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ်နှင့် ရွေးချယ်သင့်သည့် ကဏ္ဍသုံးရပ်

အောင်မောင်း

ပို့ကုန်ဦးစားပေးနှင့် လွတ်လပ်သောဈေးကွက်၊ အပိုကုန်ကျစရိတ်ကျဆင်းရေး စသည့် အိုင်ဒီယာတို့ကြောင့် အလုံးအရင်းနှင့်ထုတ်လုပ်မှု(Mass Production) မှာ မြေယာ၊ လုပ်အားခနှင့် အရင်းအမြစ်ပေါများသက်သာသော နိုင်ငံများဆီသို့ ရွှေ့ပြောင်းဝင်ရောက်လာကြသည်မှာ ဂလိုဘယ်လိုက်ဇေး ရှင်း၏ ပြယုဂ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကြောင့် ဈေးကွက်ဝေစုနှင့် နည်းပညာ လွှဲပြောင်းခြင်းများသည် ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံများထံသို့ စီးထွက်လာကြသည်။ ယင်းတို့နှင့်အတူ ကျွဲကူးရေပါ ဝင်ရောက်လာသည့် ဒီဘိတ်နှစ်ခုမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်သည်။ အခြားသော လူမှုရေး အပြောင်းအလဲဆိုင်ရာ သက်ရောက်မှုများလည်း ရှိသည်။

ဂလိုဘယ်လိုက်ဇေးရှင်း၏ မောင်းနှင်မှုအောက်တွင် စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုများ တိုက်စားမှုနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဒီဘိတ် များစွာရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ဦးစားပေးကိစ္စရပ်ကဲ့သို့ ဖြစ်နေပြန်သည်။ ယနေ့အထိ အဖြေရှာရန် ခက်ခဲနေသည့် ပြဿနာ မှာ စီးပွားရေးကို အရင်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမည်လော၊ သို့တည်းမဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုအနည်းဆုံး ဖြစ်စေ ရန် တွက်ချက်ပြီးမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုဖော်ဆောင်မည်လောဆိုသည့် ဒီဘိတ်နှစ်ခုပင် ဖြစ်သည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းသွားသည့် နောက်ပိုင်း စီးဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စက်မှုဖွံ့ဖြိုးရေးပေါ်လစီများက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ဒီဘိတ်များစွာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ထိုသို့စဉ်းစားရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှစ်ခုလုံးကို ခြုံငုံနိုင်မည့် အခြား အိုင်ဒီယာအသစ်( Alternative Idea)များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ လတ်တလောအခြေအနေတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အဓိကဖြစ်နေသော်လည်း မိမိနိုင်ငံ ပိုင်ဆိုင်ထားသော အရင်းအနှီးများကို အသုံးချ၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စဉ်းစားနိုင်သည်။

စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေးဆိုသည့် ကဏ္ဍသုံးခုမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်မှုနည်းစေမည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဦးစားပေးရွေးချယ်သင့်သည့် ကဏ္ဍများ ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀% ရှိသော ကျေးလက်နေ ပြည်သူများ၏ အဓိက သက်မွေးဝမ်းကျောင်းမှုမှာ စိုက်ပျိုးမွေးမြူရေး ဖြစ်သည်။ ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်ပြီး တောင်သူလယ်သမား များစွာရှိသည့်  နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာပိတ်ဆို့မှုများနှင့် ပြည်တွင်းပိတ်ဆို့မှုများကြောင့် စိုက်ပျိုးရေး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရဘဲ နိုင်ငံ၏ အခြေခံလူတန်းစားများဖြစ်သည့် တောင်သူလယ်သမားတို့၏ဘဝမှာ လူတန်းစေ့နေနိုင်သင့်ပါလျှက် နိမ့်ကျသောလူမှုဘဝများတွင် အကြွေးနွံနှင့် သံသရာ လည်နေရခြင်းမှာ မည်သို့မျှ မဖြစ်သင့်သည့် အခြေအနေပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မူဝါဒ များမှာ စာမျက်နှာများပေါ်တွင်သာ အားရဖွယ်ရှိခဲ့ပြီး လက်တွေ့နှင့် ကြီးမားစွာ ကွာဟနေခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ရေးသားရလျှင် ကျမ်းဆယ်စောင်နှင့်ပင် ပြီးနိုင်မည်မဟုတ်ရာ ယနေ့ခေတ်နှင့် အကိုက်ညီဆုံးဖြစ်မည့် စိုက်ပျိုးရေးစနစ်များနှင့် ဈေးကွက်၏ လိုအပ်ချက် တို့ကို ချိန်ဆ၍ စတင်ပြုပြင်ပြောင်းလဲရန် အခြေခံ၍ စဉ်းစားနိုင်သည်။ တောင်သူလယ်သမားများကို လွတ်လပ်စွာ စိုက်ပျိုးခွင့်ပေးခြင်း၊ နည်းပညာများ တိုးတက်ရရှိစေခြင်း၊ ယနေ့ ကမ္ဘာတွင် ဈေးကွက်ဝင်ဖြစ်လာသည့် အော်ဂဲနစ်သီးနှံဈေးကွက်ကို ဖော်ဆောင်ပေးခြင်းတို့မှာ စတင်စဉ်းစားသင့်သည့် အခြေခံ များဖြစ်သည်။ ဥပမာအနေဖြင့်ကြည့်လျှင် ရေနံကို အားကိုးအားထားပြုနေရသည့် ဘရူနိုင်းနိုင်ငံသည် နောင်အနာဂတ်တွင် ရေနံတွင်းများ ခမ်းသွားနိုင်သည့် အခြေအနေကြောင့် အော်ဂဲနစ်သီးနှံအခြေခံစားသောက်ကုန်နှင့် ပြည်ပမှ သိုး၊ဆိတ်၊ နွားများ တင်သွင်း၍ HALAL အသိအမှတ်ပြု စားသောက်ကုန်စည်များ ထုတ်လုပ်၍ အစ္စလာမ်မစ်နိုင်ငံများသို့ တင်ပို့သည့်လုပ်ငန်းကို လုပ်ကိုင်အောင်မြင်လျက်ရှိသည်။ ရေ၊ မြေနှင့် စိုက်ပျိုးရေးလုပ်သား အမြောက်အများရှိပြီး စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားစွာရှိနေသော လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု၏ ဈေးကွက်နှင့်လက်လှမ်းမှီနိုင်သော မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ် နည်းပါးသည့်  ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် သဘာဝအတိုင်း မပျက်မစီးဘဲ ကျန်ရှိနေသေးသော သဘာဝပတ်ဝန်းကျင်ရှုခင်းများနှင့် ရိုးရာယဉ်ကျေးမှုအတိုင်း နေထိုင်နေ သေးသော တိုင်းရင်းသားဒေသများသည် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် သဘာဝတရားကြီး၏ လက်ဆောင်မွန်များဖြစ်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော အိမ်နီးချင်းထိုင်းနိုင်ငံတွင်ပင်လျှင် အချို့သော တိုင်းရင်းသားရိုးရာ ပြကွက်များမှာ သရုပ်ပြအနေဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ၏ အစစ်အမှန်ဘဝများကဲ့သို့ မဟုတ်တော့ပေ။ ချင်းတောင်တန်းမှ ပါးရဲထိုးသည့် ချင်းတိုင်းရင်းသားများ၊ ကချင်ပြည်နယ် အစွန်အဖျားမှ တရုံလူမျိုး စုလေးများ၊ မြိတ်ကျွန်းစုများဘက်မှ ဆလုံတို့၏ လူနေမှုဘဝများနှင့် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အထင်ကရနေရာများမှာ Eco tourism ကို စနစ်တကျဖော်ဆောင်နိုင်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည့် စဉ်းစားစရာ နည်းလမ်း တစ်ခု ဖြစ်နိုင်သည်။

အရှေ့တောင်အာရှတွင် ထိပ်တန်းပညာရေးအဆင့် ရှိခဲ့ဖူးသည့် မြန်မာနိုင်ငံ၏ လက်ရှိပညာရေးမှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် နိမ့်ကျ လျက်ရှိသော်လည်း ဒေသတွင်းနိုင်ငံဖြစ်သည့် စင်္ကာပူနိုင်ငံ၏ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခဲ့သည့် အတွေ့အကြုံကို ဥပမာယူ၍ ပညာရေးဘက်တွင် ရင်းနှီး မြှုပ်နှံပါက လူသားအရင်းအမြစ် တည်ဆောက်ခြင်းကို အားပေးရုံသာမက သုတေသနလုပ်ငန်းများလည်း ဖွံ့ဖြိုးအားကောင်းလာနိုင်မည် ဖြစ်ပါသည်။ ပြင်ဦး လွင်မြို့မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဥယျာဉ်ခြံထွက်လုပ်ငန်းများနှင့် ဆွယ်တာလုပ်ငန်းတို့ကို အခြေပြုခဲ့ရသော်လည်း ပုဂ္ဂလိကဘော်ဒါဆောင်များ စတင်အခြေချသည့် အချိန်မှစ၍ ယင်းဘော်ဒါဆောင်များကို အမှီပြု၍ ပေါ်ပေါက်လာသည့် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ယခုအခါတွင် မြို့၏ စီးပွားရေးလုပ်ငန်းမှာ သိသိသာသာ တိုးတက်သွားခဲ့သည်။ အကယ်၍ ကမ္ဘာ့အဆင့်မှီ ကောလိပ်များ၊ တက္ကသိုလ်များနှင့်ချိတ်ဆက်၍ ပညာရေးတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်ပါက ထိုကိစ္စမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက်မြင်နိုင်ခြင်းမရှိသည့်တိုင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ အငြင်းပွား ဖွယ် မရှိနိုင်သည့် ရွေးချယ်စရာတစ်ခု ဖြစ်ပါသည်။

၂၀၁၅ တွင်ပေါ်ပေါက်လာမည့် အာဆီယံကုန်သွယ်မှုဇုန်နှင့် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများ ရုတ်သိမ်းဖယ်ရှားလိုက်မှုတို့ကြောင့် မြန်မာနိုင်ငံ တွင် စက်ရုံအလုပ်ရုံများ အမြောက်အများ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါသည်။ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းပြည်၏ ဂျီဒီပီ သိသိသာသာ တက်လာနိုင်မည့်အခြေအနေလည်း ရှိပါသည်။ သို့ရာတွင် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မူဝါဒများ ချမှတ်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှု၊ သဘာဝအရင်းအမြစ် အသုံးပြုရမှုတို့ကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့်  သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဒီဘိတ်မှာ မြန်မာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အခြေအနေတစ်ရပ် ဖြစ်လာနိုင်ပါ သည်။ ယနေ့ခေတ်ကာလ၏ ပေးထားချက်အရ စက်မှုဖွံ့ဖြိုးရေးက တိုင်းပြည်၏စီးပွားရေးကို တိုးတက်စေသည် ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်မရှိသော်လည်း မီးခိုးမထွက်သည့် အခြားသော ဝန် ဆောင်မှုလုပ်ငန်းများမှာ ထည့်သွင်းစဉ်းစားသင့်ပြီး ထိုလုပ်ငန်းများက သဘာဝပတ်ဝန်းကျင်ကို အသုံးချရမှုကို လျော့ပါးစေလိမ့်မည်ဖြစ်သကဲ့သို့ တိုင်းပြည် ၏စီးပွားရေးအတွက်လည်း ကြီးမားသော အထောက်အကူတစ်ရပ်ဖြစ်နိုင်သဖြင့် တန်ဖိုးမြှင့်စိုက်ပျိုးထုတ်ကုန်ထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းတို့မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့၏ ဒီဘိတ်ကို လျော့ပါးစေမည့် ရွေးချယ်မှုတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များပင် ဖြစ်ပါသည်။

*****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment