Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွံ့ဖြိုးရေးလိုအပ်ချက်

*****************************************

ဆောင်းပါးကဏ္ဍ

ဖွံ့ဖြိုးရေးလိုအပ်ချက်

နိုင်ငံတစ်နိုင်ငံသည် ပြည်တွင်းနိုင်ငံရေးအင်အားစုများကြား ညီညွတ်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဆက်ဆံရေး၊ အစိုးရ၏ ဗျူရိုကရေစီယန္တရား သွက်လက်ထိရောက်မှုတို့ ဟန်ချက်ညီညီရှိနေလျှင် ဖွံ့ဖြိုးမှုလမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဟုဆို၍ရသည်။ ဤသုံးချက်ထဲမှ တစ်ချက်ချက်လစ်ဟာ နေလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသောအဟန့်အတား ရှိနေပြီဖြစ်သည်။

ပြည်တွင်းနိုင်ငံရေးအင်အားစုညီညွတ်မှုမရှိသော နိုင်ငံများသည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် မည်သို့မှ ဆောင်ရွက်နိုင်ခြင်း မရှိ ပါ။ ပြည်တွင်းစစ်ပွဲများ၊ လူမျိုးရေးအဓိကရိုဏ်များရှိနေသည့် အာဖရိကနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုကိုယခုထိတိုင် အရှိန်ယူလုပ်ဆောင်၍ မရနိုင် ကြောင်းကို နိုင်ငံတကာသတင်းမီဒီယာများတွင် တွေ့မြင်နေရသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများမှမဟုတ် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံ များ ယခုကြုံတွေ့နေရသည့် ယူရိုငွေကြေးအကျပ်အတည်းမှာလည်း ယင်းနိုင်ငံများရှိ ပြည်တွင်းနိုင်ငံရေးအင်အားစုများ ညီညွတ်မှုအားနည်းခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပထစအစိုးရလက်ထက်တုန်းက ရောင်စုံသူပုန်သောင်းကျန်းမှုနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများကြား ညီညွတ်မှုမရှိ ခြင်းတို့ကြောင့် ရည်မှန်းချက်ကြီးသော်လည်း လက်တွေ့ဖြစ်ထွန်းရန် အလွန်တရာမခဲယဉ်းသော ပြည်တော်သာစီမံကိန်းကြီးမှာ အထမြောက် အောင်မြင်ခဲ့ ခြင်းမရှိချေ။

ယခု မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းနိုင်ငံရေး အင်အားစုများကြား ညီညွတ်မှုကို ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။ ယခင် တပ်မတော်အစိုးရ၏ လုံခြုံမှုရယူထားသော အပြောင်းအလဲဖြစ်သည်ဟု သံသယဖြင့် ပြောဆိုမှုများရှိနေသော်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကျဉ်းမြောင်းသည့် လမ်းကြောင်းလေးတစ်ခုကို ဖွင့်ပေးနိုင်ခဲ့ပါသည်။ ယင်း လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းခဲ့ပါက တစ်ဦးကိုတစ်ဦးယုံကြည်မှုရှိသည့် အမျိုးသားစည်းလုံးညီညွတ်မှုကို မလွန်ဧကန် ရရှိမည်သာဖြစ်သည်။ သ မိုင်းတွင်ဖြစ်ပျက်ခဲ့သည့် ပြည်တော်သာသင်ခန်းစာကိုဆင်ခြင်ရင်း ညီညွတ်သည့် ပြည်တွင်းအင်အားစုဖြင့် နိုင်ငံဖွံ့ဖြိုးရေးပန်းတိုင်ကို လျှောက်လှမ်းရမည် ဖြစ်သည်။

နိုင်ငံတကာနှင့် ဆက်ဆံရေးသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ချန်ထား၍မရသည့်အရေးဖြစ်သည်။ ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ် သမိုင်းကို ကြည့်ပါက ပြိုင်ဘက် မြောက်ကိုရီးယားနိုင်ငံ၏ စစ်အင်အား ကြီးမားမှုကိုကြောက်ရွံ့၍ ကိုရီးယားလူမျိုးများသည် မီးကုန်ယမ်းကုန် အလုပ်ကြိုး စား၍ လုပ်ဆောင်ခဲ့ရာ ဆယ်စုနှစ်လေးစုစာအတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုရယူနိုင်ခဲ့သည်။ ဤသို့ ဖွံ့ဖြိုးတိုးတက်မှုကိုရယူရာ၌လည်း စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့်ပူးပေါင်း၍ အမေရိကန်ကာကွယ်ရေးထီးရိပ်ကိုခိုရင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကိုအန်တုကာ အမေ ရိကန်ဆီမှ နည်းပညာအလွဲအပြောင်းသာမက စီမံခန့်ခွဲမှုနည်းစနစ်များပါမကျန် မိုးရွာတုန်းရေခံခဲ့သည့်အတွက် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ အတုယူလောက် အောင် ဖွံ့ဖြိုးခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်မှာလည်း တရုတ်၏တစ်ပြည်ထောင်မူဝါဒကို ဆန့်ကျင်၍ အမေရိကန်ကျောထောက်နောက်ခံဖြင့် ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ရာ တောင်ကိုရီးယားနိုင်ငံနည်းတူ အာရှကျားဖြစ်ခဲ့သည့်နိုင်ငံ ဖြစ်သည်။

အစိုးရသစ်၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် မြန်မာနိုင်ငံနှင့် အနောက်အုပ်စုဝင်နိုင်ငံများ၏ ဆက်ဆံရေးမှာ နှင်းခဲပျော်ချိန်သို့ ရောက်ပြီးသ ကာလ အာရှကျားဖြစ်လာမည့် နိုင်ငံတစ်နိုင်ငံ၏ဈေးကွက်အတွင်း ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် စီးပွားရေးနှင့်ပတ်သက်သည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပစ်ခဲ့သည်။ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် အရေးယူပိတ်ဆို့မှုလုပ်ဆောင်ရာတွင် အစွာဆုံးဖြစ်သည့် အမေရိကန် နိုင်ငံသည်ပင် အရေးယူပိတ်ဆို့မှုရုပ်သိမ်းရန် လွှတ်တော်အတွင်း အာဏာရဒီမိုကရက်တစ်ပါတီမှ ဆီနိတ်တာဂျင်ဝက်(ဘ်)ရော၊ အတိုက်အခံရီပါပလီကန် ပါတီမှ ဆီနိတ်တာမက်(ခ)ကိမ်းပါ လွှတ်တော်သို့ တောင်းဆိုခဲ့သည်။ ထိုသို့ အိုဘားမားအစိုးရနှင့် လွှတ်တော်သို့ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှု ရုပ်သိမ်း ပေးရန်အတွက် အမေရိကန်ကုန်သည်ကြီးများအသင်းအပါအဝင် တစ်ဦးချင်း ရင်းနှီးမြုပ်နှံသူများက မဲဆွယ်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများ မျက်စိကျနေသည့်အချိန်တွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများ၊ ကုမ္ပဏီကြီးများ သည်လည်း လက်မနှေးလိုသောကြောင့် ဖြစ်သည်။

နောက်ဆုံးတစ်ချက်မှာ ဗျူရိုကရေစီယန္တရား၏ ထိရောက်ထက်မြက်မှုဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုကို အရယူသွားနိုင်ခဲ့သည့် နိုင်ငံများကိုကြည့်ပါ က ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့်အုပ်ချုပ်ရေးကို စနစ်တကျတည်ဆောက်ယူခဲ့သည့် နိုင်ငံချည်းဖြစ်သည်။ ဥပမာ တရုတ်နှင့် စင်ကာပူနိုင်ငံတို့ ကို ကြည့်ပါ။ တရုတ်နိုင်ငံဆိုလျှင် တစ်ပါတီကွန်မြူနစ်စနစ်ဖြစ်သော်လည်း အုပ်ချုပ်မှုတွင် အရည်အချင်းပြည့်ဝသည့် တက်ကနိုကရက်များကို နေရာယူ ပေး၍ တာဝန်ယူစေသည်။ စင်ကာပူသည်လည်း အနောက်နိုင်ငံများက ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားသည့် အာဏာပိုင်စနစ်ကိုကျင့်သုံးသည်ဟု ပြောရ လောက်အောင် အတိုက်အခံအတွက် နေရာအနည်းငယ်သာပေးထားသော်လည်း အုပ်ချုပ်မှုတွင်တော့ အရည်အချင်းအဓိကပဓာနမူဝါဒဖြင့် အတော်ဆုံးသူ များသာ ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိထိရောက်ရောက် လုပ်ဆောင်မည်ဟု ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ ပြည်သူအားလုံးကို တရားဝင်ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီမှ ချမှတ်ခဲ့သည့် လုပ်ထုံးလုပ်နည်းများ စွဲကျန်နေရစ်ခဲ့ပြီး ဌာနဆိုင်ရာများ၏ ပြုပြင်ပြောင်းလဲမှုများမှာလည်း နိုင်ငံရေရှည်တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ရေတိုပြဿနာများပြေလည်ရေးသာ အဓိကထားလုပ်ဆောင်နေလျက် ရှိနေသည်။ အဖွဲ့အစည်းဆိုင်ရာသီအိုရီများအရ အဖွဲ့အ စည်း၏ ရေတိုနည်းဗျူဟာအပြောင်းအလဲများကို ပြန်လည်ပြုပြင်ခြင်း (reengineering) ဟု ခေါ်တွင်စေပြီး အဖွဲ့အစည်း၏ ရေတိုကာလအလုပ် ပြီးမြောက် ရေးအတွက် ဖြစ်စဉ်စီမံခန့်ခွဲမှု (Process managements) များကို ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အပြင် အဖွဲ့အစည်း၏ ရေရှည်မဟာဗျူဟာ ရည်မှန်းချက် ပြည့်မီရေးအတွက် အဖွဲ့အစည်း၏ အုပ်ချုပ်မှုဒီဇိုင်းကို ပြန်လည်ပြင်ဆင်ခြင်း (restructuring) ပြုလုပ်ရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဗျူရိုကရေစီယန္တရား ကြီးတစ်ခုလုံးမှာ ပြန်လည်ပြုပြင်ခြင်းရော (reengineering) ရော၊ ပြန်လည်ပြင်ဆင်ပြင်ဆင်ဖွဲ့စည်းခြင်း (restructuring) လိုအပ်ပါသည်။ သို့မှသာ လက်ရှိ အစိုးရမျှော်မှန်းထားသည့် အမျိုးသားစီမံကိန်းကို ဌာနအားလုံး အချိတ်အဆက်ရှိရှိ ဟန်ချက်ညီညီဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တင်ပြခဲ့ပြီးသော ဖွံ့ဖြိုးရေးလိုအပ်ချက်သုံးမျိုးကို မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးပန်းတိုင်ရောက်သည်အထိ အကောင်အထည်ဖော်မှုကို အားမ လျော့တမ်းဆောင်ရွက်သွားပါက ဖွံ့ဖြိုးရေးသည် အိမ်မက်မဟုတ်တော့ဘဲ အဟုတ်ရှိတကယ်ရှိ အစစ်အမှန်သာဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ရ မည်သာဖြစ်သည်။

.*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment