Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၉.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ တိုင်းရင်းသားပဋိပက္ခများ အဖြေထွက်ရေး တိုးတက်မှုများတဖြေးဖြေးတွေ့

(25 May 2012 ရက်စွဲပါ BBC News မှ Burma`s ethnic conflicts see slow progress to resolution ကိုဘာသာပြန်ဆိုသည်။)

  1. တရုတ်ပြည်၏ စိန်ခေါ်မှုကို ကောင်တာလုပ်ကြည့်ခြင်း

(Hindustan Times မှ 27 May 2012 ရက်စွဲပါ Countering Chinese challenge ကိုဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ         

မြန်မာနိုင်ငံမှ တိုင်းရင်းသားပဋိပက္ခများ အဖြေထွက်ရေး တိုးတက်မှုများတဖြေးဖြေးတွေ့

(25 May 2012 ရက်စွဲပါ BBC News မှ Burma`s ethnic conflicts see slow progress to resolution ကိုဘာသာပြန်ဆိုသည်။)

မြန်မာအာဏာပိုင်များသည် တိုင်းရင်းသားအုပ်စုအများအပြားနှင့် ထာဝရငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ကြိုးပမ်းလျှက်ရှိသော်လည်း ရှည်လျားပြီးရှုတ်ထွေးသည့် လုပ်ငန်းစဉ်ဖြစ်လာမည့် သဘောကိုပြသနေကြောင်း BBC ၏ Jonah Fisher ကသတင်းပေးပို့ခဲ့သည်။

“ခြောက်ဖွဲ့၊ ခုနှစ်ဖွဲ့၊ ဒီထက်တောင်များဦးမယ်”ဟု David Mathieson ကလက်နတ်ကိုင်တိုင်းရင်းသားအုပ်စုများကို ရေတွက်ပြသည်။

“ကရင်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ‘ဝ’ စစ်တပ်၊ မွန်၊ မိုင်းလား၊…. မေ့သွားတာရှိသေးလား” ဟု ၄င်းကဆိုသည်။

Mr. Mathieson သည် Human Rights Watch မှ သုတေသနပြုသူတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့သည့် ဆယ်စုနှစ်ကစ၍ မြန်မာနိုင်ငံမှတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေသူဖြစ်သည်။ တိုင်းရင်းသားစစ်ပွဲများအကြောင်း နားလည်ရန်မှာ အတွေ့အကြုံရှိသူများကိုပင် ခေါင်းကိုက်စေသည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်သြဂုတ်လက တိုင်းပြည်ရှိ ပဋိပက္ခများပြီးဆုံးရေးအတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ ကျွနုပ်တို့သည် အဆိုပါလုပ်ငန်းစဉ်ကို ကြည့်ရှုရန် ရှမ်းပြည်နယ်သို့ ခရီးသွားခဲ့သည်။

ရှမ်းပြည်တပ်မတော်( Shan State Army ) သို့လာရောက်ကြည့်ရှုရန် ထိုင်း-မြန်မာ သတင်းစာဆရာအုပ်စုကြီးနှင့်အတူ ကျွန်ုပ်တို့အားလည်း ဖိတ်ကြားခဲ့ပြီး ၄င်းတို့၏အမေရိကန်စစ်ရေးအကြံပေး Bob လည်းပါဝင်သည်။

စစ်သားဟောင်း မြန်မာသတင်းစာဆရာ ခွန်စိုင်းအတွက် အဆိုပါခရီးစဉ်မှာ အမိမြေသို့ ၄၅ နှစ်အတွင်း ပထမဆုံးပြန်ရောက်ခြင်း ဖြစ်သည်။ ၄င်းသည် ၁၉၆၉ ခုနှစ်က ကျောင်းပြီးသောအခါ မော်ထိုင်းစစ်တပ်သို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် ၁၉၉၆ ခုနှစ်တွင် မော်ထိုင်းစစ်တပ်ခေါင်းဆောင် ခွန်ဆာလက်နတ်ချသောအခါ ခွန်စိုင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်နေထိုင်ပြီး သတင်းအေဂျင်စီတစ်ခု စတင်လုပ်ကိုင်ခဲ့သည်။

“ကျွန်တော် စိတ်လှုပ်ရှားတာရော၊ ဝမ်းနည်းတာရော တပြိုင်နက်ခံစားရပါတယ်” ဟု၎င်းကပြောသည်။

တိုက်ဆိုင်ခြင်းပေလော၊ သို့တည်းမဟုတ် အခြားတည်းခိုရန်နေရာမရှိ၍ပေလော မသိပေ။ မြန်မာအာဏာပိုင်များသည် ရှမ်းကိုယ်စားလှယ်အဖွဲ့ကို ပြဿနာကြီးခဲ့ဖူးသော နေရာတွင် နေရာချထားပေးခဲ့သည်။

ကျိုင်းတုံပိာုတယ်သစ်သည် ရှမ်းလူမျိုးများယဉ်ကျေးမှုအရ အထွတ်အမြတ်ထားရာနေရာကို ဖျက်ဆီး၍ ဆောက်ထားခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်က ရှမ်းစော်ဘွားများ၏ ဟော်နန်းကိုဖျက်၍ အဆောက်အဦးသစ်များကို ဆောက်လုပ်ခဲ့သည်။

“ဗမာပြည်က နန်းတော်ပျက်သွားတော့ သူတို့အသစ်ပြန်ဆောက်တယ်၊ ဒါပေမယ့်သူတို့က ရှိနေသေးတဲ့ကျွန်တော်တို့ အဆောက်အအုံကိုဖျက်ပစ်တာ။ ဒါက ကျွန်တော်တို့ ဗမာတွေကိုတိုက်ပွဲဝင်နေတဲ့ အကြောင်းအရင်းရဲ့ ဥပမာတစ်ခုပါပဲ” ဟုခွန်စိုင်းကပြောသည်။

သို့သော် ပိာုတယ်ရွေးချယ်မှုနှင့် ပတ်သက်၍ SSA ခေါင်းဆောင် ရွက်ဆစ်သည် အထူးတလည် အလေးထားသည့်ပုံမပေါ်ပေ။

၎င်း၏ စစ်တပ်သည် အင်အား ၅၀၀၀ ခန့်ရှိပြီး ထိုင်းနယ်စပ်အနီးတွင် နေရာအနည်းငယ်ကို ထိန်းချုပ်ထားပြီး မြန်မာစစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ သမ္မတဦးသိန်းစိန် အဆိုပြုမှုမှာ ၄င်းတို့အတွက် ထွက်ပေါက်တစ်ခုဖြစ်စေခဲ့သည်။

“သမ္မတရဲ့ ပြန်လည်စည်းလုံးရေးနဲ့ လက်နက်ကိုင်အုပ်စုတွေကို ဖိတ်ခေါ်တဲ့အတွက် ကျွန်တော်တို့ ဒီကိုရောက်လာတာပါ၊ ကျွန်တော်သူ့ကိုယုံတယ်၊ ဒါ့ကြောင့် အပစ်အခတ်ရပ်ပြီး ရောက်လာတာပါ”ဟု ရွက်ဆစ်ကပြောသည်။

ထို့ကြောင့်ကျိုင်းတုံရှိ စစ်တပ်ဧည့်ရိပ်သာရှိ အခန်းကျယ်ကြီးတွင် ရှမ်းဝတ်စုံဝတ်ထားသော SSA မှကိုယ်စားလှယ် ၁၁ ဦးသည် မြန်မာအာဏာပိုင် ၁၁ ဦးနှင့် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယခင်အခါများက တိုင်းရင်းသားအုပ်စုများက အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် သဘောတူညီမှုများရရှိခဲ့သော်လည်း စစ်မြေပြင်ရှိ မြန်မာစစ်တပ်အပေါ် အာဏာသက်ရောက်မှုမရှိကြောင်း စောဒကတက်ခဲ့ကြသည်။

ယခုအကြိမ်တွင်မူ စစ်တပ်မှအာဏာပိုင်အများအပြား ပါဝင်လာသည်။

ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းအပါအဝင် ရှမ်းပြည်နယ်တွင် တာဝန်ရှိသော ဒေသဆိုင်ရာ တိုင်းမှူး ၃ ဦးလည်း ပါဝင်လာသည်။

တစ်ရက်တာဆွေးနွေးမှုများအပြီးတွင် ရရှိခဲ့သောသဘောတူညီမှုများသည် ဒီဇင်ဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်မှန်းခဲ့ကြသည်။နှစ်ဖက်စလုံးအတွက် နယ်မြေများအတိအကျသတ်မှတ်နိုင်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရသူများ လုံခြုံသောနေရာတွင် ပြန်လည်နေရာချထားရေးများ ပါဝင်သည်။

ယခုဆွေးနွေးပွဲမှာ အခြားကိစ္စများထက်စာလျှင် ယုံကြည်မှုတည်ဆောက်ရန်နှင့် အနာဂါတ်ဆွေးနွေးမှုများအတွက် လမ်းခင်းနေကြခြင်း ဖြစ်သည်။ အစိုးရ၏ လက်ရှိမဟာဗျူဟာမှာ ရည်မှန်းချက်ကြီးပြီး အချို့က မဖြစ်နိုင်ဟု ဆိုကြလိမ့်မည်ဖြစ်သည်။

“သမ္မတကြီးက အဆင့်သုံးဆင့်ပါတဲ့ လမ်းပြမြေပုံကို ချမှတ်ထားပါတယ်၊ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက်ပါ၊ ဒုတိယအဆင့်က နိုင်ငံရေးအရဆွေးနွေးဖို့ပါ၊ တတိယအဆင့်ကတော့ တိုင်းရင်းသားအုပ်စုအားလုံးနှင့် အမျိုးသားတွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဒီအစဉ်အစီကို ဒီလွှတ်တော်သက်တမ်းအတွင်း၂၀၁၅ မတိုင်မှီ ပြီးချင်တာ”ဟုဆိုသည်။

အဆိုပါ အမျိုးသားတွေ့ဆုံဆွေးနွေးမှုကို “ပင်လုံII” ဟုအမည်ဝှက်ပေးထားပြီး ပထမပင်လုံသဘောတူညီချက်ကို အစားထိုးရန်ဖြစ်သည်။

သို့သော် အချို့အုပ်စုများက ဆွေးနွေးရန်အဆိုပြုမှုနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီ ခဲ့ကြသော်လည်း၊ အချို့ပဋိပက္ခများမှာ အသစ်တစ်ဖန် ဖြစ်ပေါ်လာခဲ့သည်။ ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် တိုက်ပွဲများကြောင့် လူအများထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။

မြန်မာစစ်တပ်၏ လုပ်ဆောင်မှုအချို့သည် သမ္မတ၏ကန့်သတ်ထားသော အမိန့်ကို လိုက်နာခြင်းမရှိကြောင်း သက်သေဖြစ်သည်။

ဆွေးနွေးပွဲများတွင် အစိုးရကိုယ်စားလှယ်အဖွဲ့၏ တရားဝင်ပြောကြားချက်မှာ ကချင်တွင်ဖြစ်ပွားသော တိုက်ပွဲများမှာ ဝေးလံသောဒေသများသို့ ဆက်သွယ်ရေး အခက်အခဲကြောင့်ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပျက်သွားတတ်သည့် သဘောမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအလွန်ကာလများ သမိုင်းတွင် မကြာခဏဖြစ်တတ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ တိုင်းရင်းသားအုပ်စုများကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလိုချင်၊ မြန်မာစစ်တပ်ကလည်း ဗဟိုဦးစီးစနစ်ကိုသာ အားကောင်းစွာချမှတ်ထားရာ အခြေခံ သဘောထားမတူမှုမှာ တစိတ်တပိုင်းဖြစ်သည်။

သို့သော်သမ္မတ ဦးသိန်းစိန်၏ အရပ်သားအစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးများကို လျှင်မြန်သောနှုန်းဖြင့် လုပ်ဆောင်လျက်ရှိရာ အကောင်းမြင်မှု ရေချိန်မြင့်တတ်လာပြီ ဖြစ်သည်။

“ညှိရမှာ တကယ့်ကိုခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အုပ်စုအမျိုးမျိုးက တောင်းဆိုမှုတွေက တစ်ယောက်တစ်မျိုးနဲ့ ဆိုတော့ ခက်ပါတယ်”ဟု David Mathieson ကပြောသည်။

“အုပ်စုတွေ အင်အားနဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကလည်း ခြားနားချက်တွေရှိနေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမှာတော့ မဟုတ်သေးပါဘူး” ဟု၎င်းကပြောသည်။

                                                        ***************************

တရုတ်ပြည်၏ စိန်ခေါ်မှုကို ကောင်တာလုပ်ကြည့်ခြင်း

(Hindustan Times မှ 27 May 2012 ရက်စွဲပါ Countering Chinese challenge ကိုဘာသာပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံအပေါ်လွန်စွာသြဇာလွှမ်းမိုးသော အိမ်နီးချင်းနိုင်ငံဖြစ်သလို မြန်မာ့အရေးနှင့်ပတ်သက်၍ ဆတ်ဆတ်ထိ မခံနိုင်ဆုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မြန်မာပြည်၌ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အတွင်း တရုတ်နိုင်ငံကလွဲ၍ မည်သည့်နိုင်ငံကမျှ မြန်မာ့စီးပွားရေးတွင် နက်နက်နဲနဲ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းမရှိပေ။ ဤသို့သော အနေအထားက အိန္ဒိယနိုင်ငံအတွက် အတိုင်းအတာတစ်ခုအထိ စိန်ခေါ်မှုတစ်ရပ်သဖွယ်ဖြစ်ခဲ့ကြောင်း မြန်မာအစိုးရအရာရှိကြီးတစ်ဦးက ပြောကြားပြီး တရုတ်ပြည်သည် မြန်မာ့ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို တစ်ကြိမ်တည်းနှင့် ဖျက်ဆီးပစ်နိုင်သော ပြည်ပမှ ပလေယာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု သတ်မှတ်ပြောဆိုသည်။

တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုမှာ ပထဝီနိုင်ငံရေး ဖြစ်သည်။ မြန်မာ့အရေးအတွက် စိတ်သောကရောက်နေသည့် အချက်မှာ မြန်မာသည် အမေရိကန်ပြည်ထောင်စုဘက်သို့ အလေးသာသွားပြီး တရုတ်တောင်ပိုင်းဒေသအတွက် ပြဿနာများ ဖန်တီးနိုင်သော ဒီမိုကရေစီနိုင်ငံ ဖြစ်လာမည့်အရေးပင် ဖြစ်သည်။

သို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့အရေးကိစ္စတွင်များစွာ ပါဝင်ပတ်သက်မှုမပြုလုပ်ရန် ဝါရှင်တန်အား နယူးဒေလီက သတိပေးပြောဆိုခဲ့သည်။ သို့သော် တရုတ်နိုင်ငံက ဝါရှင်တန်၏ ပြုမူလှုပ်ရှားမှုများအပေါ် အမြဲတစေပင် သံသယဝင်ခဲ့ပုံရသည်။ အမေရိကန် အစိုးရအရာရှိကြီးများကလည်း"ကျွန်တော်တို့ဘယ်ကိုပဲသွားသွား မြန်မာတွေအားလုံးက ကျွန်တော်တို့နဲ့ ကြီးမားတဲ့စေ့စပ်ညှိနှိုင်းမှုတွေ ယူချင်နေကြတာကို တွေ့ရတယ်"ဟု ပြောဆိုသည်။

သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် သမ္မတတိန့်ရှောင်ဖိန် လက်ထက်ကစ၍ မြန်မာနိုင်ငံသို့ဝင်ရောက်ကာ စီးပွားရေးလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် လစ်ဟာသွားသည့် စီးပွားရေးနယ်ပယ်များသို့ ဝင်ရောက်ရန် ဦးတည်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်မှစ၍ တရုတ်ပိုင်လုပ်ငန်းများ ရှမ်းပြည်နယ်နှင့် မြန်မာအရှေ့ပိုင်းနယ်စပ်ဒေသသို့ ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြသည်။ အထူးသဖြင့် မန္တလေးမြို့နှင့် အထက်မြန်မာပြည် မြိတ်မြို့ကြီးများတွင် တရုတ်စီးပွားရေး လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် နေရာရလာသည်ကို တွေ့မြင်လာရသည်။

အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော ဒီမိုကရေစီနိုင်ငံများက မြန်မာပြည်တွင်း စီးပွားရေးအရ မည်သို့မည်ပုံ အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဟူသောအချက်ကို အလွတ်သဘောမျိုးဖြင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ အိန္ဒိယ-မြန်မာ-ဗီယက်နမ် သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကဲ့သို့သော အခြေခံအဆောက်အဦး စီမံကိန်းကြီးများသည်လည်း ပူးတွဲလုပ်ကိုင်နိုင်ရေးအတွက် စိတ်ကူးတစ်ခုပင် ဖြစ်သည်။

တရုတ်တို့ကမူ ယခုနှစ်များအတွင်း မြန်မာစစ်တပ်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ပြီး မြန်မာပြည်သို့ ဝင်ရောက်လိုသော အခြားရင်းနှီးမြှုပ်နှံသူနိုင်ငံများကို အကူအညီပေးမှု မပြုခဲ့ပေ။ "မြန်မာအစိုးရက ဒေါ်လာ ၃ဒဿမ ၆ ဘီလီယံတန် တရုတ်ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပစ်လိုက်တဲ့ကိစ္စကို မြန်မာတွေက အောင်မြင်မှုတစ်ခုလို့ ရှုမြင်ခံစားခဲ့ကြတယ်"ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ DavidMethieson ကပြောကြားသည်။

အသေးစား တောင်းဆိုမှုများအတွက် လိုက်လျောပေးမှုများ ရှိလာချိန်တွင် မြန်မာစစ်တပ်အတွင်း တရုတ်ဆန့်ကျင်လိုစိတ်ရှိသူများ ကြီးထွားလာသည်ဟူသော သတင်းပေးပို့ချက်များလည်း ထွက်ပေါ်လာသည်။ တရုတ်တို့က ၎င်းတို့၏ အလုပ်သမားများကို မြန်မာပြည်သို့ ခေါ်ယူလာသည့်ကိစ္စမှာ မြန်မာတို့အတွက် မကျေနပ်စရာ အရေးကိစ္စတစ်ခုဖြစ်ကြောင်း Mizzima သတင်းဌာနမှ သင်းသင်းအောင်က ဆိုသည်။

“တရုတ်စီမံကိန်းကြီးတွေက မြန်မာတွေကို အလုပ်အကိုင် ဖန်တီးမပေးနိုင်ပါဘူး”ပာု ၎င်းကဆိုသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ပုဂ္ဂိုလ်များအပေါ် တရုတ်နိုင်ငံက ထောက်ပံ့မှု အနည်းငယ်မျှသာ ပေးထားသည်။ တရုတ်နိုင်ငံသည် မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးနိုင်မည့် အခြားသော ရင်းမြစ်များကိုလည်း ရှာဖွေထားကြောင်း စုံစမ်းသိရှိရသည်။ ယခင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး RajivBhatia က တရုတ်အစိုးရတွင် ပစ်မှတ်သုံးခုရှိသည်ဟု ဆိုသည်။ ပထမပစ်မှတ်မှာ မြန်မာစစ်တပ်၏ ခေါင်းဆောင်ပိုင်းများဖြစ်ပြီး ဒုတိယပစ်မှတ်မှာ စစ်တပ်၏ နိုင်ငံရေးအဖွဲ့ခွဲဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်သည်။ တတိယပစ်မှတ်မှာ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခင်အောင်မြင့်နှင့် သူရဦးရွှေမန်းတို့ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တရုတ်နိုင်ငံသို့ မှန်ကန်သော အချက်ပြမှုပေးရန် အလွန်အမင်း ဂရုတစိုက် လုပ်ဆောင်လျက် ရှိသည်။ ရပ်ဆိုင်းလိုက်သော မြစ်ဆုံစီမံကိန်းကြီးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ထင်မြင်ယူဆချက်ကို မေးမြန်းရာတွင်“တရုတ်နိုင်ငံကို အပြစ်မတင်သင့်ပါဘူး။ အဲဒီစီမံကိန်း စတင်ဖို့ ပထမပိုင်းမှာ သဘောတူညီခဲ့ကြတဲ့ မြန်မာခေါင်းဆောင်တွေမှာ တာဝန်ပိုရှိပါတယ်”ဟု ဆိုသည်။

သူမ၏ သုံးသပ်ပြောဆိုချက်နှင့် ပတ်သက်၍ “တရုတ်ပြည်ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး၊ တရုတ်ပြည်အနေနဲ့ သူမနဲ့ အပေးအယူ လုပ်လို့ရတယ်ဆိုတဲ့ အချက်က ပေါ်လွင်နေတယ်”ဟု Mathieson ကပြောကြားသည်။ လက်တွေ့ကျသည့် သုံးသပ်ချက်ဟုပင် ဆိုရမည်။ အကြောင်းမှာ မြန်မာတို့အနေဖြင့် မြောက်ပိုင်းဆီမှ အိမ်နီးချင်း တရုတ်ပြည် မရှိဘဲနေထိုင်၍ မရနိုင်ဟူသော အချက်ကို ကောင်းစွာ သိရှိထားခြင်းကြောင့် ဖြစ်သည်။“တရုတ်တွေ တံတွေးထွေးရင် မြန်မာတွေ ရေကူးကြရလိမ့်မယ်”ဟူသည့် စကားပုံလည်း ရှိသည်။

        ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment