Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ဘဏ်တို့ လျှောက်မယ့်လမ်း

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ဘဏ်တို့ လျှောက်မယ့်လမ်း

မောင်လွင်မွန် (ကသာ)

(မေ ၁၆ ထုတ် Weekly ELEVEN NEWS အတွဲ (၁၇) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြသည်။)

မကြာသေးမီကမြေလတ်မြို့ လေးတစ်မြို့က မိတ်ဆွေတစ်ယောက်နဲ့ တယ်လီဖုန်းပေါ် စကားစပ်မိရင်း သူတို့မြို့မှာ ဘဏ်အသစ်တွေ အများကြီး ဖွင့်ဖို့ စီစဉ်နေကြပြီး တကယ်တန်းကျ သူတို့မြို့လေးအနေနဲ့ ဘဏ်တွေ ဒီလောက်ဖွင့်ဖို့ လိုတဲ့ဈေးကွက်မျိုးရှိတယ်လို့ သူမထင်မိပုံကို ပြောပြပါတယ်။ ဒီ မိတ်ဆွေပြောတာက သဘာဝကျပါတယ်။

မြို့နယ်အဆင့် မြို့လေးတစ်မြို့မှာ ဘဏ်ရဲ့အခန်းကဏ္ဍက အပ်ငွေလက်ခံမယ်။ ချေးငွေထုတ်ချေးမယ်။ ပြီးတော့ အဓိကလုပ်ငန်းအနေနဲ့ ငွေလွှဲ လုပ်ငန်းလုပ်မယ်ဆိုရာမှာ နောက်ထပ် ဘဏ်အသစ်သုံးလေးခုလောက် ထပ်ဖွင့်ဦးမယ်ဆိုတာ လိုကောလိုလို့လား၊ ဈေးကွက်ရောရှိပါ့မလား စဉ်းစားတာက မမှားပါဘူး။ အခုကျွန်တော်တို့မှာ ပုဂ္ဂလိကဘဏ်လုပ်ပိုင်ခွင့် လိုင်စင်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကဘဏ်ပေါင်း ၁၉ ဘဏ်ရှိနေပြီး ရန်ကုန်မြို့မှာတင် ဘဏ်ခွဲပေါင်း ၆၅ ခု လည် ပတ်လုပ်ကိုင်နေပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံပိုင်ဘဏ်ငါးခုလောက်နဲ့ ပုဂ္ဂလိကဘဏ် ၁၉ ခုနဲ့ လည်ပတ်နေတယ်ဆိုတော့ ကျွန်တော်တို့ အိမ်နီးချင်းများမှာရော ဘဏ်ပေါင်းဘယ်လောက်ရှိနေလဲ အကြမ်းဖျင်းနှိုင်းယှဉ်ကြည့်ရအောင်ပါ။

အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေချင်းဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံများရှိ ဘဏ်အရေအတွက်က အိန္ဒိယမှာ ၅၁ ဘဏ်၊ ဘင်္ဂလားဒေ့ရှ်မှာ (နိုင်ငံပိုင် ဘဏ် ၄ ခုအပါအ၀င်) ၃၄ ဘဏ်၊ ပါကစ္စတန်မှာ ၄၆ ဘဏ်၊ ထိုင်းမှာ ၃၅ ဘဏ်နဲ့ တရုတ်ပြည်မမှာ ၃၂ ဘဏ် (ဟောင်ကောင်က ၂၃ ဘဏ်နဲ့ မကာအိုက ၁၀ ဘဏ်ကိုပါ ထည့်ပေါင်းရင် ၆၅ ဘဏ်)ရှိတာတွေ့ရပါတယ်။

ဒီတော့ သူတို့နဲ့နှိုင်းယှဉ်ရင် ကျွန်တော်တို့ ဘဏ်အရေတွက်ကမများလွန်းလှသေးတာသေချာပါတယ်။ ဒါပေမယ့် ဒီလိုသေချာနေပါလျက်နဲ့ တချို့ သောမြို့လေးတွေမှာ ဖွင့်ထားပြီးသား(ပုဂ္ဂလိကဘဏ် အချို့မှာဘဏ်နဲ့ ဆက်သွယ်သူ (Customer) မရဘဲ အလုပ်မဖြစ်လှသေးဘူးလို့ ဆိုပါတယ်။ နိုင်ငံတ ကာဘဏ်များနဲ့ ကျွန်တော်တို့ဘဏ်တွေနဲ့ အဓိကကွာတာတစ်ခုက ဘဏ်တွေက နေ့စဉ် ကူးသန်းရောင်းဝယ်ရေးကိစ္စတွေသာမက မိသားစု ရောင်းရေး ၀ယ်တာကိစ္စမျိုးတွေမှာပါ အဓိကနေရာက ပါဝင်ပတ်သက်နေတာပါပဲ။ ဒီနေရာမှာငွေပေးချေမှုစနစ်မှာ နိုင်ငံအများစုမှာချက်ဖြင့်ပေးချေခြင်း၊(Cheque Payment)၊ စာရင်းပြောင်းပေးချေခြင်း(Transfer Payment) နဲ့ဘဏ်ကတ်(သို့မဟုတ်) အကြွေးဝယ်ကတ်ဖြင့် ပေးချေခြင်း (Paid by Bank Card or Credit Card) တို့ကအများစုဖြစ်ပြီးငွေသားဖြင့် တိုက်ရိုက်ပေးချေခြင်း (Cash Payment) ကိုက အသေးအဖွဲ့ပေးချေခြင်းနဲ့ ဆိုင်အသေးအမွှားအချို့သာ သုံးစွဲတာဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနိုင်ငံမှာတော့ အားလုံးသိကြတဲ့အတိုင်းငွေပေးချေမှုများအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်ကို ငွေသားနဲ့ တိုက်ရိုက်ပေးချေ ပြီး မပြောပလောက်တဲ့ အတိုင်းအတာနဲ့သာ ချက်တို့ စာရင်းပြောင်းတို့ ကတ်တို့ သုံးကြတာပါ။ ဒီတော့ ဘဏ်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်ပြီးဘဏ်တွေ က “အလုပ်လုပ်သင့်သသလောက် မလုပ်ရဘူးလား”လို့များမေးခဲ့ရင် . . . တကယ်တော့ ဒီလိုဖြစ်နေတဲ့အတွက် ဘဏ်တွေမှာအလုပ်များသင့်တာထက် ပိုများပြီးလုပ်အားရောစရိတ်ပါ လေလွင့်ယိုဖိတ်မှုတွေ ခံစားနေရတဲ့အပြင် ဘဏ်တွေဟာသူရှိသင့်တဲ့နေရာမှာမရှိနိုင်ဘဲ ဖြစ်နေပါတယ်လို့ ဖြေရပါမယ်။ ထားပါတော့။ ဒါတွေက ဖြည်းဖြည်းတော့ ကျွန်တော်တို့အားလုံး ၀ိုင်းပြင်သွားရမယ့် အပိုင်းတွေပါ။ ပြင်ရမယ့်ဟာတွေထဲက ခေါင်းထဲပေါ်လာတာတစ်ခုကို ပြောရရင် ကျွန်တော်တို့တစ်တွေမှာ ချက်လက်မှတ်သုံးတဲ့စနစ်ရော ချက်လက်မှတ်သုံးတဲ့အကျင့်ပါ အားနည်းနေသေးတာပါပဲ။ ချက်လက်မှတ်သုံးနိုင်တဲ့ စနစ်ကိုတော့ နိုင်ငံတော် အစိုးရအပါအ၀င် လူထုလူတန်းစားအဖွဲ့အစည်းများက ၀ိုင်းဝန်းကူညီ ပျိုးထောင်ပေးရမှာပါ။ ဒီလိုပျိုးထောင်ပေးမှလည်း ချက် လက်မှတ်သုံးတဲ့ အကျင့်ရလာမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်သစ်တစ်ခုမှာ စာရင်းဌာနရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့စဉ်မှာ ကျွန်တော့်ဘဏ်မှာ လူသိများတဲ့ လုပ်ငန်းရှင်ကြီးများက စာရင်း ဖွင့်ထားတာမို့ သူတို့နဲ့ ပုံမှန်ငွေပေးငွေယူရှိသူများကို ကျွန်တော့်ဘဏ်မှာ စာရင်းလာဖွင့်နိုင်အောင် စည်းရုံးစီစဉ်ပေးဖို့ ပြောခဲ့ဖူးပါတယ်။ ဒီနည်းနဲ့ သူတို့တွေ ကြားမှာချက်လက်မှတ်နဲ့ ပေးချေမှုဖြစ်နိုင်အောင် ကျွန်တော်တတ်အားသရွေ့ တစ်ပိုင်တနိုင် ဖန်တီးပေးတဲ့သဘောပါ။ ဒါပေမဲ့ ဒီလိုချက်လက်မှတ်နဲ့ ပေး ချေဖို့ စီစဉ်ရတာမျိုးကို ပေးသူရောလက်ခံသူရောက သိပ်လိုလိုလားလားမဖြစ်တာ သတိထားမိပါတယ်။ အထူးသဖြင့် ချက်လက်ခံရသူက ဖြစ်နိုင်ရင် ငွေ သားပဲ ရချင်တတ်ပါတယ်။ ချက်ပေးရသူကလည်း ငွေသားအစားချက်ပေးရင်ပဲ ကိုယ်ကတမင်ညစ်သလိုလို အထင်မခံချင်တာမျိုး ဖြစ်တတ်တာ သတိ ထားမိပါတယ်။ ကျွန်တော်အတော်အံ့သြမိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေထဲကအများစုဟာ နိုင်ငံတကာကိုဥဒဟိုသွားလာနေတာပါပဲ။ ဟိုမှာဆိုချက်တွေ ကတ်တွေ သုံးနေကြတာပါပဲ။ ဒီရောက်မှဒီလိုဖြစ်ရတာအံ့သြစရာမဟုတ်ပါလား။ ဒီလိုဖြစ်ရတဲ့အဓိကအချက်ကတော့ ဟိုမှာချက်တွေ၊ ကတ်တွေလက်ခံနေ ကျမို့ အလိုက်သင့် သုံးဖြစ်တာဖြစ်ပြီး လက်ခံနေကျမဟုတ်တဲ့ ကိုယ့်နိုင်ငံမှာ အသုံးရခက်နေတဲ့သဘော ထင်ပါတယ်။

ဒီလိုဖြစ်ရတာကလည်း ငွေလက်ခံသူအများစုက ချက်နဲ့လက်ခံရမှာကို စိမ်းနေသေးတာ၊ အသားမကျသေးတာကြောင့် ဖြစ်ပါတယ်။ တချို့ကပြော တယ်။ ချက်ကငွေမရှိမှာ ဒါမှမဟုတ် ဘဏ်မှာစောင့်ရမှာ အချိန်ကုန်မှာ ဒါတွေကိုမကြိုက်လို့လို့ ဆိုပါတယ်။ ဒါလည်းမှန်သင့်သလောက် မှန်ပါလိမ့်မယ်။ ဒါ ပေမဲ့ အဓိကအချက်ကတော့ ကိုယ်လုပ်နေကျ မဟုတ်တာတစ်ခုကိုလုပ်ဖို့ စိတ်မပါတာ။ တစ်နည်းအားဖြင့် တစ်ခုခုမှားသွားမလား။ စိုးရိမ်တာက ပိုများပါ လိမ့်မယ်။

ချက်တကယ်လက်မခံဖြစ်တာက ဘဏ်မှာသွားရစောင့်ရ ငွေမရှိမှာပူရဆိုတာမျိုးထက် လက်ခံဖို့ အသားမကျသေး (used to မဖြစ်) တာက ပိုပါ တယ်။ ဒီတော့ ငွေလက်ခံသူများက ချက်ကိုလွယ်လင့်တကူလက်ခံရဲတဲ့ စိတ်လုံခြုံမှုနဲ့ ငွေပေးသူကလည်း ချက်လွယ်လင့်တကူထုတ်ပေးလို့ရတဲ့ ခေတ်မီ စနစ်ကျသော လူမှုစီးပွားစနစ်မျိုးကို ကျွန်တော်တို့ ၀ိုင်းထူထောင်ပေးရမှာပါ။

တချို့သောအစိုးရဆီ ငွေပေးသွင်းရမယ့်ကိစ္စမျိုးတွေမှာ ချက်လက်မှတ်နဲ့ လက်ခံတဲ့ အလေ့အကျင့် လုပ်ပေးနိုင်ပါတယ်။ ဥပမာဆိုပါစို့။ လျှပ်စစ်မီ တာခကို ချက်နဲ့လက်ခံမယ်ဆိုရင် ငွေရေတွက်ရတာသက်သာမယ်။  လျှပ်စစ်သုံးစွဲသူက ချက်သုံးစွဲတဲ့အလေ့အကျင့် ရသွားမယ်။ ငွေသွင်းသူက ငွေမသွင်း ရင် ဓာတ်အားဖြတ်တောက်ခံရမှာမို့ သူ့စာရင်းလက်ကျန်ထဲမှာ ငွေမရှိမှာလည်း ပူစရာမလိုပါဘူး။

အခုလည်း အခွန်ဦးစီးဌာနလို အစိုးရထံပေးသွင်းရမယ့် ငွေများအပေါ် ချက်နဲ့လက်ခံတဲ့စနစ် ရှိနေပြီးသားပါ။ ဒါပေမဲ့ ငွေလက်ခံမယ့်ဌာနကိုသွား ပြီး အဲဒီကသက်ဆိုင်ရာအရာရှိက ဘဏ်ချလန်ပေါ်မှာ လက်မှတ်ရေးထိုးပေးထားတဲ့ ချလန်စာရွက်ကို သွားယူရပြီး ဘဏ်ကိုတစ်ခေါက် သွားသွင်းရပါမယ်။ အဲဒီကပြန်ရတဲ့ သက်ဆိုင်ရာဌာနအတွက် ဘဏ်ကပေးတဲ့ ပြေစာ(ချလန်)မိတ္တူကိုပါ တစ်ခေါက်ပြန်လာပေးရပါဦးမယ်။ ချက်နဲ့သွင်းတဲ့သူမှာ ငွေသားထက် ပိုမလွယ်တဲ့အပြင် ပိုရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတတ်ပါတယ်။ ဘဏ်တွေကလုပ်ပေးနိုင်တဲ့ အလေ့အကျင့်အချို့ကိုပြောရရင် ဘဏ်စာရင်း ပိုင်ရှင်များက သူ့မိသားစုဝင်များကို စာရင်းသစ်ဖွင့်ပေးရာမှာ စာရင်းစဖွင့်တဲ့ငွေကို သူ့ချက်လက်မှတ်နဲ့ပေးပြီး ဖွင့်လို့ရပါတယ်။ ဒီလိုဖွင့်ခြင်းဖြင့် ငွေရေတွက် ရတဲ့ဒုက္ခ နည်းသွားသလို စောင့်ရတဲ့ဒုက္ခ လျော့သွားတာပါပဲ။

ဒီလိုပဲ ပေးဖို့မသေချာသေးတဲ့ ငွေပေး၊ ငွေယူကိစ္စ။ ဥပမာ သူ့ဆောင်ရွက်မှုတစ်ခုခုမပြီးခင်မှာ ငွေကြိုပေးထားရပြီး သူ့ဆောင်ရွက်မှုမကျေနပ်ရင် ငွေမပေးချေချင်သေးတဲ့ကိစ္စမျိုးမှာ ငွေလက်ခံမယ့်သူကို သူ့ဆောင်ရွက်မှု ပြီးစီးမယ့်နေ့ကို ကြိုနေ့စွဲတပ်ထားတဲ့ နေ့စွဲကြိုတပ်ချက်လက်မှတ် (Post Dated Cheque) ပေးထားနိုင်ပုံ၊ လက်ခံရရှိသူက ယင်းရက်မတိုင်မီ ငွေမထုတ်နိုင်ပုံ၊ သူ့ဆောင်ရွက်မှုကို မကျေနပ်ပါက ချက်လက်မှတ်ကို ပြန်ရုပ်သိမ်းနိုင်ပုံတို့ကို ရှင်းပြပေးနိုင်ပါတယ်။ နောက်တခြားဘဏ်က တခြားလူရဲ့စာရင်းထဲကို ချက်နဲ့ပေးသွင်းနိုင်သလို ကိုယ့်စာရင်းထဲကို တခြားဘဏ်ကချက်နဲ့ ငွေလက်ခံနိုင်တဲ့ ဘဏ်အချင်းချင်း စာရင်းရှင်းချက် (Clearing Cheque) အကြောင်းလည်း သူတို့ကိုရှင်းပြပြီး ဆက်သွယ်ဆောင်ရွက်စေသင့်ပါတယ်။

ကျွန်တော်တို့က မကြာမီနိုင်ငံတကာမိသားစုကြီးထဲမှာ ထဲထဲဝင်ဝင် နေရာယူလာတော့မှာပါ။ အထူးသဖြင့် အာဆီယံထဲမှာ အများနည်းတူ တာဝန် တွေရော လုပ်ပိုင်ခွင့်တွေရောရရှိတာဝန်ယူ ကြရတော့မှာပါ။ ဒီလိုကာလမျိုးမှာ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက သိပ်ကျဉ်းနေလို့မဖြစ်ပါ ဘူး။ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းကကျယ်ဝန်းပြီး စနစ်ကျတာနဲ့အမျှ ကျွန်တော်တို့တစ်တွေ နိုင်ငံတကာနဲ့ ပိုဝင်ဆံ့ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို ဘဏ်များက တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီလို ကျယ်ဝန်းသပ်ရပ်လှပတဲ့ လမ်းမျိုးကို ဘဏ်များက ကိုယ့်ဘာသာချဲ့ထွင်ဖန်တီးယူရမှာရှိသလို အစိုးရနဲ့တကွ လူထုလူတန်းစားအဖွဲ့များ၊ စီးပွားရေးပညာရှင်များ၊ မီဒီယာများအားလုံးက ၀ိုင်းပြီး ဖန်တီးပေးရမှာပါ။ ဘဏ်များလျှောက်ကြမယ့်လမ်းဟာ ကျွန်တော်တို့အားလုံး အနာဂတ် စီးပွားဖွံ့ဖြိုး မှုဆီကို အတူတကွ လျှောက်သွားရမယ့် လမ်းလည်းဖြစ်တာမို့ ကျွန်တော်တို့အားလုံး လက်တွဲဖော်ဆောင်ပေးကြရအောင်ပါ။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment