Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဘကြီးညို၏ အောက်ကစ

*****************************************

ဆောင်းပါးကဏ္ဍ

ဘကြီးညို၏ အောက်ကစ

ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး)

မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)မှ ကူးယူဖော်ပြချက်

ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေးတစ်ရွာတွင် မူလတန်းပြဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့သူဖြစ်၏။ ဆရာညိုသည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။

၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေးတွင် ကျူရှင်ဆိုသည်မှာ ကြားတောင်မကြားဘူးချေ။

လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။ မိမိ၏စေ တနာ၊ မေတ္တာ၊ ကရုဏာများကို ၀ါသနာများဖြင့် ပေါင်းစပ်ပြီး ရစ်ပတ် ဖွဲ့နှောင်ထားသော သူ့သံယောဇဉ်ကြောင့် ဉာဏ်ရည်နိမ့်ပြီး အထူးသဖြင့် စာမလိုက် နိုင်သော သူ၏တပည့်ကလေးငယ်များအား ညနေ ၅ နာရီမှ ၆ နာရီအထိ မိမိအိမ်တွင် အခမဲ့ စာသင်ပေးပြန်သည်။

စာအသံများဖြင့် အသံမစဲ ညံဆူနေသော သူ့အိမ်ရှေ့ ဖြတ်သန်းလျှောက်လှမ်းသွားသည့်အခါ စာသင်သံ၊ စာအံသံများကို ကြားရသဖြင့် ၀မ်းသာပီ တိ ဖြစ်ရလေသည်။ မေတ္တာ စေတနာကြီးမားသော မြတ်ဆရာ ဘကြီးညိုပါတကား။ အသက် ၆၀ ပြည့်သည့်အခါ ဘကြီးညို အနားရလေပြီ။ ရရှိသော ပင်စင်လစာ ငါးရာ ခြောက်ရာဖြင့် မြန်မာအိုတော့ ကျောင်းကြိုကျောင်းကြားဆိုသည့်စကားအတိုင်း ဆရာတော်ကြီးဦးဇင်း ဦးနိုင်ဒုတ်ကျောင်းတွင် ကပ္ပိယ ရာထူးဖြင့် အလုပ်ရလေပြီ။ ဆရာတော်ကြီးကျွေးသော ထမင်းကိုစား၍ ဆရာတော်ကြီးပေးသော ကျောင်းနေရာလေးတွင် ကျောခင်းလဲလျောင်းရင်း ရာဂ ဏန်းဖြင့် မိမိရရှိသော ပင်စင်လစာငွေမှာ မိမိအတွက် ကွမ်းဖိုး၊ ဆေးဖိုးတော့ ရလေသည်။ တုံးလုံးစာတော့ရ၏။ သို့သော် ပက်လက်စာတော့ မရှိ။ ပင်စင်လ စာများ တိုးလာလေမလားဟု ဘကြီးညို မျှော်ခဲ့သည်။ စစ်အစိုးရခေတ်တစ်လျှောက်လုံးပါပဲ။ သို့သော် ကံကောင်းထောက်မ၍ အရပ်သားအစိုးရသစ် ပေါ် ထွန်းလာသောအခါ ဘကြီးညို အနှစ်နှစ်အလလက စောင့်မျှော်ခဲ့သော ပင်စင်လစာငွေများ တိုးမြင့်ခံစားခဲ့ရလေပြီ။

ရာဂဏန်း အရေအတွက်ရှိသော ပင်စင်လစာငွေများ သောင်းဂဏန်းနှင့်ချီပြီး တစ်သောင်းကျော် ရရှိလာသဖြင့် ဘကြီးညို အပျော်ကြီး ပျော်နေ သည်။ သူ၏ဦးဦးဖျားဖျား တိုးမြှင့်ပင်စင်လစာငွေတစ်သောင်း ကျော်ဖြင့် ဆရာတော်ကြီးအား ဆွမ်းတစ်အုပ်နှင့် သင်္ကန်းတစ်စုံ ကပ်လှူလေသည်။ ရာဂ ဏန်းဖြင့်သာရရှိသော ပင်စင်လစာငွေမှ သောင်းဂဏန်းနှင့်ချီသော ပင်စင်လစာငွေ တစ်သောင်းကျော် ရရှိလာသဖြင့် ကွမ်းဖိုး၊ ဆေးလိပ်ဖိုးထက်တော့ ပိုပြီ ပေါ့။ ပုဆိုးအသစ်ကလေး၊ အင်္ကျီအသစ်ကလေး တစ်ထည်တစ်လေလောက်တော့ ၀ယ်ဝတ်နိုင်ပြီလေ။ ငပိရည်ချို၊ မျှစ်ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း တစ်ခါတစ် ရံ ၀က်သားဟင်း၊ ငါးဟင်းလေးစားနေရသော ဘကြီးညို ခုတော့ ချိုချဉ်ကလေးများလည်း ၀ယ်စားနိုင်လေပြီ။

ဆရာတော်ကျွေးသော ထမင်းဟင်းဖြင့် အသက်ရှင်နေရသော ဘကြီးညို နံနက်ညဝတ်ပြုလေတိုင်း နိုင်ငံတော်သမ္မတကြီး အသက်ရှည်ရန် ကျန်း မာရန် ဆုတောင်းရသည်မှာအမော။ အဘယ်ကြောင့်ဆိုသော် ဤသမ္မတကြီးလက်ထက် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာတိုး၍ ရရှိကြသောကြောင့်ပင် နိုင်ငံတော်အစိုးရအား အငြိမ်းစားလစာနည်း ၀န်ထမ်းများအတွက် ဤထက်ပို၍ ပင်စင်လစာငွေများ တိုးပေးနိုင်ပါရန် ဆုတောင်းရသည်အမော။

အမှန်တော့လည်း အသက်ရွယ်အိုမင်းလာသော ဘကြီးညိုကဲ့သို့သော အငြိမ်းစားဝန်ထမ်းငယ်လေးများအတွက် နိုင်ငံတော်၏ ထောက်ပံ့ငွေသည် သာ တစ်ခုတည်းသော အားကိုးရာဖြစ်၏။ တစ်သိန်းခွဲ နှစ်သိန်းနီးပါးရရှိသော အဆင့်မြင့်ဝန်ထမ်းများ၏ ပင်စင်လစာမှာ ဘ၀အတွက် ပူပင်စရာမရှိတော့ သော်လည်း တစ်သောင်းကျော် နှစ်သောင်းကျော်ရရှိသည့် ပြန်တမ်းဝင်အောက် အငြိမ်းစားလစာမှာ အလွန်ကွာခြားလှ၏။ ဘ၀အတွက် ရပ်တည်နိုင်ရန် လည်း အလွန်ခက်ခဲ၏။

လက်ရှိဝန်ထမ်းများအား အပိုကြေး ငွေကျပ်သုံးသောင်းစီ တိုးမြှင့်ပေးခဲ့ပါလျှင် လစာနည်း အငြိမ်းစားဝန်ထမ်းများအတွက်လည်း အထိုက်အ လျောက် တိုးမြှင့်ပေးသင့်သည်ဟု ဘကြီးညို ယုံကြည်သည်။ အငြိမ်းစားဝန်ထမ်းများမှာ အနည်းငယ်သောလစာဖြင့် ၎င်းအပေါ် အခြေခံ၍ရရှိသော အ နည်းငယ်သောပင်စင်ဖြင့် နှစ်ပေါင်း ၃၀ ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီးသူများ ဖြစ်၏။ နေ့စဉ် ထမင်းနှစ်နပ်စားနေရသော ၀န်ထမ်းများ နည်းတူ ပြန်တမ်းဝင်အောက် အနည်းငယ်သော ပင်စင်လစာဖြင့် ဘ၀နေ၀င်ချိန်ကို ဖြတ်သန်းနေရသော ၀န်ထမ်းကောင်း၊ ၀န်ထမ်းဟောင်းတို့အတွက် စား ရေး၊ ၀တ်ရေးထက် နာရေးသေရေးစရိတ်က ပိုလာသည်။

ဤသည်ကို နိုင်ငံတော်မှ ပြန်လည်စဉ်းစားပြီး စာနာစိတ် ကရုဏာစိတ်တို့ဖြင့် အတိုင်းအတာတစ်ခုခုဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဘကြီးညို ယုံကြည်၏။

ဧပြီလ ၁ ရက်နေ့မှစ၍ ၀န်ထမ်းများ အပိုကြေးငွေ သုံးသောင်းကျပ်စီ ခံစားခွင့်ပြုသော အမိန့်ကြော်ငြာစာနှင့်အတူ အငြိမ်းစားဝန်ထမ်းများအ တွက် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် တိုးမြှင့်ထောက်ပံ့ငွေများ ခံစားနိုင်သည့် အမိန့်ပြန်တမ်းများ ပါမလာသဖြင့် ဘကြီးညို စိတ်ပျက်အားငယ်မိ သည်။

ဘကြီးညိုအတွက် ဘုရားဝတ်ပြုလေတိုင်း ထပ်မံဆုတောင်းရမည်မှလွဲ၍ အဘယ်မှာ တတ်နိုင်ပေဦးမည်နည်း။ ဘကြီးညိုတစ်ယောက် နံနက်တစ် ကြိမ်၊ ညတစ်ကြိမ်အပြင် နေ့လယ်တစ်ကြိမ် အပိုဆောင်း၍ မြတ်ဗုဒ္ဓအား ၀တ်ပြု ဆုတောင်းနေပြန်သည်။

ဘကြီးညို၏ တစ်နေ့သုံးကြိမ် ဘုရားရှင်အား ၀တ်ပြုဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀န၏ ပြောပြချက်အရ ဤသို့ သိရှိရပါသည်။

ဘကြီးညိုသည် မွန်လူမျိုးဖြစ်သည့်အလျောက် ဘုရားဝတ်ပြုဆုတောင်းခြင်းကို မွန်ဘာသာဖြင့် ဆိုလေသည်။

မြန်မာလို ဩကာသ၊ ဩကာသ၊ ဩကာသဆိုသည်ကို မွန်ဘာသာ၊ မွန် အသံထွက်ဖြင့် "အောက်ကစ၊ အောက်ကစ၊ အောက်ကစ" ဟု ဆိုလေ သည်။ ဤသို့မွန်ဘာသာဖြင့် "အောက်ကစ" သုံးကြိမ်ရွတ်ဆို၍ ဘုရားဝတ်ပြု ဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀နက ဤသို့ မြန်မာလိုပြန်ပြသည်။

"အရှင်မြတ်ဘုရား တပည့်တော်မောင်ညိုသည် ကျောင်းဆရာတစ်ဦးအနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ ပြီး ဖြစ်ပါသည်ဘုရား။ နိုင်ငံတော်မှ ပေးအပ်ခဲ့သော ၀န်ထမ်းကောင်းဆုတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ဆုတံဆိပ်များလည်း ရရှိခဲ့ပြီးဖြစ်ပါသည် ဘုရား။ ယခုနိုင်ငံတော်တာဝန် ထမ်းဆောင်နေသူဝန်ထမ်းများ အပိုထောက်ပံ့ကြေးငွေများ သုံးသောင်း ရရှိခဲ့သော်လည်း နိုင်ငံတော်အတွက် အနှစ်သုံး ဆယ်ကျော် တာဝန်ထမ်းရွက်ပြီးဖြစ်သော တပည်တော်တို့ အငြိမ်းစားဝန်ထမ်းဟောင်းများ အပိုကြေးငွေ တစ်သောင်းလောက်တော့ မရထိုက်ပေဘူးလား ဘုရား။ အငြိမ်းစားလစာငွေ တစ်သိန်း တစ်သိန်းအထက် ရရှိကြသော စစ်ဘက်နယ်ဘက် အကြီးစားဝန်ထမ်းများအတွက်တော့ တပည့်တော်မဆိုလိုပါဘု ရား။ ပြန်တမ်းဝင်မဟုတ်သော အရာရှိများနှင့် အောက်ဝန်ထမ်းဟောင်းများအတွက်တော့ အပိုကြေးငွေ အထိုက်အလျောက်ရရှိရန် အရှင်ဘုရား ကူညီမစ ပေးပါဘုရား။ ဒကာကြီး သူရဦးရွှေမန်းကိုလည်း အငြိမ်းစားဝန်ထမ်းငယ်များအတွက် အပိုထောက်ပံ့ကြေးငွေ ကူညီပံ့ပိုးပေးရန် လွှတ်တော်တွင် ထပ်မံ တင်ပြပေးပါရန် တိုက်တွန်းပေးပါဘုရား။ ပြည်ခိုင်ဖြိုးအမတ်မင်းတစ်ဦးကလည်း လွှတ်တော်တွင် ၅,၀၀၀ ကျပ်တန် လက်ကိုင်ဖုန်းကိုင်ဆောင်နိုင်ရန် တင် ပြမည်ဟု ကြားသိရသဖြင့် တပည့်တော်တို့ ပြန်တမ်းဝင် အောက်ဝန်ထမ်းငယ်များအတွက်လည်း အပိုထောက်ပံ့ကြေးငွေ တစ်သောင်းလောက်တော့ ထပ်မံ ပံ့ပိုးရန် တင်ပြပေးရေးအတွက် တိုက်တွန်းပေးပါဘုရား။ စစ်တပ်မှကိုယ်စားလှယ်ကြီးများ၊ NDF၊ NLD နှင့် အခြားပါတီအသီးသီးနှင့် တိုင်းရင်းသားကိုယ် စားလှယ်များကလည်း ၀ိုင်းဝန်းထောက်ခံပေးရန် တိုက်တွန်းပေးပါဘုရား။ တပည့်တော်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုကို နိုင်ငံတော် သမ္မတကြီး နှင့်တကွ ၀န်ကြီးအဖွဲ့ဝင်အားလုံး လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးတို့အား အမျှပေးဝေပါ၏။ ထိုပုဂ္ဂိုလ် များအားလုံး အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးတို့၏အကျိုး၊ နိုင်ငံနှင့် နိုင်ငံသားများ၏အကျိုး၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်အငြိမ်း စားဝန်ထမ်းတို့၏ အကျိုးကို သက်တော်ရာကျော်ရှည်သည့်တိုင်အောင် ထမ်းရွက်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါသည်ဘုရား။ "အောက်ကစ၊ အောက် ကစ၊ ပွုင့်လီအောက်ကစ" ဩကာသ၊ ဩကာသ သုံးလီ ဩကာသဟု နိဂုံးချုပ်ဝတ်ပြုရွတ်ဆိုမှုအပြီး ကိုရင်လေးဇ၀န၏ မွန်ဘာသာဖြင့် "စပ်ထု၊ စပ်ထု၊ စပ်ထု (သာဓု၊ သာဓု၊ သာဓု) သုံးကြိမ်ခေါ်ဆိုမှုနှင့်အတူ ရိုက်ခတ်လိုက်သော ကြေးစည်သံသည် ဆရာတော်၏ ကျောင်းတစ်ကျောင်းလုံး ပဲ့တင်ထပ်အောင် မြည်ဟီးသွားလေတော့သည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment