Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ကချင်နှင့် ပဋိပက္ခပြီးဆုံးရေး အလေးအနက် ဆောင်ရွက်မည်ဟု ဆို

(Reuters မှ 30 April 2012 ရက်စွဲပါ Martin Petty ရေးသားသော Myanmar to beef-up efforts to end Kachin conflicts ကို ဘာသာ ပြန်ဆိုသည်)

  1. အတိုက်အခံသည် အစိုးရနှင့် အတူအလုပ်လုပ်နိုင်လိမ့်မည်ဟု အမေရိကန် မျှော်လင့်

(The Tribune မှ 1 May 2012 ရက်စွဲပါ AP ၏ US hopeful Myanmar opposition can work with gov’t ကို ဘာသာ ပြန်ဆိုသည်)

  1. ကုလအထွေထွေ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

(Radio Australia News မှ 1 May 2012 ရက်စွဲပါ Suu Kyi to address UN assembly ကို ဘာသာ ပြန်ဆိုသည်)

  1. ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဂျပန်ပါဝင်ရန် ကချင်ခေါင်းဆောင် တောင်းဆို

(Asahi Shimbun မှ 28 April 2012 ရက်စွဲပါ Kachin Leader wants Japan to join Myanmar peace process ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ပြောင်းလဲမှုက အာဆီယံ-အီးယူ ကဏ္ဍသစ် ဖွင့်လှစ်

(AFP မှ 27 April 2012 ရက်စွဲပါ Myanmar Changes bring new ASEAN-EU chapter ကို ဘာသာ ပြန်ဆိုသည်)

********************************

ကချင်နှင့် ပဋိပက္ခပြီးဆုံးရေး အလေးအနက် ဆောင်ရွက်မည်ဟု ဆို

(Reuters မှ 30 April 2012 ရက်စွဲပါ Martin Petty ရေးသားသော Myanmar to beef-up efforts to end Kachin conflicts ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်တွင် ပဋိပက္ခများ ပြီးဆုံးရေးနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား အုပ်စုများအားလုံး နိုင်ငံရေး လောကသို့ ဝင်ရောက်နိုင်ရန်အတွက် ဒုတိယသမ္မတ တစ်ဦးက ဦးဆောင်ပြီး လူ ၅ဝ ပါဝင်သော အဖွဲ့ဖွဲ့စည်းမည်ဟု အစိုးရ၏ အဓိက ငြိမ်းချမ်းရေး အဖွဲ့တစ်ခုက တနင်္လာနေ့က ပြောကြားခဲ့သည်။

အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာ လမ်းတွင် အတားအဆီး ဖြစ်လျက်ရှိကြောင်း ငြိမ်းချမ်းရေးအတွက် တာဝန်ရှိသူ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသမား သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဩဂုတ်လက တိုင်းရင်းသား သူပုန်အုပ်စုများအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ငြိမ်းချမ်းရေးကိစ္စမှာ အနောက်နိုင်ငံများက အရေးယူမှုများ ရုတ်သိမ်းရေးအတွက် သတ်မှတ်ထားသော အဓိက သတ်မှတ်ချက် တစ်ခု ဖြစ်သည်။

ဦးအောင်မင်းက တိုင်းရင်းသားကိစ္စများ ကိုင်တွယ်ရာတွင် ရှုပ်ထွေးသော နိုင်ငံရေးအရ ညှိနှိုင်းမှုများ ပြုလုပ်ရေးအတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဦးဆောင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။

“အဖွဲ့ကို ပြန်ဖွဲ့ရတာတော့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင်လို့ပါ။ ကျွန်တော် လေးငါးခြောက်ဦးနဲ့ စပြီး စကားပြောခဲ့ရာမှာ အခုကိစ္စဟာ ကြီးမားလာပြီဖြစ်လို့ ကြီးမားတဲ့အဖွဲ့ကြီးတစ်ခု လိုအပ်နေပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံအပြီးတွင် ဦးအောင်မင်းက ရိုက်တာသို့ ပြောကြားခဲ့သည်။

တိုင်းရင်းသား အဖွဲ့ ၆ ခုမှာ သမ္မတ ဦးသိန်းစိန် သတ်မှတ်ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ရပ်အနက် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး နိုင်ငံရေး အရ ဆွေးနွေးရန်သာ ရှိကြောင်း အခြားအုပ်စုများမှာ အပစ်အခတ် ရပ်စဲရန် သဘောတူသည့် အဆင့်တွင် ရှိကြောင်းလည်း ဦးအောင်မင်းက ဆိုသည်။ ကချင်တစ်ခုပဲ ကျန်ပါတယ် ဟုလည်း ယင်းက ပြောသည်။

ယခုကဲ့သို့ အပြောင်းအလဲ ပြုလုပ်ခြင်းမှာ ကေအိုင်အေနှင့် ခြောက်ကြိမ် ဆွေးနွေးပြီး ရလဒ် ထွက်ပေါ်လာခြင်း မရှိခြင်း နောက်တွင် ပြုလုပ်ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်က မိမိကိုယ်ကို ကာကွယ်နေခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သော်လည်း ကေအိုင်အေက စစ်ရေးအ အပြီးတိုင် ချေမှုန်းမှုနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။

ဦးအောင်မင်းက လွှတ်တော်သည်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်လာမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဗုဒ္ဓဟူးနေ့တွင် လွှတ်တော် တက်ရောက်ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား အုပ်စုများအတွက် ဖက်ဒရယ် ပြည်ထောင်စုဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရန် စနစ်တစ်ခု လုပ်ဆောင်ခဲ့သော်လည်း လုပ်ကြံခံလိုက်ရမှုကြောင့် ပုံပေါ်လာခြင်း မရှိခဲ့ပေ။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ကြိုဆိုပါတယ်။ လွှတ်တော်ထဲကို ရောက်လာမှ သူ့အနေနဲ့ နိုင်ငံရေးအရ ပြောရေးဆိုခွင့် တရားဝင် ပလက်ဖောင်း တစ်ခု ရရှိမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။ “တကယ်လို့သာ သူ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ရင် ဒါဟာ နားရက် မရှိတဲ့ အလုပ်ပါ။ သူ့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်” ဟုလည်း ယင်းက ဆိုသည်။

နောက်လာမည့် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသားအုပ်စုများအားလုံးနှင့် နိုင်ငံရေးအရ သဘော တူညီမှု ရရှိမည်ဟု ယုံကြည်ကြောင်း၊ သို့မှသာ ရွေးကောက်ပွဲတွင် ယင်းတို့ ပါဝင်နိုင်မည်ဟု ဝန်ကြီးက ဆက်လက် ပြောသည်။ “ကြာမယ့်အချိန်ကတော့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ မတိုင်မီ မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေး ရနိုင်ပါလိမ့်မယ်” ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ သန်း ၆ဝ၏ သုံးပုံတစ်ပုံသည် တိုင်းရင်းသားများ ဖြစ်ပြီး အများစုဖြစ်သော မြန်မာများကသာ တိုင်းပြည်ကို လွှမ်းမိုးထားသည်ဟု တိုင်းရင်းသားများက ရှုမြင်နေကြကာ မကျေမနပ် ဖြစ်လျက်ရှိနေခြင်း ဖြစ်သည်။

*******************************

အတိုက်အခံသည် အစိုးရနှင့် အတူအလုပ်လုပ်နိုင်လိမ့်မည်ဟု အမေရိကန် မျှော်လင့်

(The Tribune မှ 1 May 2012 ရက်စွဲပါ AP ၏ US hopeful Myanmar opposition can work with gov’t ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအတိုက်အခံပါတီသည် ကျမ်းကျိန်သည့် စာသား အငြင်းပွားနေသော်လည်း လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်တပ် ချုပ်ကိုင်ထားသော အစိုးရနှင့် အတူတွဲ၍ အလုပ်လုပ်နိုင်သည်ဟု မျှော်လင့်နိုင်သော လက္ခဏာ ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ယင်းတို့အနေဖြင့် ယနေ့ (ဗုဒ္ဓဟူးနေ့)တွင် လွှတ်တော်သို့ တက်ရောက်မည် ဖြစ်ကြောင်း ဆိုသည်။ အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမည် ဟူသော စာသားအား မပြင်ဆင်သော်လည်း ကျမ်းကျိန်မည် ဖြစ်သည်။ အဆိုပါ အခြေခံဥပဒေကို စစ်တပ် အုပ်ချုပ်စဉ်က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စစ်တပ် အာဏာတည်မြဲရေးကို ထည့်သွင်းထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာ့တိုနာက အင်္ဂါနေ့က ကျင်းပသော သတင်းအကျဉ်း တင်ပြပွဲတွင် ပြောကြားရာ၌ နှစ်ဖက် စလုံးသည် ယခု လုပ်ဆောင်နေပြီ ဖြစ်သော ဒီမိုကရေစီ တိုးတက်မှုများ ဆက်လက် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု အမေရိကန်အနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

*******************************

ကုလအထွေထွေ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

(Radio Australia News မှ 1 May 2012 ရက်စွဲပါ Suu Kyi to address UN assembly ကို ဘာသာ ပြန်ဆိုသည်)

နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရန် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ဖိတ်ကြားခြင်းကို မြန်မာအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ပြီဟု သိရသည်။ သို့ရာတွင် ရက်အတိအကျကိုမူ မသတ်မှတ်ရသေးဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့နေအိမ်တွင် ကုလသမဂ္ဂအကြီးအကဲနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်သစ်များ ကျမ်းသစ္စာ ကျိန်ဆိုရမည့် စကားလုံးအပေါ် အငြင်းပွားမှုကြောင့် တနင်္လာနေ့က လွှတ်တော်တွင် ဘန်ကီမွန်းပြောကြားသော မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နားမထောင်ခဲ့ရပေ။ မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်က အများဆန္ဒနှင့်အညီ ဗုဒ္ဓဟူးနေ့ (ယနေ့)တွင် လွှတ်တော်တက် ကျမ်းကျိန်ရန် သဘောတူလိုက်ပြီ ဖြစ်သည်။ ဒီမိုကရေစီ အကျိုးအတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းကို ကုလအကြီးအကဲ ဘန်ကလည်း ကြိုဆို ဂုဏ်ပြုခဲ့သည်။

**************************

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဂျပန်ပါဝင်ရန် ကချင်ခေါင်းဆောင် တောင်းဆို

(Asahi Shimbun မှ 28 April 2012 ရက်စွဲပါ Kachin Leader wants Japan to join Myanmar peace process ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသား အုပ်စု၏ ခေါင်းဆောင်တစ်ဦးက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဂျပန်နိုင်ငံ ပါဝင် ပေးရန် တောင်းဆိုလိုက်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အသက် ၆၇ နှစ်အရွယ်ရှိ မရမ်လဂျာက မေလတွင် အစောဆုံး စတင်မည်ဟု မျှော်လင့်ရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စောင့်ကြည့်လေ့လာသူ အဖြစ် ဂျပန်အစိုးရအား ဆောင်ရွက်စေလိုသည်ဟု ဧပြီ ၂၇ ရက်က အဆာဟိရှင်ဘွန်းသို့ ပြောကြားခဲ့သည်။

ဒီမိုကရေစီ ကူးပြောင်းရေးကို ဦးတည်နေသော မြန်မာအစိုးရနှင့် နိုင်ငံတစ်ဝှမ်းမှ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာ အပစ်ရပ် သဘောတူညီမှုများ ရရှိနေပြီ ဖြစ်သော်လည်း တရုတ် နယ်စပ်အနီးတွင် နေထိုင်သော ကချင်တိုင်းရင်းသား တပ်ဖွဲ့မှာမူ အစိုးရတပ်များနှင့် ယခုတိုင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

မရမ်လဂျာသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်မည် မျှော်လင့်ရသော တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးအဖြစ် ဂျပန်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ပဋိပက္ခ စတင်ခဲ့သော ၂ဝဝ၈ ခုနှစ် နောက်ပိုင်း အစိုးရနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများတွင် အပစ်ရပ်ရန် ကချင်တို့က သဘောတူခဲ့သော်လည်း တပ်မတော်တပ်ရင်း တပ်ဖွဲ့များက လိုက်နာခဲ့ခြင်း မရှိဟု မရမ်လဂျာက ပြောသည်။ ယင်းက ခုခံ ကာကွယ် တိုက်ခိုက်ခြင်းသည် ကချင်တို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်ဟု ပြောကြားကာ မြန်မာအစိုးရ တပ်ဖွဲ့များ ကချင်ပြည်နယ်အတွင်း ဝင်ရောက် တပ်စွဲခြင်းကို ကျူးကျော်မှုတစ်ခု အဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

KIO အထွေထွေ အတွင်းရေးမှူး မရမ်လဂျာက ယင်းအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အပြုသဘော ရှုမြင်ကြောင်း၊ တိုကျိုသည် လေ့လာ စောင့်ကြည့်ရေး သာမက ဆေးပစ္စည်းများ အပါအဝင် လူသားချင်း စာနာသော ကူညီမှုများကိုပါ ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နေပြည်တော်အစိုးရအပေါ် တိုကျိုအနေဖြင့် အဓိက လွှမ်းမိုးနိုင်သည့် ဩဇာရှိကြောင်းလည်း ပြောကြားသွားသည်။

**********************************

မြန်မာ့ပြောင်းလဲမှုက အာဆီယံ-အီးယူ ကဏ္ဍသစ် ဖွင့်လှစ်

(AFP မှ 27 April 2012 ရက်စွဲပါ Myanmar Changes bring new ASEAN-EU chapter ကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင်အာရှနှင့် ဥရောပမှ နိုင်ငံခြားရေးဝန်ကြီးများသည် သောကြာနေ့က ဘရူနိုင်းနိုင်ငံတွင် ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရန် စတင် တွေ့ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် ဥရောပနှင့် အရှေ့တောင် အာရှ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်ရန် ဆွေးနွေးကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကာလရှည်ကြာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ကြမ်းတမ်းစွာ နှိပ်ကွပ်ခဲ့မှုများသည် အာဆီယံနှင့် အီးယူအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဆက်ဆံရေးတွင် ဆူးတစ်ချောင်းအသွင် ရှိခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်အတွင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်း အစိုးရသည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ ကန့်သတ်မှုများ ဖြေလျှော့ပေးခြင်းနှင့် အတိုက်အခံများကို နိုင်ငံရေးတွင် ပြန်လည် ဝင်ရောက်ခွင့် ပြုခြင်းများ လုပ်ဆောင်ပေးခဲ့သည်။ ငွေကြေးစနစ်ကိုလည်း ပြုပြင် ပြောင်းလဲပေးခဲ့ပြီး နှုန်းရှင်ပြုလုပ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လက်ခံမည် ဖြစ်ကြောင်း အချက်ပေးခဲ့သည်။

အီးယူက မြန်မာနိုင်ငံတွင် သမိုင်းဝင် ပြောင်းလဲမှုများဟု ဆိုကာ ယခုလတွင် ဆုလာဘ် ပေးသည့်အနေဖြင့် လက်နက် ရောင်းဝယ်မှုမှအပ အခြား အရေးယူမှုများစွာကို တစ်နှစ် ယာယီ ရုတ်သိမ်းပေးခဲ့သည်။ ဘရူနိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးများ တစ်ရက်တာ တွေ့ဆုံမှု မပြုမီ Jakarta Post တွင် ရေးသားထားရာ၌ အီးယူနိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က "ယခု တွေ့ဆုံမှုသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အနာဂတ်ကို ဦးတည်နေပြီး အရေးပါတဲ့ တိုးတက်မှုတွေ ရှိနေတာကို အားလုံး ဝိုင်းဝန်းချီးကျူးရန် ဖြစ်သည်" ဟု ဆိုခဲ့သည်။

သောကြာနေ့ ဆွေးနွေးမှုအပြီးတွင် သူမက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သတင်းကို အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်။

ဆွေးနွေးမှုများတွင် ဥရောပ အင်အားကြီးများဖြစ်ကြသော ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ်နှင့် ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဂီဒို ဝက်စတာဝဲတို့လည်း တက်ရောက်ကြသည်။ "မြန်မာဟာ အရင်ကလို ဆူးတစ်ချောင်း မဟုတ်တော့လို့ ကဏ္ဍသစ်ဖွင့်လိုက်နိုင်ပါပြီ" ဟု အရှေ့တောင်အာရှ သံတမန်တစ်ဦးက AFP သို့ ပြောသည်။

*********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment