Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းမြန်မာနယ်စပ်ကို ဒီကေဘီအေအုပ်စုပြန်ဖွင့်ပေး

(Bangkok Post မှ 13 May 2012 ရက်စွဲပါ Myanmar crossings reopened သတင်းကို ဘာသာပြန်ဆိုသည်)

  1. အာရှမှ စတော့အိတ်ချိန်းများ မြန်မာနိုင်ငံတွင် ခြေကုတ်ရရန် ပြိုင်ဆိုင်

(13 May 2012 ရက်စွဲပါ Channel News Asia မှ Asian bourses vie for foothold in Myanmar ကို ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ

ထိုင်းမြန်မာနယ်စပ်ကို ဒီကေဘီအေအုပ်စုပြန်ဖွင့်ပေး

(Bangkok Post မှ 13 May 2012 ရက်စွဲပါ Myanmar crossings reopened သတင်းကို ဘာသာပြန်ဆိုသည်)

ကရင်စစ်ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားဘွယ်က ၎င်း၏ DKBA ထိန်းချုပ်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့် ပိတ်ဆို့ထားခြင်းကို ရုတ်သိမ်း ပေးပြီးနောက်တွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး မနေ့က ပုံမှန်ပြန်ဖြစ်သွားပြီဟု သိရှိရသည်။

ထိုင်းအာဏာပိုင်များက မူးယစ်ဆေးဝါးရာဇဝတ်မှုဖြင့် စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းကို DKBA စစ်ခေါင်းဆောင်က လက်တုန့်ပြန်သည့် အနေဖြင့် နယ်စပ်ဂိတ်ပေါက် ၁၂ ခုလုံးကို သီတင်းပတ် ၂ ပတ်ကြာ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နယ်စပ်ပြန်လည်ဖွင့်လှစ်ခြင်းကို တပ်ခရိုင်ဖော့ဖရားမှသည် ကန်ချနာဘူချီခရိုင်ဆောင် စလာဘူရီအထိ နယ်စပ်တစ်လျှောက်မှ ဒေသခံများက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး ထိုင်းလယ်သမား မြောက်များစွာကလည်း ထရပ်ကားများဖြင့် နယ်စပ်ကို ပျော်ရွှင်စွာ ဖြတ်ကူးသွားလာနေကြသည်ကို တွေ့မြင် ရသည်။

ကရင်စစ်ခေါင်းဆောင်၏ အနီးကပ်လက်ထောက် ဗိုလ်တောက်က ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးလိုက်ခြင်းမှာ မြန်မာနိုင်ငံမှဖက်မှ ကုန်သည်များ၏ တောင်းဆိုမေတ္တာရပ်ခံမှုကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသည်။ မြန်မာတာဝန်ရှိသူများက ထိုကိစ္စကို မေးမြန်းသော်လည်း ဖိအားပေး ခဲ့ခြင်း မရှိပါဟု ယင်းက ဆိုသည်။

“ဒီနယ်မြေကို ကြီးကြပ်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုထားတာပါ။ မြန်မာနိုင်ငံဖက်က ကုန်သည်တွေနဲ့ လယ်သမားတွေ နစ်နာဆုံးရှုံးမှု မဖြစ်အောင် နယ်စပ်ကို ပြန်ဖွင့်ပေးခဲ့တာပါ”ဟု ဗိုလ်တောက်က ပြောကြားသည်။ ယခုကိစ္စတွင် ကရင် စစ်ခေါင်းဆောင်နှင့် အပြန်အလှန် လေသေနတ်ပစ်နေသော ထိုင်းဒုတိယဝန်ကြီးချုပ် ချာလမ်ဟူဘမ်ရန်က “ကရင်သူပုန်ခေါင်းဆောင်အတွက် ထုတ်ပြန်ထားသော ဖမ်းဝရမ်းကို မြန်မာအာဏာပိုင်များထံ ပေးပို့ထားသည်ဟု ပြောကြားသည်။

ယင်းကဆက်လက်၍ ကရင်သူပုန်ခေါင်းဆောင်ကို မီသိုင်းအင်ဖက်တာမင်းဆေးပြား ကိုးသိန်းခန့် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အလိုရှိခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် လိုအပ်ပါက မြန်မာနိုင်ငံသို့သွားရောက် ဆွေးနွေးမည်ဖြစ်ကြောင်း၊ မိမိ၏ ဆောင်ရွက်မှုသည် မူးယစ်ဆေးဝါးထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ထားကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

ထိုင်းစစ်တပ်မှ အမှတ် ၃ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသာဆတ်ငန်ဆနွန်ကမူ “မိမိတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး အရောင်းအဝယ် ကိစ္စ များတွင် ဗိုလ်နှုတ်ခမ်းမွှေးပါဝင်ပတ်သက်နေသည်ဟူသော သတင်းအချက် အလက်များမရရှိခဲ့ပါ”ဟု ပြောကြားသည်။

ယခုဖမ်းဝရမ်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မူးယစ်ဆေးတိုက်ဖျက်ရေး စီမံချက်ဆက်စပ် သတင်းဟောင်းများကို အခြေခံထားခြင်း ဖြစ်နိုင် သည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

“မူးယစ်စစ်ဆင်ရေးအကြိမ်တိုင်းမှာ သိမ်းဆည်းရမိတဲ့ ဆေးပြားအရေအတွက်က ထောင်ဂဏန်းလောက်ပါပဲ။ ဟောဒီအနောက်ဖက် နယ်စပ်တွေက မူးယစ်ဆေးဝါးထုတ်လုပ်မှု အခြေစိုက်ဒေသတွေမဟုတ်ပါ ဘူး။ ရိုးရိုးကုန်စည် ကူးသန်းရောင်းဝယ်ကြတာက ပိုများပါတယ်”ဟု ဗိုလ်မှူးကြီး သာဆတ်က ပွင့်ပွင့် လင်းလင်း မှတ်ချက်ပေးသည်။

ကရင်အုပ်စု၏ အဓိကဝင်ငွေမှာ နယ်မြေဖွံ့ဖြိုးရေးနှင့် သတ္တုတွင်း အခွန်အခများမှရရှိသည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

လောလောဆယ်တွင်မူ တပ်ခရိုင်၏ မျက်နှာခြင်းဆိုင်ဖက်ခြမ်းတွင် DKBA တပ်များက ၎င်းတို့ခေါင်းဆောင်ကို ကာကွယ်ရန်လုံခြုံရေး တင်းကြပ်သည်။ ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာရုဒ်ကလည်း ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကို လုံခြုံရေးတင်းကြပ်ရန် အမှတ် ၃ စစ်ဌာနချုပ်ကို ညွှန်ကြားထားသည်။

လာမည့် စနေ၊ တနင်္ဂနွေရက်များတွင် ဝန်ကြီးချုပ်ယင်လပ်ခ်ရှင်နာဝပ်ထရာ၏ ကက်ဘိနက်အဖွဲ့အစည်းကို ကြိုတင်ပြင်ဆင်ရန်အတွက် ကန်ချနာ ဘူရီပြည်နယ်ဘုရားသုံးဆူဒေသတွင် လုံခြုံရေးတိုးမြှင့်မည်ဟုလည်း သိရှိရသည်။

****************************************

အာရှမှ စတော့အိတ်ချိန်းများ မြန်မာနိုင်ငံတွင် ခြေကုတ်ရရန် ပြိုင်ဆိုင်

(13 May 2012 ရက်စွဲပါ Channel News Asia မှ Asian bourses vie for foothold in Myanmar ကို ဘာသာပြန်ဆိုသည်)

အာရှ၏ အကြီးဆုံး စတော့အိတ်ချိန်း နှစ်ခုသည် ကမ္ဘာပေါ်တွင် ရေပန်းစားပြီး နောက်ဆုံးထွက်ပေါ်လာသည့် ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံတွင် လွှမ်းမိုးမှု ရရှိနိုင်ရေးအတွက် ပြိုင်ဆိုင်လျက်ရှိသည်။

တိုကျို စတော့အိတ်ချိန်း၏ အော်ပရေတာဖြစ်သော Daiwa Securities က ပြီးခဲ့သည့်လက ကြေညာရာတွင် ယင်းသည် မြန်မာအစိုးရ ဗဟိုဘဏ်နှင့် နှစ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် စတော့ဈေးကွက် ဖွင့်လှစ်ရန် သဘောတူညီချက်ရခဲ့ကြောင်း ကြေညာသည်။

အာရှတွင် အကြီးဆုံး စတော့အိတ်ချိန်းဖြစ်သော Daiwa ၏ အမှုဆောင်များသည် ယခုလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ သဘောတူ စာချုပ် လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိသည်။

သို့သော် ယင်းတို့သည် တောင်ကိုးရီးယားမှ ပြိုင်ဆိုင်မှုကို ကြုံတွေ့ရလျက် ရှိသည်။ ကိုးရီးယား အိတ်ချိန်းသည် မြန်မာနိုင်ငံတွင် စတော့ဈေးကွက် တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်လျက်ရှိကြောင်း ဆိုးလ်ရှိ ကိုးရီးယားအိတ်ချိန်းမှ ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ သိရှိရသည်။

ကိုးရီးယားအိတ်ချိန်းမှ ဒါရိုက်တာတစ်ဦးသည် မကြာသေးမီက နေပြည်တော်သို့ သွားရောက်၍ ဈေးကွက်ဖွင့်လှစ်ရန် ဗဟိုဘဏ် ဥက္ကဌနှင့် ဆွေးနွေးခဲ့ သည်။ သို့သော် ဂျပန်များကလည်း အခွင့်အရေးကို ဆုံးရှုံးခံလိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

"ဂျပန်တွေက သူတို့အတွက် ပိုပြီး လိုအပ်ပါတယ်။ သူတို့က ဒီဈေးကွက်ရဖို့ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပါ တယ်" ဟု စင်္ကာပူရှိ HIS consulting မှ မန်နေ ဂျင်း ဒါရိုက်တာ Tony Nash က AFP သို့ ပြောကြားခဲ့သည်။ ယင်းက ပြောကြားရာတွင် တိုကျိုစတော့အိတ်ချိန်းသည် မကြာသေးမီက ကမ္ဘာပေါ်တွင်ရှိသော အော်ပရေတာများ၏ စုဖွဲ့မှုတွင် မပါဝင်ပဲ ကျန်နေခဲ့ရာ ရှေ့ဆက်မတက်ပဲ ကျန်နေခဲ့မည့်အရေးကို ကာကွယ်ရန် တိုးတက်မည့်အစီအမံများ လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဂျပန်အဖွဲ့သည် လွန်ခဲ့သည့် ၁၆ နှစ်က ရန်ကုန်ရှိ အဆောက်အဦဟောင်းတစ်ခုတွင် လူသိနည်းသော စတော့ဈေးကွက်တစ်ခု ဖွင့်ထားခဲ့ခြင်းကြောင့် ကိုးရီးယားများထက် နှာတစ်ဖျားသာသည်ဟု ဆိုရမည်ဖြစ်သည်။

Daiwa သုတေသနဌာနနှင့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ဖက်စပ်ဖွင့်ထားသော Myanmar Securities Exchange Centre တွင် ဝန်ထမ်း (၁၀)ဦးခန့်ရှိပြီး နေ့စဉ် လာရောက်သူ အနည်းငယ်ခန့် ရှိသည်။

ယင်း၏ဈေးကွက်သည် သေးငယ်သော်လည်း ရည်ရွယ်ချက် ကြီးသည်။ တိုကျိုစတော့အိတ်ချိန်းမှ နည်း ပညာနှင့် ကုန်သွယ်မှု ပလက်ဖောင်းကို အသုံးပြု၍ ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ကြီးအဖြစ် အသွင်ပြောင်းရန် ရည်ရွယ်ထားသည်။

ယင်းတွင် အရောင်းအဝယ် နည်းပါးရခြင်းမှာ စိတ်ဝင်စားမှု နည်းပါးရခြင်းကြောင့် ဖြစ်သည်။ ယင်း၏ စတော့ဈေးကွက်စာရင်းတွင် ဘဏ်တစ်ခုနှင့် သစ် ကုမ္ပဏီတစ်ခုသာ ရှိပြီး အဆိုပါ ကုမ္ပဏီ နှစ်ခုစလုံး၏ အဓိက ရှယ်ယာကို အစိုးရက ပိုင်ဆိုင်သည်။ အဆိုပါကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်က အမြတ်ငွေ ၂၀-၃၀% ပေးသည်။

"ရှယ်ယာ အရောင်းအဝယ်က နည်းနည်းလေးပဲ ရှိပါတယ်။ ဝယ်ချင်တဲ့သူ အများကြီးရှိပေမယ့် ရောင်းမယ့်လူ မရှိဘူး" ဟု Myanmar Securities Exchange Centre မှ မန်နေးဂျင်းဒါရိုက်တာ Shigeto Inami က အင်တာဗျူးတွင် ပြောကြားသည်။

ယခုအခါ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများသည် အရေးယူမှုများကို စတင်ရုပ်သိမ်းနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အာရှ၏ နောက် ထပ် စီးပွားရေးဖြစ်လာမည့် မြန်မာနိုင်ငံတွင် ပါဝင်ရေး နောက်ကျ မကျန် အောင် စိတ်အားထက်သန်လျက် ရှိသည်။

သို့သော် ရာစုနှစ်တစ်ဝက်ခန့် စစ်တပ်မှ အုပ်ချုပ်မှုကြောင့် ပျက်ယွင်းနေသော နိုင်ငံတစ်ခုတွင် ရင်းနှီးမြှုပ်နှံရခြင်း၌ စွန့်စားမှုများမရှိပဲ အလုပ် မဖြစ်နိုင်ပေ။

"မြန်မာနိုင်ငံရဲ့ တည်နေရာ၊ လူဦးရေနဲ့ သယံဇာတကြောင့် ရင်းနှီးမြှုပ်နှံသူတွေက တန်ဖိုးထားစရာ ဖြစ်ပေမယ့် အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေ တဲ့အချိန်မှာ ဝင်ဖို့ စောပါသေးတယ်"ဟု ကမ္ဘောဒီးယား အခြေစိုက် Leopard Capital တည်ထောင်သူနှင့် CEO ဖြစ်သူ Douglas Clayton က ပြောသည်။ အဆိုပါ အဖွဲ့သည် ဈေး ကွက် များ ထွက်ပေါ်လာရေးနှင့် Myanmar Fund တစ်ခု တည်ထောင်ရေး စီစဉ်နေသည်။

"လူ့စွမ်းအား အရင်းအမြစ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦတွေရဲ့ စွမ်းဆောင်ရည်မှာ ကြီးစွာသော အကန့်အသတ်တွေ ရှိပါတယ်။ နိုင်ငံခြား သားတွေ စဉ်းစားသလို ပရောဂျက်တွေ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုကို လက် ခံဖို့ မြန်မာနိုင်ငံက အဆင်သင့် မဖြစ်သေးပါဘူး" ဟု ယင်းက ပြောသည်။

မြန်မာအစိုးရက စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် လူသစ်များဖြင့် ပိုမိုပြိုင်ဆိုင်ရန် လုပ်ဆောင်လျက် ရှိသော်လည်း မြန်မာနိုင်ငံ၏ ဆက်စက်မှု လုပ်ငန်းအများစုကို အစိုးရ ကုမ္ပဏီများနှင့် ယင်းတို့၏ ခရိုနီများကသာ ထိန်းချုပ်လျက်ရှိသည်။

သို့သော် အမှန်တကယ် အကျိုးအမြတ်ရှိမည့် သစ်မှလွဲ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြား သဘာဝ သယံဇာတများကို နိုင်ငံခြား ကုမ္ပဏီများကသာ လွှမ်းမိုးလုပ်ကိုင်လျက် ရှိသည်။ ယင်းတို့ အများစုသည် ပြည်တွင်း စတော့ဈေးကွက်တွင် စာရင်းသွင်း ရောင်းချရန်အလားအလာ မရှိပေ။ ထို့အပြင် ယင်းတို့သည် ပြည်တွင်းမှာသာမက နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများကိုလည်း ပြန်လည် ရောင်းချလိုခြင်း မရှိပေ။

မြန်မာဥပဒေတွင် နိုင်ငံခြားသားများ မြန်မာစတော့ ပိုင်ဆိုင်ခွင့် မပြုပေ။ ထို့ကြောင့် နိုင်ငံခြားကုမ္ပဏီများအတွက် ပြောင်းလဲပေးရမည် ဖြစ်သည်ဟု Inami က ပြောသည်။"အလားအလာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပြောချင်တာကတော့ မြန်မာအမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး သူ့အမည်နဲ့ ဝယ်ဖို့ပါပဲ" ဟု ယင်းက ပြုံး၍ပြောသည်။

မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ်သည် စစ်အစိုးရ လက်ထက်က ရှိခဲ့သော ခေတ်မမှီတော့သည့် ဥပဒေများကို လုံးဝပြုပြင်ရန် လုပ်ဆောင်လျက်ရှိရာ အထက်ပါကဲ့သို့သော ကိစ္စရပ်များသည် ရေရှည်တွင် ရှိတော့မည် မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ယခု ဘဏ္ဍာနှစ်တွင် အတည်ပြုမည်ဟု မျှော်လင့်ရ သည်ဖြစ်ရာ ကုမ္ပဏီများသည် Myanmar Securities Exchange တွင် ယင်းတို့၏ စတော့တွင် စာရင်းသွင်းနိုင်ရေး လမ်းခင်းပေးနိုင်မည် ဖြစ် ကြောင်း Inami က ပြောသည်။

"မြန်မာနိုင်ငံမှာ ကုမ္ပဏီကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ကုမ္ပဏီသစ် ဥပဒေသစ်နဲ့ စတော့ဥပဒေသစ်ကို စောင့်နေကြပါတယ် " ဟု ယင်းက ဖြည့်စွက်ပြောသည်။

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအပေါ် သွားရေယိုနေသော်လည်း ပညာရှင်များက ခေတ္တသည်းခံစောင့်ဆိုင်းရန် သတိပေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ ရေရှည်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သည်းခံဖို့နဲ့ ကြိုးစားဖို့တော့ လိုတယ်။ ဒီလောက်ကြီးမားတဲ့ နိုင်ငံကို နေ့ချင်း ညချင်း ခေတ်မှီအောင် မလုပ်နိုင်ပါဘူး"  ဟု claytonက ပြောကြားသည်။

********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment