Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်က အကျိုးရှိမည့် အကူအညီများ ဆက်တိုက် ရရှိရေး တောင်းဆို

(Gulf News မှ 7 May 2012 ရက်စွဲပါ Su Kyi calls for ‘sustainable, sound’ fund ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ အလွန်အကျွံဝင်လာမည်ကို စိုးရိမ်ရ

(IPS မှ 3 May 2012 ရက်စွဲပါ Carey L.Biron ရေးသားသော Over–investment fears loom in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ နိုင်ငံရေး ခရီးရှည်

(The Telegraph India မှ 7 May 2012 ရက်စွဲပါ Long Journey ကို ဘာသာ ပြန်ဆိုသည်)

*******************************

ဒေါ်အောင်ဆန်းစုကြည်က အကျိုးရှိမည့် အကူအညီများ ဆက်တိုက် ရရှိရေး တောင်းဆို

(Gulf News မှ 7 May 2012 ရက်စွဲပါ Su Kyi calls for ‘sustainable, sound’ fund ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းလျက်ရှိရာ အဆက်မပြတ်ဖြစ်ပြီး အကျိုးရှိမည့် အကူအညီများ (sustainable and sound aid) လိုအပ်ကြောင်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

သူမအနေဖြင့် ဗုဒ္ဓဟူးနေ့က လွှတ်တော်သို့ ဝင်ရောက်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ဘာများ မျှော်လင့်သနည်း မေးမြန်းခဲ့ရာ ဂျာမန်နိုင်ငံ၏ အပတ်စဉ်ထုတ် Welt am Sonntag သို့ ပြောကြားရာတွင် “ခဏပန်း ဝမ်းသာရမယ့် အရာတွေ များများမလိုချင်ပါဘူး။ တိုင်းပြည်အတွက် ရေရှည် ထောက်ပံ့ကူညီမှု ပိုလိုပါတယ်။ ကျွန်မတို့ လိုတာက အဆက်မပြတ် အကျိုးရှိမယ့် အကူအညီပါပဲ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ယခုကာလတွင် စိတ်ကို နှစ်ထားပြီး သတိကြီးစွာထားရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အရာ အားလုံး အချိန်ယူရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ လွှတ်တော်တွင် ကျမ်းကျိန်ရန် ငြင်းဆိုခဲ့ပြီးမှ ဆုံးဖြတ်ချက်ပြန်ပြင်ခဲ့သောကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရာတွင် ၎င်းက “ဒါဟာ တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ကို သွားမယ့်လမ်းပါပဲ” ဟု ဖြေကြားသည်။ “ဆင်းရဲမွဲတွေမှုတိုက်ဖျက်ရေးဟာ ဆက်တိုက် လုပ်ဆောင်နိုင်ပြီး ရလဒ်ကောင်းတွေ ထွက်လာဖို့ ပြည်သူတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်နိုင်မှသာ ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။ လူတစ်ဦးချင်းစီအား ၎င်းတို့၏ လိုအပ်ချက်များ ပြည့်မီရေးသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် အတူတကွလုပ်ဆောင်မှသာ ဖြစ်နိုင်မည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

*******************************

မြန်မာနိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ အလွန်အကျွံဝင်လာမည်ကို စိုးရိမ်ရ

(IPS မှ 3 May 2012 ရက်စွဲပါ Carey L.Biron ရေးသားသော Over–investment fears loom in Myanmar ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို မည်သို့ဖြေ လျော့ရမည်ကို ဆွေးနွေးလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းသို့ ရုတ်တရက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပုံအော၍ ဝင်လာခြင်းသည် လက်ရှိ ရှုတ်ထွေးသော အသွင်ကူးပြောင်းရေး ကာလကို ထိခိုက်စေမည်လေဟု စိုးရိမ်မှုများ တိုးပွားလာရသည်။

“ရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်တာထက် ပိုပြီး ဝင်လာမှာကိုတွေ့နေရပါတယ်။ တိုင်းပြည်ရဲ့ ရေရှည် အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုကို အရှိန် လျော့ဖို့ အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်ရပါမယ်”ဟု Brookings Institution မှ အရှေ့တောင်အာရှ ကျွမ်းကျင်သူနှင့် စီးပွားရေးပညာရှင် Lex Rieffel က ဝါရှင်တန် Council on foreign Relations တွင် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

“ကျွန်တော် အသေအချာ ပြောနိုင်တာ တစ်ခုကတော့၊ အရေးယူမှုတွေကို ဆက်လက်ထားရှိမယ် ဆိုရင်လည်း၊ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာနိုင်ငံကို ဝင်တော့မှာပါပဲ။ ဒါပေမယ့် ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေဟာ လိုအပ်တာထက် နည်းနေတာကိုတွေ့ရပါတယ်။ အစိုးရဟာ လာသမျှ လူတွေကို လက်ခံတွေ့ဆုံနေပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရဖို့ ဒါမှမဟုတ် အကောင်အထည်ဖော်ဖို့ အချိန် ချန်ထားပုံ မရပါဘူး” ဟု ၎င်းက ပြောသည်။

ဧပြီလ ၂ ရက်နေ့တွင် အရေးပါသော အဖြစ်အပျက်နှစ်ခုမှ စတင်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော လုပ်ဆောင်မှုများ ဆက်တိုက် တွေ့လာရသည်။ အရေးပါသော အဖြစ်အပျက် နှစ်ခုအနက် တစ်ခုမှာ ဧပြီလ ၂ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နေရာ ၄၃ နေရာ အနိုင်ရရှိကာ အင်္ဂါနေ့က လွှတ်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်အပါအဝင် အချို့နိုင်ငံကြီးများသည် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ကြည့်၍ စီးပွားရေးအရ အရေးယူမှုများ ပယ်ဖျက်ရန် စတင်လုပ်ဆောင်လာကြသည်။ ဒုတိယတစ်ခုမှာ မြန်မာအစိုးရသည် ဧပြီလ ၁ ရက်နေ့က လုပ်ဆောင်ရန် အချိန်လွန်နေခဲ့ပြီဖြစ်သော ၎င်း၏ ငွေကြေး ကျပ်နှုန်းကို လွတ်လပ်စွာ ထားရှိပေးခဲ့ခြင်း ဖြစ်သည်။ အစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ တရားဝင်ငွေလဲလှယ်နှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ခြောက်ကျပ်မှ ရှစ်ကျပ်အတွင်းသာ ထားရှိပြီး၊ မှောင်ခိုဈေးကွက်တွင် ၇၀၀ မှ ၁၄၀၀ ကျပ်အတွင်း ပြေးနေသည်။ ထိုသို့သော ဈေးနှုန်း အမျိုးမျိုး ရှိနေခြင်းသည် စီးပွားရေးကို တရားဝင် ရိုးရိုးသားသား ပြုလုပ်ရန် ကြီးစွာသော အတားအဆီး အခက်အခဲတစ်ခု ဖြစ်သည်။

“ငွေကြေးကိစ္စအတွက် ဆုံးဖြတ်ချက်သည် ကြားဖြတ်ရွေးကောက်ပွဲထက် ပို၍ အရေးကြီးသော ခြေလှမ်း တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံက သာမန်ပြည်သူတွေ အပေါ် သက်ရောက်မှု အလားအလာကောင်းများ ပိုရှိသောကြောင့် ဖြစ်ပါတယ်”ဟု Rieffel က ပြောသည်။

မြန်မာနိုင်ငံတွင် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့မှုကြောင့် ရွေးကောက်ပွဲမတိုင်မီကပင် နိုင်ငံခြား စီးပွားရေး ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ သတင်းများအရ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်ကြသူများကြောင့် မြန်မာနိုင်ငံတွင် လေယာဉ်ခရီးစဉ်များ ဟော်တယ်အခန်းများ ပုံမှန်မဟုတ်ပဲ ပြည့်နေသည်ဟု ဆိုသည်။

ပြိုင်ဆိုင်မှုမှာ အရှိန်မြင့်လာပြီ ဖြစ်သည်။ ပြီးခဲ့သော အပတ်က အမေရိကန် စီးပွားရေးအဝိုင်းက သမ္မတ Barack Obama ထံသို့ ပို့သောစာအရ “အမေရိကန် ကုမ္ပဏီများသည် စတင်ကတည်းက အသာစီးမရကြောင်း၊ ဥရောပနှင့် အာရှမှစီးပွားရေး လုပ်ငန်း အမျိုးမျိုးသည် ပြီးခဲ့သည့် လများအတွင်း ၎င်းတို့၏ ဆက်ဆံခြေလှမ်းများ ခိုင်ခိုင်မာမာ လှမ်းထားပြီ ဖြစ်ပါသည်” ဟု သိရှိရပါသည်။

အဆိုပါစာအား အမေရိကန် ကုန်သည်ကြီးများအသင်း၊ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီနှင့် အခြားသူများက လက်မှတ် ရေးထိုးထားပြီး၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနှင့် ငွေစာရင်း လွှဲပြောင်းခြင်းဆိုင်ရာ အရေးယူမှုများကို ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်းအား ဖြေလျော့ခြင်းနှင့် ဆက်စပ်၍ ရုတ်သိမ်းပေးရန် တောင်းဆိုထားသည်။

အရေးယူမှုများနှင့် ဆိုင်သော ကိစ္စမှာ မြန်မာနိုင်ငံကို စောင့်ကြည့်နေသူများ ကြားတွင် သဘောထား မတူညီမှုများ ဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး၊ နိုင်ငံတကာ၏ အရေးယူမှုများ၏ သက်ရောက်မှုများအပေါ် ယနေ့ထိ စကားအခြေအတင် ပြောနေကြဆဲ ဖြစ်သည်။ အများစုက ငွေကြေးဆိုင်ရာနှင့် အခြား ကန့်သတ်ထားမှုများကို ပြန်လည် ဆွေးနွေးသုံးသပ်ရန် သဘောတူကြရာမှ ယခုအခါ အရေးယူမှုများကို ရုတ်သိမ်းပေးသင့်ကြောင်း ပြောင်း၍ ပြောဆိုလာကြသည်။

“စီးပွားရေး အသိုင်းအဝိုင်းရဲ့ ချဉ်းကပ်မှုကို ကျွန်တော်တို့ သဘောမတူပါဘူး”ဟု U.S Campaign for Burma မှ Jennifer Quigley က IPS သို့ ပြောသည်။ “သူတို့က အားလုံး မြန်မာနိုင်ငံကို သွားနေကြတော့၊ သူတို့လဲ မကျန်ခဲ့ချင်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့၊ အရေးယူမှုတွေမရှိပဲနဲ့ ကဏ္ဍ အားလုံးမှာ သူတို့ကို ခွင့်ပြုစေလိုတယ်လို့ သူတို့က ထင်နေကြပါတယ်။ ဒါပေမယ့် အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံသွားဖို့ စောပါသေးတယ်” ဟု ၎င်းက ပြောသည်။

စီးပွားရေးအရ တစ်စတစ်စ ပျက်ယွင်းလာသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စ၍ တန်းစီနေရာ စည်းမျဉ်းစည်းကမ်းများ လုံးဝ မရှိခြင်းမှာ ခြောက်လှန့်မှုတစ်ခု ဖြစ်သည်။ အမေရိကန်နှင့် အခြား အဓိကနိုင်ငံကြီးများ အနေဖြင့် မြန်မာပြည်သူများအပေါ် အပေါင်းလက္ခဏာ ဆောင်သော သက်ရောက်မှုများ ပေးမည့် ရင်းနှီးမြှုပ်နှံမှုများ မည်သို့ ပြုလုပ်မည် ဆိုသည်ကိုမူ ချမှတ်နိုင်ရန် U.S Campaign for Burma နှင့် အခြား သူများက လက်ရှိ တွန်းအားပေးလျက် ရှိသည်။

ထိုအထဲတွင် အရေးကြီးသော ကိစ္စတစ်ခုမှာ ဒေသခံပြည်သူများ အတိအကျ ဆိုရလျှင် မိမိတို့အား နှိပ်ထားသည်ဟု ကာလ ရှည်ကြာကပင် ခံစားနေရသော တိုင်းရင်းသားများ ကြားတွင် ဝယ်လိုအား ကောင်းလာစေရေး ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝသ ယံဇာတအများစုသည် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် အများစု ဖြစ်သည်။ “အစိုးရဟာ စီးပွားရေးအရ အကျိုးရှိမယ့် ကိစ္စတွေမှာ စကားပြောနေပြီး၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေက ခိုင်မာမှု မရှိသေးဘူးလို့ တိုင်းရင်းသား အုပ်စုတွေက ခံစားနေရပါ” ဟု Quilg ley က ပြောသည်။

အခြား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်နေသော်လည်း တိုင်းရင်းသားအုပ်စုများနှင့် အစိုးရကြားတွင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး၊ ၎င်းပဋိပက္ခများသည် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ဆက်စပ်လျက် ရှိသည်။

ထိုအချိန်တွင် အရေးယူမှုကိစ္စမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မြန်မာနိုင်ငံအပေါ် သြဇာရှိနိုင်သော အရေးကြီးသော ကိစ္စဖြစ်နေဆဲ ဖြစ်ပြီး၊ ကြီးမားသော ပြစ်ဒဏ်ပေးမှု ဖြစ်နေသည့် နည်းတူ ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။ “တကယ်လို့ ကျွန်တော်တို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်သွားရင် အစိုးရက နိုင်ငံရေးအရ အဖြေရှာဖို့ လုပ်ငန်းမှာ စိတ်အားထက်သန်မှုသိပ်ရှိတော့မှာ မဟုတ်ပါဘူး”ဟု Quigley က ပြောသည်။ “အမေရိကန်အနေနဲ့ အရေးယူမှုတွေ ဖယ်ရှားဖို့ကိစ္စမှာ သိပ်မရက်ရောဖို့ လိုပါတယ်။ အရေးယူမှုတွေ ဖယ်ရှားလိုက်တာနဲ့ အရပ်ဝတ်ဝတ်ထားတဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တစ်ခြား ဒီမိုကရေစီ အင်အားစုတွေကို စကားမပြောနိုင်အောင် လုပ်ပစ်ပါလိမ့်မယ်”ဟု ဝါရှင်တန်တွင် အခြေစိုက်သော ဝေဖန် သုံးသပ်သူ ကြည်မေကောင်းက IPS သို့ ပြောသည်။ “အမေရိကန် ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေးကိစ္စကို ပစ်မထားဖို့ ဂရုပြုရပါမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

**************************************

မြန်မာ့ နိုင်ငံရေး ခရီးရှည်

(The Telegraph India မှ 7 May 2012 ရက်စွဲပါ Long Journey ကို ဘာသာပြန်ဆိုသည်)

နိုင်ငံရေးသမားတိုင်းအတွက် လွှတ်တော်သို့ ပထမဆုံးအကြိမ် စတင်ဝင်ရောက်ခြင်းသည် သမိုင်း မော်ကွန်း ရေးထိုးခြင်း မဟုတ်ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သာမန် နိုင်ငံရေးသမား မဟုတ်ပေ။ ပြီးခဲ့သည့် အပတ်က သူသည် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသောအခါ သူ့အတွက် လည်းကောင်း၊ မြန်မာနိုင်ငံအတွက် လည်းကောင်း ထူးခြားသော ပြောင်းလဲမှုဖြစ်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု အတွင်းက သူသည် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သည်။ ယခု သူဝင်ရောက်ခဲ့သော လွှတ်တော်သည် ဒီမိုကရေစီ ကျသော အဖွဲ့အစည်းတစ်ခုအတွက် စံပြအဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ ဤလွှတ်တော်သည် စစ်အစိုးရလက်ထက်က မရိုးသားမှုများနှင့် အတည် ပြုထားသော၊ အခြေခံဥပဒေအရ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လွှတ်တော်အရပ်ရပ်တွင် ၂၅% သော ကိုယ်စားလှယ်များကို စစ်တပ်မှ ရယူထားခြင်းသည် မှားယွင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အခြေခံဥပဒေသစ်အရ ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မပါဝင်သော ရွေးကောက်ပွဲဖြစ်သည်။ ယခုအာဏာ ရယူထားသော အစိုးရမှာလည်း အမည်ခံ အရပ်သားအစိုးရ သာလျှင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရာရာတိုင်းကို စစ်တပ်ကသာ ထိန်းချုပ်ထားသည်မှာ ကြာလှပြီဖြစ်၍ ဗိုလ်ချုပ်များသည် အခြားအစိုရပုံစံကို စဉ်းစားရန် မစွမ်းနိုင်ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ထိုအရာများကို ပြောင်းလဲပစ်နိုင်မည်ဟု စဉ်းစားခဲ့သည်။ သူမ၏ မဟာဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်ချက် ချပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းသည် အမှန်တကယ်ပင် မျှော်လင့်ချက်များ၏ အောင်ပွဲပင်ဖြစ်သည်။ သူနှစ်ပေါင်းများစွာ အကြမ်းမဖက်ပဲ တိုက်ပွဲဝင်ခဲ့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲ၏ အဆက်ဖြစ်သည်။ လွှတ်တော်တွင် သူမ၏ ပါတီကိုယ်စားလှယ် အရေအတွက်မှာ နည်းသော်လည်း၊ လွှတ်တော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်မှာ မျှော်လင့်ချက်များကို အဓိပ္ပါယ်ရှိစေသည်။ စစ်တပ် နေက်ခံပြုသော အာဏာရပါတီသည် လွှတ်တော်၏ နေရာ (၆၆၀)ရှိသည့်အနက် သုံးပုံနှစ်ပုံ နေရာယူထားသည်။ အခြေခံဥပဒေ ပြင်ဆင်ရန် အာဏာ မရှိနိုင်သေးပေ။ သို့သော် ထိုအခက်အခဲများသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားလိမ့်မည်ဟု မဆိုသာပေ။ ၎င်းလွှတ်တော်သို့ ဝင်ရောက်ခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အရေအတွက် နည်းသော်လည်း ခြားနားမှုတစ်ခုကို ဖြစ်စေမည်ဖြစ်သည်။ သူလွှတ်တော်တွင်ရှိနေ ခြင်းမှာ စိတ်ဓာတ်အင်အားကို ကိုယ်စားပြုသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် ရှိနေခြင်းကြောင့် ပထမဆုံးအကြိမ် ဒီမိုကရေစီနှင့် ပတ်သက်သော စစ်မှန်သည့် တိုးတက်မှုများ မြင်တွေ့ လာရနိုင်သည်။ ဗိုလ်ချုပ်ကြီးမှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်သည် တိုင်းပြည်ကို တံခါးဖွင့်ပေးသည့် ခြေလှမ်းများ စတင်လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ယခုကဏ္ဍသစ်တွင် လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံအား စစ်မှန်သော လွတ်လပ်သည့် နိုင်ငံတစ်ခု ဖြစ်လာရန် အချိန်မည်မျှ ယူရမည်ဆိုသည်ကို နောက်ဆုံး အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment